backup og meta

ကလေးများ သွားကြိတ် ရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများ သွားကြိတ် ရင်

    ကလေး တစ်ယောက် အိပ်နေပြီဆိုရင် အိပ်နေရင်း တစ်ချက်တစ်ချက် ထထယောင်တာကိုလည်း ကြားနိုင်တယ်။ တစ်ခါတစ်လေ အသက်ပြင်းပြင်းရှူတာမျိုးလည်း ရှိနိုင်တယ်။ တစ်ခါတစ်ခါ တကျွိကျွိနဲ့ ကလေးများ သွားကြိတ် တာမျိုးလည်း ရှိနိုင်ပါတယ်။ သွားကြိတ်တာကို ဆေးပညာအရ bruxismလို့ ခေါ်ပါတယ်။ ကလေးကစလို့ လူကြီးအထိ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကလေးမှာ ဖြစ်ရင်တော့ မိဘတွေအနေနဲ့ ပိုပြီး စိတ်ပူကြမှာပေါ့။ ကလေးတွေ ဘာလို့ သွားကြိတ်တာလဲ။ ဘာတွေ ထိခိုက်နိုင်သလဲ။ ဘယ်လိုကာကွယ်ပေးမလဲဆိုတာ ဆက်ကြည့်ကြရအောင်။

    ကလေး ၁၀ယောက်မှာ ၂ယောက် ၃ယောက်လောက်က သွားကြိတ် တတ်ကြတာ သဘာဝပါ။ ဒါပေမယ့် ကောင်းတာတစ်ခုက အရွယ်ရောက်ရင် အလိုလို ပျောက်သွားကြတာပါပဲ။ ကလေးတွေက အိပ်နေတဲ့ အချိန် ဒါမှမဟုတ် စိတ်ဖိစီးတဲ့အချိန်ဆို သွားကြိတ်တတ်ကြပါတယ်။

    ကလေးတွေ ဘာလို့ သွားကြိတ် တာလဲ။

    သွားကြိတ် ရတဲ့ အကြောင်းကို ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။ တချို့ကလေးတွေက အပေါ်သွားနဲ့ အောက်သွား မညီလို့ သွားကြိတ်တတ်ကြပါတယ်။ တချို့တွေကျတော့ သွားပေါက်ခါနီးလို့ သွားယားပြီး သွားကြိတ်တတ်ကြသလို တချို့ကလည်း နားကိုက်လို့ ပြေရာပြေကြောင်း အနေနဲ့ သွားကြိတ်တတ်ကြပါတယ်။

    စိတ်ဖိစီးမှုကလည်း နောက်ထပ်အကြောင်းရင်း တစ်ခုပါပဲ။ ဥပမာ ကလေးက စာမေးပွဲကို ကောင်းကောင်း မဖြေနိုင်ဘူးဆိုရင်ပဲ ဖြစ်ဖြစ် စိုးရိမ်စိတ်များပြီး သွားကြိတ်တတ်ပါတယ်။ မောင်နှမအချင်းချင်း ရန်ဖြစ်တာ၊ မိဘတွေ ရန်ဖြစ်တာကြောင့်လည်း စိတ်ဖိစီးပြီး သွားကြိတ်တတ်ပါသေးတယ်။

    အတက်ကြွလွန်တဲ့ ကလေးတွေ၊ cerebral palsyလိုမျိုး ရောဂါရှိတဲ့ကလေးတွေ၊ ဆေးတွေ သောက်နေရတဲ့ ကလေးတွေလည်း သွားကြိတ်တဲ့အကျင့်ရှိနိုင်ပါတယ်။

    သွားကြိတ်တာကြောင့် ဘာတွေ ဖြစ်လာနိုင်သလဲ။

    များသောအားဖြင့်တော့ အန္တရာယ်မရှိပါဘူး။ တချို့တွေကတော့ ခေါင်းကိုက်တာ၊ နားကိုက်တာတွေ ဖြစ်တတ်ပါတယ်။ ကလေးကိုယ်တိုင်ထက်စာရင် သွားကြိတ်သံကြားရတဲ့ မိသားစုဝင်တွေက ပိုပြီး အနှောင့်အယှက်ဖြစ်တယ်လို့ ခံစားရပါတယ်။

    ညဘက်မှာ သွားကြိတ် တဲ့ကလေးတွေကျတော့ ကြာလာတဲ့အခါ သွားကြွေလွှာတွေ ပျက်စီးတာ၊ သွားတွေ ပဲ့တာ၊ မျက်နှာတွေ နာတာ၊ မေးရိုးတွေ ထိခိုက်တာတွေ ဖြစ်လာတတ်ပါတယ်။

    ဘယ်အရွယ်ထိ သွားကြိတ်နေမှာလဲ။

    ကလေးတော်တော်များများက ငယ်သွားလဲရင် သွားကြိတ်တာရပ်သွားပါတယ်။ တချို့ကလေးတွေလောက်ပဲ ကြီးကောင်ဝင်တဲ့အထိ သွားကြိတ်တာပါ။ စိတ်ဖိစီးမှုကြောင့် သွားကြိတ်တတ်တဲ့ ကလေးတွေက စိတ်ဖိစီးမှု သက်သာမှ သွားကြိတ်တာ ရပ်သွားပါတယ်။

    သွားကြိတ်တတ်တဲ့ ကလေးကို ဘယ်လိုကူညီမလဲ။

  • အိပ်ရာမဝင်ခင် စိတ်ဖိစီးမှု ဖြေလျော့ပေးပါ။ (သီချင်းနားထောင်တာ ဖြစ်ဖြစ်၊ စာဖတ်ပြတာဖြစ်ဖြစ်)
  • အိပ်ရာမဝင်ခင် အကြောလျှော့ပေးပါ။
  • မအိပ်ခင် ရေသောက်ခိုင်းပါ။
  • ကလေး မေးရိုးနားကို ရေနွေးဝတ်လေး ကပ်ပေးပါ။
  • ကလေးကို ခဲတံနောက်က ခဲဖျက်တွေ ဝါးတာ၊ ဘောပင်အဖုံးတွေ ကိုက်တာမျိုး ပေးမလုပ်ပါနဲ့။
  • ပီကေ ပေးမဝါးပါနဲ့။
  • သွားဆရာဝန်နဲ့ ပုံမှန်ပြသပြီး သွားတွေ ပျက်စီးနေပြီလားဆိုတာ စစ်ဆေးပါ။ လိုအပ်ရင် သွားအစွပ်တပ်ခိုင်းပါလိမ့်မယ်။
  • စိတိဖိစီးမှုကြောင့် ယူဆရင် ကလေးနဲ့ ကောင်းကောင်း ပြောဆိုပြီး သက်သာအောင် လုပ်ပေးပါ။
  • သွားကြိတ် တာကို မဖြစ်အောင် ကာကွယ်လို့ရလား။

    ကလေးများ သွားကြိတ် တာဟာ ကလေးရဲ့ ဖွံ့ဖြိုးမှု အစိတ်အပိုင်း တစ်ခုဖြစ်တဲ့အတွက် ကာကွယ်လို့ မရပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုကြောင့် သွားကြိတ်တာ မဖြစ်အောင်လို့ ကာကွယ်လို့ ရပါတယ်။ ကလေးနဲ့ အမြဲ စကားပြောဆိုပြီး ရင်းနှီးအောင် နေပါ။ သူတို့ စိတ်ထဲမှာ ခံစားနေရတာတွေကို နားလည်ပေးပါ။ သွားဆရာဝန်နဲ့ ပုံမှန်ပြသပြီးတော့လည်း သွားတွေ ပျက်စီးနေလားဆိုတာကို စစ်ဆေးပါ။

    # ကျန်းမာပျော်ရွှင်တဲ့ သားသားမီးမီးလေးတွေ ဖြစ်စေနိုင်ဖို့

    https://www.youtube.com/watch?v=Y9LXsRTVoqU&list=PLeLbRXZjaOG7evIqjobbbEyU3DhSKXypK

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement