ပုံမှန်အားဖြင့် အမျိုးသားတစ်ယောက်ရဲ့ ဝှေးစေ့က လိင်အင်္ဂါရဲ့ အောက်ဘက် ကပ္ပာယ်အိတ်အတွင်းမှာ ဘယ်၊ ညာ နှစ်ဘက်မှာ တည်ရှိပါတယ်။ မွေးကင်းစ သန္ဓေသားအရွယ်မှာတော့ ဝမ်းဗိုက်အတွင်းမှာ တည်ရှိနေပြီး သန္ဓေသားကြီးလာတာနဲ့အမျှ ဝှေးစေ့ က အောက်ကို ဆင်းလာပါတယ်။ အဲ့လိုဆင်းမလာဘဲ ဗိုက်ထဲမှာ ကျန်နေခဲ့ပြီး မွေးလာခဲ့တဲ့ ကလေးတွေမှာ ဝှေးစေ့ပါမလာတတ်ပါဘူး။ ဒီအခြေအနေကို Undescended Testicle – ဝမ်းဗိုက်ထဲ ဝှေးစေ့ ကျန်နေခဲ့ခြင်း (Cryptorchidism) လို့ ခေါ်ပါတယ်။
သူ့ဘာသာ ဝှေးစေ့ကပြန်ဆင်းလာတဲ့ ကလေးတွေလည်း ရှိသလို လုံးဝပြန်မကျလာလည်း ဖြစ်နိုင်ပါတယ်။ အများစုက တစ်လုံးက ဗိုက်ထဲမှာ ကျန်ပြီး တစ်လုံးက ကပ္ပာယ်အိတ်ထဲကို ဆင်းလာပါတယ်။
ဘယ်လိုအခြေအနေတွေကြောင့် ကလေးရဲ့ ဝှေးစေ့ ဝမ်းဗိုက်ထဲမှာ ကျန်နေခဲ့တာလဲ။
အကြောင်းရင်း အတိအကျကို လက်ရှိအခြေအနေ သေချာဖော်ထုတ်ထားခြင်း မရှိသေးပါဘူး။ များသောအားဖြင့် မျိုးရိုးဗီဇကြောင့်၊ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးနဲ့ အစာအာဟာရ ချို့ယွင်းမှု၊ ပတ်ဝန်းကျင်က ပိုးသတ်ဆေး၊ ဆေးလိပ်ငွေ့ အစရှိတဲ့ အဆိပ်သင့်စေတဲ့ ဓာတ်ငွေ့၊ အရည်တွေ ရှူရှိုက်မိခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
သတ်မှတ်ရက်ထက် စောမွေးတဲ့ ကလေးတွေရဲ့ ၃ပုံ ၁ပုံလောက်ဟာ ဝမ်းဗိုက်ထဲ ဝှေးစေ့ကျန်ခဲ့နိုင်ခြေ ရှိပါတယ်။ တချို့ကလေးတွေရဲ့ ပေါင်ခြံမှာ ရှိတဲ့ တစ်ရှူးအမျှင်တွေ၊ ကြွက်သားတွေ ချုံ့နိုင်၊ ဆန့်နိုင်ခြင်း မရှိတဲ့အတွက်လည်း ဝှေးစေ့က အောက်ကို မကျဘဲ အပေါ်မှာ တစ်သလို ဖြစ်နေနိုင်ပါတယ်။
ဒီအခြေအနေဟာ မျိုးအောင်နိုင်စွမ်းကို သက်ရောက်မှုရှိစေနိုင်လား။
အကယ်လို့သာ ဝမ်းဗိုက်ထဲ ဝှေးစေ့ ကျန်နေခဲ့ခြင်း ကိုခံစားနေရတဲ့ ကလေးတွေ ကုသမှုမခံယူဘဲ ဒီအတိုင်းကြီးလာမယ်ဆိုရင်တော့ အမျိုးသားတစ်ယောက်ရဲ့ မျိုးအောင်နိုင်စွမ်းကို အနည်းနဲ့အများ ထိခိုက်နိုင်ပါတယ်။
အကြောင်းရင်းကတော့ ကိုယ်ခန္ဓာထဲ ဝှေးစေ့ကျန်နေခဲ့တာကြောင့် ကိုယ်တွင်းအပူချိန်တွေဟာ ဝှေးစေ့ကို ရိုက်ခတ်နေပြီး အထဲမှာရှိနေတဲ့ သုက်ပိုးရဲ့ ကျန်းမာရေး၊ ကူးခတ်နိုင်စွမ်းကို ထိခိုက်စေကာ သုက်ပိုးတွေ သေစေနိုင်တာကြောင့်ပါပဲ။
ဒါပေမယ့် ဗိုက်ထဲမှာ ကျန်ခဲ့တာက ဝှေးစေ့တစ်လုံးပဲ ဖြစ်ပြီး နောက်တစ်လုံးက ကပ္ပာယ်အိတ်ထဲမှာ ပုံမှန်အတိုင်းပဲ ရှိနေမယ်ဆိုရင်တော့ ကလေးရနိုင်ပါတယ်။ ဝှေးစေ့တစ်လုံးတည်းရှိရုံနဲ့ ကလေးရနိုင်ပါသေးတယ်။
တခြားဘယ်လိုပြဿနာတွေ ဖြစ်စေနိုင်လဲ။
ဝမ်းဗိုက်ထဲ ဝှေးစေ့ကျန်နေတဲ့ အမျိုးသားတွေမှာ အူကျွံနိုင်ခြေ ပိုများပါတယ်။ အဓိက ဝှေးစေ့က ကိုယ်ခန္ဓာထဲ ကျန်နေခဲ့ခြင်းကြောင့် အစာအိမ်နံရံက ကျဉ်းမြောင်းအားနည်းသွားပြီး အထဲမှာရှိတဲ့ အူတွေကို သူ့လမ်းကြောင်းအတိုင်း အောက်သို့ ကျလာကာ အူကျွံခြင်းကို ဖြစ်စေပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ဝှေးစေ့ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။
ဒီပြဿနာရှိမရှိ ဘယ်လိုစစ်ဆေးမလဲ။
ကိုယ့်ရဲ့ ကလေးငယ်ပါမှာ ဝှေးစေ့ပါမလာဘူးဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ အကြောင်းရင်းမှန်ကို သေချာသိရအောင် ဓာတ်မှန်၊ အာထရာဆောင်းရိုက်ပြီး ကလေးရဲ့ ဝမ်းဗိုက်ထဲ ဝှေးစေ့ကျန်နေခြင်း ရှိမရှိကို စစ်ဆေးမှာပါ။
ပေါင်ခြံနဲ့ ကပ္ပာယ်အိတ်အတွင်း အဝင်အထွက်လုပ်လို့ရတဲ့ ဝှေးစေ့ (Retractile Testicle) ကတော့ အနည်းငယ် ဆင်တူနိုင်ပေမယ့် ကုသပုံခြင်း မတူပါဘူး။
ဘယ်လိုကုသနိုင်မလဲ။
ကလေးအရွယ်မှာတော့ အသက် ၆လမတိုင်ခင်အထိ သူ့အလိုလို ဝှေးစေ့က အောက်ကို ကျလာနိုင်ပါတယ်။ အသက် ၆လပြတဲ့ အချိန်မှာ ဆရာဝန်နဲ့ ပြန်ပြကြည့်ပြီး ဝှေးစေ့၂လုံးလုံး ပုံမှန်အနေအထားအတိုင်း ရှိမရှိကို စစ်ဆေးကြည့်နိုင်ပါတယ်။
အသက် ၁နှစ်ထိ ဝှေးစေ့က လုံးဝအောက်ကို မကျလာဘူးဆိုရင်တော့ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
အသက်ကြီးမှ သိတယ်ဆိုရင်တော့ ဝှေးစေ့ကို အောက်ရောက်အောင် ခွဲရမှာ မဟုတ်တော့ဘဲ ထုတ်ပစ်ရတော့မှာဖြစ်ပါတယ်။ အဲ့အချိန်ဆိုရင်တော့ ဝှေးစေ့က ကပ္ပာယ်အိတ်ထဲ ရောက်လာရင်တောင် သုက်ပိုးထုတ်လုပ်နိုင်ခြင်း၊ ကောင်းစွာ အလုပ်လုပ်နိုင်ခြင်း မရှိတော့တာကြောင့်ပါ။
ဒီကုသမှုတွေက အောက်ကို ဆင်းမလာတဲ့ ဝှေးစေ့အတွက်ပဲ လိုအပ်တာဖြစ်ပါတယ်။ ကပ္ပာအိတ်ထဲမှာ ပုံမှန်အတိုင်းရှိနေတဲ့ ဝှေးစေ့ကတော့ ပုံမှန်အတိုင်း အလုပ်လုပ်နေမှာပါ။
Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
[embed-health-tool-bmi]