backup og meta

လူကြီးတွေစားသမျှ ကလေးကိုမခွံ့သင့်တဲ့ အကြောင်းရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီးတွေစားသမျှ ကလေးကိုမခွံ့သင့်တဲ့ အကြောင်းရင်း

    ကလေးတစ်ယောက်ကို ကျန်းမာစွာနဲ့ ကြီးထွားဖွံ့ဖြိုးလာစေဖို့၊ ဉာဏ်ရည်ထက်မြက်ဖို့ အာဟာရဓာတ်တွေ ပြည့်ဝအောင် ကျွေးမွေးစောင့်ရှောက်ရမယ်လို့ သိထားကြပါတယ်။ ဒါ့ကြောင့် မမွေးခင် ကိုယ်ဝန်နဲ့ကတည်းက မိခင်တွေမှာ အားဆေးတွေသောက်ရ၊ အစားစုံအောင် စားရနဲ့ သတိထားနေထိုင်ခဲ့ကြသလို မွေးလာတဲ့အခါမှာလည်း အစာအာဟာရပြည့်ဝအောင် မိခင်နို့အတွက် အာဟာရပြည့်အောင်စားရတယ်၊ နို့မှုန့်အတွက်ဆို အာဟာရဓာတ်တွေပြည့်ဝတဲ့အမျိုးအစားကိုရွေးချယ်ကြတယ်။

    ဒါပေမယ့် စားစရာဆိုလို့ နို့ရည်သာသောက်သုံးဖူးတဲ့ ကလေးလေးတွေအမြင်မှာ လူကြီးတွေစားသမျှ အထူးအဆန်းတွေပါပဲ။ ခြောက်လကျော်လို့ အစာအမာစကျွေးတဲ့အခါ စူးစမ်းတတ်တဲ့အရွယ်ရောက်လာပြီ၊ သွားလေးတွေ တစ်ချောင်းစ နှစ်ချောင်းစပေါက်လာပြီ၊ တွေ့ကရာပါးစပ်ထဲကောက်ထည့်တတ်လာပြီ။ လူကြီးတွေကလည်း ကလေးကို အစုံစားတတ်အောင်၊ အာဟာရဓာတ်တွေအစုံရအောင် ဆိုပြီး ဟိုတစ်တို့ ဒီတစ်တို့ ပါးစပ်ထဲခွံ့ကြပါတော့တယ်။ ဥပမာ မိဘတွေထမင်းစားရင် လာမျှော်ကြည့်တဲ့အခါ၊ ဟိုဆွဲဒီဆွဲလာရှုပ်တဲ့အခါငြိမ်အောင်လို့ ကြက်ဥလေးကျွေးလိုက်တာမျိုး၊ အသီးစားရင်သေးသေးလေးဖဲ့ကျွေးတာမျိုး၊ကော်ဖီနည်းနည်းတိုက်လိုက်တာမျိုး ရှိနိုင်ပါတယ်။

    ကိုယ်ကတော့ အရသာအသစ်တွေ မြည်းစမ်းနိုင်ဖို့ နည်းနည်းလေးကျွေးတာ ဘာမှမဖြစ်လောက်ဘူးထင်နေပေမယ့် အရာရာတိုင်းတော့မကောင်းပါဘူး။ ခပ်ပျော့ပျော့အစားအစာပဲဖြစ်ဖြစ်၊ ကလေးစားလို့ရအောင် ဝါးပြီး ချေပြီးကျွေးတာပဲဖြစ်ဖြစ် လူကြီးတွေစားသမျှအစားအသောက်တိုင်းက ကလေးအတွက်ဘေးမကင်းနိုင်ပါဘူး။ တချို့အစားအသောက်တွေက ဖွံ့ဖြိုးဆဲဖြစ်တဲ့ကလေးတွေရဲ့အစာခြေစနစ်အတွက် အကျိုးသက်ရောက်မှုမကောင်းသလို တခြားဘေးဥပါဒ်တွေလည်းရှိနိုင်လို့ပါပဲ။ လူကြီးတွေစားသုံးတဲ့ အစားအစာတွေထဲက ကလေးတွေကို မကျွေးသင့်တဲ့အစားအစာနဲ့ အကြောင်းရင်းတချို့ကိုလေ့လာပြီး သတိထားပေးသင့်ပါတယ်။

    ကလေးတွေကို မကျွေးသင့်တဲ့အစားအစာများ

    ပျားရည်

    ပျားရည်က အရသာချိုချိုလေးဆိုပေမယ့် တစ်နှစ်အောက်ကလေးတွေကို မကျွေးသင့်တဲ့အထဲမှာပါဝင်ပါတယ်။ အကြောင်းရင်းကတော့ ပျားရည်မှာ clostridium botulinumလို့ခေါ်တဲ့ အန္တရာယ်ရှိဘက်တီးရီးယားတစ်မျိုးပါရှိနေနိုင်လို့ပါ။ အဲဒီပိုးကြောင့် အစာအဆိပ်သင့်ခြင်း၊ ကြွက်သားမလှုပ်ရှားနိုင်တဲ့muscle paralysis နဲ့ တခြားပြင်းထန်တဲ့ရောဂါတွေဖြစ်စေနိုင်ပါတယ်။ ကလေးရဲ့ကိုယ်ခံအားစနစ်က ဒီလိုအခြေအနေမျိုးကိုခုခံနိုင်ဖို့ အပြည့်အဝမဖွံ့ဖြိုးသေးတဲ့အတွက် ပျားရည်မကျွေးတာကပဲဘေးအကင်းဆုံးဖြစ်ပါလိမ့်မယ်။

    နွားနို့နဲ့ ပဲနို့

    ကလေးအသက် ၆လမပြည့်ခင်အထိတော့ မိခင်နို့ တစ်မျိုးတည်းသာတိုက်သင့်ပြီး ၆ လကျော် ကနေ တစ်နှစ်အတွင်းမှာတော့ မိခင်နို့ သို့မဟုတ် နို့မှုန့်ကလွဲပြီး နွားနို့နဲ့ပဲနို့တွေမတိုက်သင့်ပါဘူး။ အားရှိအောင်ဆိုပြီး ကလေးကိုပါ နည်းနည်းတိုက်တဲ့အခါ အဲဒီနို့တွေမှာပါတဲ့ ပရိုတင်းတွေကို နုနယ်တဲ့ ကလေးရဲ့အစာအိမ်ကချေဖျက်ဖို့ခက်ခဲပါလိမ့်မယ်။ နွားနို့မှာပါတဲ့ သတ္တုဓာတ်တွေကြောင့်လည်း ကလေးရဲ့ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။

    အသင့်အမြန်စား အစားအစာတွေ

    ဘာဂါ၊ ပီဇာ၊နဲ့ ဆီကြော်အစားအစာတွေဟာ အငန်ဓာတ်နဲ့ အချိုဓာတ်တွေကဲတဲ့အပြင် ပြည့်ဝဆီတွေအများကြီးပါဝင်မှာကို ပြောဖို့တောင်မလိုလောက်ပါဘူး။ အပြင်စာတွေမှာ အချိုမှုန့်တွေလည်းများတတ်တာကြောင့် ကလေးနဲ့မသင့်တော်ပါဘူး။ ကလေးကိုကျွေးဖို့ဆို ပါဝင်ပစ္စည်းတွေကို ထိန်းညှိပြင်ဆင်ပြီး အိမ်မှာ ကိုယ်တိုင်လုပ်ကျွေးတာ အကောင်းဆုံးပါပဲ။

