အမျိုးသမီးတွေမှာလည်း ကျားဟော်မုန်းနည်းလာတဲ့အခါ လိင်စိတ်ဆန္ဒနည်းလာခြင်း၊ သန္ဓေမတည်နိုင်တော့ခြင်း၊ ရာသီစက်ဝန်း ကမောက်ကမဖြစ်ပြီး ရာသီလာချိန် စောခြင်း သို့မဟုတ် နောက်ကျခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကျားဟော်မုန်းများလွန်းတဲ့အခါမှာလည်း
• အသံက ယောက်ျားအသံကဲ့သို့ သြသြကြီးဖြစ်နေခြင်း
• မလိုအပ်ဘဲ အမွေးအမျှင်များထူနေခြင်း
• ကိုယ်လုံးကိုယ်ပေါက် ထွားလွန်းခြင်း
• ကိုယ်အလေးချိန်တက်လွယ်ခြင်း
• ဝက်ခြံ အလွန်အကျွံထွက်ခြင်း
• လိင်စိတ်ဆန္ဒနည်းလွန်းနေခြင်း
• ဆံပင်ကျွတ်ပြီးထိပ်ပြောင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
စိတ်ကျန်းမာရေး နောက်ဆက်တွဲဆိုးကျိုးအနေနဲ့
• အာရုံစူးစိုက်မရခြင်း
• ကိုယ်လုပ်နေတဲ့ အလုပ်ပေါ် စိတ်ပါဝင်စားမှုနည်းသွားခြင်း
• စိတ်ဓာတ်ကျခြင်း
• မှတ်ဉာဏ်မကောင်းတော့ခြင်း
• သတိမေ့လွယ်ခြင်း
• ညဘက်အိပ်မပျော်တော့တာ စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ကျားဟော်မုန်း ပုံမှန်မဟုတ်တဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။
အမျိုးသားတွေမှာ ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းပမာဏထက် နည်းလွန်းနေရင် ဆရာဝန်အနေနဲ့ လူနာရဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေးအခြေအနေ၊ နေထိုင်စားသောက်မှုပုံစံ၊ သောက်နေတဲ့ ဆေးဝါးတွေအကြောင်းကို အရင်ဆုံးစစ်ဆေးမှာဖြစ်ပါတယ်။ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ ကျားဟော်မုန်းအစားထိုးကုသနည်းတွေဖြစ်တဲ့ ဆေးရည်ကပ်ခွာ ကပ်ခြင်း၊ သွေးကြောထဲသို့ ဟော်မုန်းဆေးထိုးသွင်းခြင်း ကုထုံးတွေနဲ့ ကုသပေးမှာဖြစ်ပါတယ်။
အမျိုးသမီးတွေမှာတော့ ကျားဟော်မုန်းများခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်လာတဲ့ ပြဿနာကို အရင်ဆုံးစစ်ဆေးပြီး လိုအပ်တဲ့ လိမ်းဆေး၊ သောက်ဆေးတွေကို ပေးတတ်ပါတယ်။ တချို့သောအခြေအနေမှာတော့ ကျားဟော်မုန်းဆန့်ကျင်ကုထုံး (Anti-Androgen Therapy) ဖြင့် ကုသမှုခံယူဖို့အတွက်ကို လူနာနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကျားဟော်မုန်းပမာဏသည် ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်အားဖြည့်နေတာကြောင့် ကိုယ့်မှာဒီလိုပြဿနာတွေ ဖြစ်နေတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး စစ်ဆေးကြည့်ဖို့ အကြံပေးလိုက်ပါတယ်နော်။
အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။