ဘာတွေကြောင့် သွားပိုးစားတာလဲ
သွားပိုးစားတယ်၊သွားပျက်စီးတယ်ဆိုတာ အဓိကတော့ သွားချေးတွေကြောင့်ပေါ့။ သွားကြားထဲမှာ သွားချေးတွေတက်မယ်၊ အစားအသောက်တွေရဲ့ အကြွင်းအကျန်တွေနဲ့ပေါင်း၊ ဘက်တီးရီးယားတွေပေါက်ဖွား၊ လှိုက်စားတော့တာပဲ။ ဒါပေမယ့် သွားပိုးစား၊ သွားပျက်စီးဖို့ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေကို စုစည်းပြောပြရရင်တော့ –
- သွားရဲ့နေရာ – သွားပိုးစားတာက ကလေးတွေဆို ရှေ့သွားမှာအဖြစ်များပေမယ့် (ကလေးတွေမှာ အံသွားမှသိပ်မဖွံ့ဖြိုးသေးတာ) လူကြီးတွေမှာတော့ အနောက်ဘက်ရောက်တဲ့ အံသွားတွေမှာ ဖြစ်တတ်ပါတယ်။ အံသွားတွေမှာက အချိုင့်အခွက်၊ အတွန့်တွေအများကြီးရှိသလို သွားပွတ်တံတိုက်လို့ မလွယ်နိုင်တဲ့ ကြိုကြိုကြားကြားနေရာတွေမှာ အစာအကြွင်းအကျန်တွေ ကပ်တွယ်ခိုအောင်းဖို့လွယ်တာပေါ့။
- အစားအသောက် –နွားနို့၊ရေခဲမုန့်၊ပျားရည်၊ သကြား၊ သစ်သီးယို၊ ကိတ်မုန့်၊ ကွတ်ကီး၊ အာလူးကြော် စတဲ့ အစားအစာတွေက သွားကြားမှာ ကပ်ငြိတာကြာလာရင် သွားပျက်စီးနိင်ခြေပိုများပါတယ်။
- သွားသေချာမတိုက်ခြင်း – သွားကို တိုက်တော့တိုက်ပေမယ့် သွားတိုက်နည်းမမှန်တာ၊ ဒါမှမဟုတ် လုံလောက်တဲ့အချိန်မပေးတာဆိုလည်း မတိုက်တာနဲ့သိပ်တော့မထူးပါဘူး။ သွားတိုက်ဆေးေရဖျော်ပြီး ပလုပ်ကျင်းသလိုပဲ ဖြစ်နေတော့မှာ။ သွားမှန်မှန်မတိုက်ရင်လည်း သွားချေးတွေမြန်မြန်ဖြစ်လာပြီး စတင်ပျက်စီးလာပါလိမ့်မယ်။
- သွားပွတ်တံအရည်အသွေးမကောင်းခြင်း – အရည်အသွေးမကောင်းတဲ့သွားပွတ်တံတွေသုံးမိရင်လည်း တိုက်သာတိုက်ရတာ ဟိုကျန်ဒီကျန်နဲ့ပြောင်စင်မှာလည်းမဟုတ်ပါဘူး။ ကြိုကြိုကြားကြား အကုန်ရှင်းလင်းနိုင်ဖို့နဲ့ အံသွားတွေအထိရောက်နိုင်မယ့်ပျော့ပျောင်းတဲ့သွားပွတ်တံဖြစ်သင့်ပါတယ်။ သွားပွတ်တံဖြစ်ရင်ပြီးရော၊ရှေ့သွားတွေဖြူရင်ပြီးရောတွေ့ရာသွားပွတ်တံတွေ ဝယ်မသုံးပါနဲ့။ အရည်အသွေးစိတ်ချရတဲ့ အမှတ်တံဆိပ်ကို သေချာရွေးဝယ်သုံးပါ။သုံးလတစ်ကြိမ်အသစ်လဲပါ။
- သရေစာ တစွတ်စွတ်စားခြင်း၊ အချိုရည်ခဏခဏသောက်ခြင်း – အချိုများတဲ့သောက်စရာတွေကို ပိုက်နဲ့စုပ်သောက်တာများရင် သွားကြွေလွှာကို အက်စစ်နဲ့ဆေးနေသလိုဖြစ်စေနိုင်တယ်၊ ခံတွင်းကဘက်တီးရီးယားတွေကို အားပေးသလိုဖြစ်ပြီး သွားပိုးစားစေနိုင်တယ်။
- အိပ်ချိန်အစားအသောက် – ကလေးရော၊ လူကြီးရော ညအိပ်ခါနီးမှ ဒါမှမဟုတ် တရေးနိုး အစားစားတတ်တာက သွားကို ထိခိုက်စေနိုင်တယ်။ မနက်နဲ့ည သွားကိုတစ်နေ့နှစ်ကြိမ်တိုက်ဖို့ အကြံပြုထားပေမယ့် သွားတိုက်ပြီးမှ အိပ်ခါနီးတစ်ခုခုစားတာ၊ တရေးနိုး ညလယ်စာစားတာ အကျင့်ရှိတယ်ဆိုရင် သွားပိုးစားမယ့်လမ်းပါပဲ။
- ဖလိုရိုက် မလုံလောက်ခြင်း – ဖလိုရိုက် (Fluoride)ဟာ သွားပိုးပေါက်တွေမဖြစ်အောင်ကာကွယ်ပေးတဲ့အပြင် သွားပျက်စီးမှုအစပျိုးနေချိန်မှာတောင် အချိန်မီကုစားပေးနိုင်တဲ့ဓါတ်ဖြစ်ပါတယ်။ သွားကျန်းမာရေးအတွက်ကောင်းတဲ့ သူ့ရဲ့အကျိုးကျေးဇူးတွေကြောင့် သွားတိုက်ဆေးနဲ့ ခံတွင်းသန့်ဆေးရည်အတော်များများမှာ ပါဝင်လေ့ရှိပါတယ်။
- ခံတွင်းခြောက်သွေ့ခြင်း – ခံတွင်းခြောက်သွေ့တယ်ဆိုတာ တံတွေးမထွက်တာပါပဲ။ တံတွေးက သွားမှာကပ်ငြိနေတဲ့အစားအစာကျန်တွေနဲ့ သွားချေးတွေကို ဖယ်ရှားပေးပြီး သွားပိုးစားခြင်းကိုကာကွယ်ပေးပါတယ်။ တံတွေးမှာပါတဲ့ဓါတ်ပစ္စည်းတွေက ဘက်တီးရီးယားေကြာင့်ဖြစ်လာတဲ့ အက်စစ်ဓါတ်ကိုဖြေရှင်းပေးနိုင်ပါတယ်။ တချို့ဆေးဝါးတွေကြောင့် ၊ တချို့ရောဂါတွေကြောင့် ၊ ဦးခေါင်းနဲ့လည်ပင်းကိုဓါတ်ရောင်ခြည်သင့်တာကြောင့်၊ ဒါမှမဟုတ် ကင်ဆာဆေးတွေကြောင့် ခံတွင်းခြောက်သွေ့စေနိုင်ပြီး သွားပျက်စီးစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။