    ကြက်ဥအကာ

    ကြက်ဥအကာက ပရိုတင်းဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အာဟာရဓာတ်စာတစ်ခုဖြစ်ပေမယ့် ကလေးတွေအတွက် သိပ်မသင့်တော်ပါဘူးတဲ့။ ငယ်လွန်းတဲ့အရွယ်မှာ ကြက်ဥစကျွေးရင်းနဲ့ ဓာတ်မတည့်မှုဖြစ်လာနိုင်ပါတယ်။ ကလေးကို ထမင်းစကျွေးတဲ့အခါတော့ ကြက်ဥအနှစ်ကို ကျွေးလို့ ဘေးကင်းတယ်ဆိုပေမယ့် ပျို့အန်တာ၊ ဝမ်းလျှောတာ၊ အနီစက်တွေထွက်တာလိုမျိုး ဓာတ်မတည့်မှု လက္ခဏာတွေရှိမရှိကို တစ်ချက်စောင့်ကြည့်ပေးပါ။

    အချိုရည်

    အချိုရည်ဘူးတွေမှာပါတဲ့ acidity က ကလေးရဲ့ ပေါက်ခါစသွားလေးတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အချိုဓာတ်နဲ့ သကြားအတုတွေ ပါဝင်မှုများတာကြောင့် အဲဒါတွေက ကလေးတွေရဲ့ခန္ဓာကိုယ်ထဲမှာ စုလာပြီး ခဏခဏလန့်နိုးတာ၊ ဂနာမငြိမ်တာ၊ စိတ်ဆတ်တာတွေဖြစ်လာစေနိုင်တယ်။ အဲဒီအချိုရည်တွေမှာ ကလေးအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေလည်း မပါဝင်ပါဘူး။

    ဘယ်ရီသီးတွေနဲ့ အချဉ်သီးများ

    စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီနဲ့ ဘလက်ဘယ်ရီတွေမှာ ကလေးတွေအတွက် အစာကြေဖို့ခက်ခဲတဲ့ ပရိုတင်းတစ်မျိုးပါဝင်ပါတယ်။ လိမ္မော်သီးနဲ့စပျစ်သီးတို့လို အသီးတွေမှာလည်း အက်စစ်ဓာတ်များလို့ ကလေးတွေမှာ ဗိုက်အောင့်တာ၊လေချဉ်ပြန်တက်တာတွေဖြစ်စေနိုင်ပါတယ်။ အသီးဖျော်ရည်တွေလည်း အသက်တစ်နှစ်မပြည့်ခင် မတိုက်ကျွေးသင့်ပါဘူး။

    စေးကပ်တဲ့အစားအစာ

    ဂျယ်လီ သို့မဟုတ် ဝါးစားလို့ရတဲ့သကြားလုံးတွေ၊ အသီးခြောက်နဲ့ marshmallowတွေလိုမျိုး ပျော့ပြီး စေးကပ်တဲ့စားစရာတွေက ကလေးရဲ့လည်ချောင်းမှာတစ်ဆို့နေနိုင်ပါတယ်။

    အာလူးကြော်

    ကိုယ်က အာလူးကြော်စားတဲ့အခါ ကလေးကျေနပ်အောင် လက်ထဲပေးထားတာ တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ သုံးခုဖြစ်သွားခဲ့ရင် ရင်ပြည့်စေနိုင်ပါတယ်။ အာလူးကြော်မှာ ပြည့်ဝဆီပါဝင်မှုမြင့်မားတာကြောင့် ရင်ပြည့်ပြီး တကယ်တမ်း အာဟာရဖြစ်စေမယ့် အစားအသောက်တွေ မစားနိုင်တော့ဘဲနေပါလိမ့်မယ်။

    ကော်ဖီနဲ့ လက်ဖက်ရည်

    ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေက ကလေးအတွက် မသင့်တော်ပါဘူး။ ကော်ဖီနဲ့လက်ဖက်ရည်မှာပါတဲ့ tannin ဓာတ်က အစားအစာထဲမှာပါတဲ့ သံဓာတ်ကို ခန္ဓာကိုယ်ရဲ့စုပ်ယူနိုင်စွမ်းလျော့နည်းစေနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement