backup og meta

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

    သွေးနွေးသတ္တဝါတွေထဲမှာ အမတွေသာမက တချို့အဖိုမျိုးစိတ်တွေပါ နို့တိုက်လို့ရတယ်ဆိုတာကို တော်တော်များများ သိကြမယ်လို့ ထင်ပါတယ်။ ဒါဆိုရင် လူဆိုတဲ့ သွေးနွေးသတ္တဝါတွေမှာ အမျိုးသားတွေဆိုရင်ရော ရင်သားကနေ နို့ထွက် နိုင်လား။ နို့ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို ဒီဆောင်းပါးမှာ ကျွန်တော်က ရှင်းပြပေးချင်ပါတယ်။

    နို့ဖြစ်ပေါ်လာရခြင်း မူလအစပထမ

    အယ်လ်ဗီယိုလိုင် (Alveoli) လို့ ခေါ်တဲ့ ရင်သားတစ်ရှူးရဲ့ သေးငယ်တဲ့ အခေါင်းပေါက်တွေထဲမှာ နို့ကို ထုတ်လုပ်ပေးပါတယ်။ ဒီလိုမျိုး နို့ကို ထုတ်လုပ်ပေးဖို့အတွက် အဓိက လှုံ့ဆော်ပေးတာကတော့ ပရိုလက်တင် (Prolactin) လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးပါပဲ။

    ဒီဟော်မုန်းဟာ ပီကျူထရီဂလန်း (Pituitary Gland) ကနေ အများဆုံး ထုတ်ပေးသလို အမျိုးသမီးတွေရဲ့ သားအိမ်နံရံ (Myometrium) နဲ့ အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်ကနေ ပမာဏအနည်းငယ် ထုတ်လုပ်ပေးနိုင်ပါတယ်။

    အမျိုးသားတွေရော၊ အမျိုးသမီးတွေရဲ့ ရင်သားမှာ အယ်လ်ဗီယိုလိုင် တစ်ရှူးတွေ ရှိတာမှန်ပေမယ့် ခန္ဓာကိုယ်ရဲ့ ပရိုလက်တင်ဟော်မုန်း ထုတ်လုပ်နိုင်တဲ့ ပမာဏကတော့ မတူပါဘူး။ ကိုယ်ဝန်ဆောင်နေခြင်းမရှိတဲ့ အမျိုးသမီးတစ်ဦးမှာ ကျန်းမာတဲ့ အမျိုးသားတစ်ဦးထက် ပရိုလက်တင်ဟော်မုန်း ပမာဏ ၃ ပုံ ၁ ပုံ ပိုများပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးမွေးပြီးနောက်ပိုင်းမှာ အမျိုးသမီးတစ်ဦးရဲ့ ပရိုလက်တင်ဟော်မုန်း ထုတ်လုပ်နိုင်မှု ပမာဏသည် အမြင့်ဆုံးဖြစ်တယ်လို့ သတ်မှတ်လို့ ရပြီး သာမန်အမျိုးသားထက် ၁၀ ဆခန့် ပိုများပါတယ်။

    အသည်းဟာလည်း ပရိုလက်တင်ဟော်မုန်းတွေရဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ ခန္ဓာကိုယ်တွင်း ကောင်းစွာ လည်ပတ်နိုင်စေရန် ကူညီပေးနိုင်ပါတယ်။ အသည်းတွင် ချို့ယွင်းချက်များရှိတဲ့အခါ၊ ကောင်းစွာ အလုပ်မလုပ်နိုင်တဲ့အခါ တချို့သော ဟော်မုန်းတွေဟာ သတ်မှတ်ပမာဏထက် အဆပေါင်းများစွာ မြင့်တက်လာနိုင်ပါတယ်။

    ဒါဆိုရင် အမျိုးသားတွေက နို့တိုက်လို့ ရလား။

    သတ်မှတ်ထားတဲ့ ဟော်မုန်းပမာဏအရ ကြည့်မယ်ဆိုရင် အမျိုးသားတွေဟာ တော်တော်လေး နည်းတယ်လို့ ဆိုနိုင်ပေမယ့် ရင်သားကနေ နို့ထွက်နိုင်သလို နို့တိုက်လို့လည်း ရတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

    အမျိုးသားများ နို့ထွက် ခြင်းအကြောင်း စုံစမ်းစစ်ဆေးမှုများ

    ၁။ ဒုတိယကမ္ဘာစစ်ကာလ ထောင်တွင်းအကျဉ်းသားအများစုဟာ လပေါင်းများစွာ အစာငတ်ခံထားခဲ့ရပြီးနောက် စိတ်ဖိစီးမှုနဲ့ အစာအာဟာရပြတ်လပ်မှုဟာ အသည်းနဲ့ တချို့သော ဟော်မုန်းဂလန်းများကို ထိခိုက်စေပါတယ်။ ပြန်ကောင်းသက်သာလာပြီးနောက်မှာ တချို့သော ဟော်မုန်းများဟာ ခန္ဓာကိုယ်တွင်း အများအပြားကျန်ခဲ့ပြီး ဒီဟော်မုန်းတွေဟာ ထိုအမျိုးသားတွေရင်သားကနေ နို့ထွက်လာစေရန် လှုံ့ဆော်ပေးခဲ့ပါတယ်။

    ၂။ ကနေဒါနိုင်ငံမှာ ပီကျူထရီဂလန်း အကျိတ်ကြောင့် ဆေးရုံတက်နေရသူအမျိုးသားရဲ့ ခန္ဓာကိုယ်မှာ ပရိုလက်တင်ဟော်မုန်းတွေကို အလွန်အကျွံထုတ်လုပ်ပေးနေပြီး ရင်သားကနေ နို့များစိမ့်ထွက်နေတယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။

    ၃။ ၂၀၀၂ ခုနှစ် ဆရီလန်ကာကျွန်းမှာ အမျိုးသမီးတစ်ဦး ကလေးမွေးပြီး မီးတွင်းမှာပဲ အသက်ဆုံးပါးသွားခဲ့ပါတယ်။ ဖခင်ဖြစ်သူမှာ ကလေးဖြစ်သူကို နို့မှုန့်တိုက်ရန် ကြိုးစားခဲ့သော်လည်း ကလေးဖြစ်သူက မသောက်ဘဲ ငြင်းဆန်ခဲ့တဲ့အတွက် မိမိရဲ့ ရင်သားဖြင့် အစမ်းနို့တိုက်ကြည့်ရာကနေ နို့ထွက်နေတာကို တွေ့ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

    ဒီအချက်တွေကို ကြည့်ခြင်းဖြင့် အမျိုးသားတွေမှာ

    • အစာအာဟာရ ချို့တဲ့မှုများရှိခြင်း
    • ခန္ဓာကိုယ်တွင်း ဟော်မုန်းမျှခြေ ပျက်ယွင်းခြင်း
    • ကျားဟော်မုန်း အလွန်နည်းနေခြင်း
    • အသည်း သို့မဟုတ် ပီကျူထရီဂလန်းမှာ ချို့ယွင်းနေခြင်း
    • ရောဂါသောက်ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးများ
    • သိုင်းရွိုက်ဟော်မုန်း နည်းနေခြင်းကြောင့် ပရိုလက်တင်ဟော်မုန်း ထုတ်လုပ်မှုများလာပြီး နို့ထွက်နိုင်တယ်လို့ ကောက်ချက်ချလို့ ရပါတယ်။

    တချို့သော ဖခင်လောင်းတွေမှာ ဇနီးသည်ဆုံးပါးသွားခြင်း၊ နို့မထွက်ခြင်း၊ ကလေးက နို့မှုန့်သောက်ရန် ငြင်းဆန်ခြင်း စတဲ့ အခက်အခဲအမျိုးမျိုးကြောင့် ကလေးတွေကို ကိုယ်တိုင်နို့စမ်းတိုက်ရာကနေ ဦးနှောက်က ပရိုလက်တင်ဟော်မုန်း ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးဖို့ အချက်ပြပေးတဲ့အတွက် နို့ထွက်လာတယ်လို့လည်း ကောက်ချက်ချရပါတယ်။ ယနေ့အချိန်ထိ အကြောင်းရင်းအတိအကျကိုတော့ ရှာဖွေနိုင်ခြင်း မရှိသေးပါဘူး။

    အမျိုးသားများ နို့ထွက် တဲ့အခါ ဘာဖြစ်နိုင်လဲ။

    အမျိုးသားများသည်လည်း အမျိုးသမီးတွေလိုပဲ သဘာဝအတိုင်း နို့ထွက်နိုင်တယ်ဆိုတာ မှန်ပေမယ့် ထုတ်လုပ်တဲ့ပမာဏသည် တော်တော်လေး နည်းနိုင်ပါတယ်။ ဒီအတွက် ကလေးက နို့မဝတာ၊ အစာအာဟာရချို့တဲ့တာ၊ နို့ရည်မှာ အာဟာရဓာတ်နည်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အမျိုးသားတွေရဲ့ ရင်သားသည် နို့ထွက်နိုင်တာမှန်ပေမယ့် ကလေးကို နို့တိုက်ဖို့အတွက်တော့ မိခင်နို့တစ်မျိုးတည်းသာ အကောင်းဆုံးပါလို့ အကြံပေးလိုက်ချင်ပါတယ်။

    အမျိုးသားများအနေနဲ့ ပုံမှန်ရင်သားနှစ်ဖက်ကို လက်မဖြင့် ဖိစမ်းကြည့်လို့ အကျိတ်၊ အလုံးမျိုး ဖြစ်နေတာ၊ နာကျင်မှု ခံစားရတာ၊ နို့သီးခေါင်းကို ညှစ်ကြည့်လို့ နို့ရည်များထွက်လာတာမျိုး ခံစားရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။ အမျိုးသားတွေမှာ နို့ရည်ထွက်တာက သဘာဝအတိုင်းထွက်တာထက်စာရင် ကျန်းမာရေးပြသနာတစ်ခုခုကြောင့် ထွက်တာက ပိုဖြစ်နိုင်တာကြောင့်ပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement