သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အမျိုးသားတွေ ဘာလို့ ကယ်လ်စီယမ်ဓါတ် လိုအပ်တာလဲ

အမျိုးသားတွေ ဘာလို့ ကယ်လ်စီယမ်ဓါတ် လိုအပ်တာလဲ

အမျိုးသားတွေ ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်းဖို့နဲ့ အရိုးတွေ သန်မာစေဖို့ ကယ်လ်စီယမ်ဓါတ်ကို နေ့စဉ် မရှိမဖြစ် လုံလောက်အောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။ ကလေးအရွယ်ကတည်းက အာဟာရပြည့်ဝစုံလင်စွာ စားသုံးပေးမှ ယောက်ျားလေးတွေ အရွယ်ရောက်တဲ့အခါမှာ ကျန်းမာကြံ့ခိုင်ပြီး တက်ကြွလန်းဆန်းနေလို့ ဘဝအခက်အခဲတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာပါ။

ကယ်လ်စီယမ်ဓါတ်ရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။

အရိုးတွေ သန်စွမ်းကျန်းမာစေဖို့ ကယ်လ်စီယမ်ဓါတ်က အထောက်အကူပေးပါတယ်။ အားကစားလိုက်စားသူတွေ အထူးသဖြင့် ယောက်ျားပီသတဲ့ ခန္ဓါကိုယ်အချိုးအစားနဲ့ အရိုးအဆစ်ကို ပိုင်ဆိုင်လိုတဲ့ အမျိုးသားတွေအတွက် ကယ်လ်စီယမ်ဓါတ်ဟာ အလွန်အရေးကြီးပါတယ်။

ကယ်လ်စီယမ်ဓါတ်ဟာ နှလုံးကြွက်သားနဲ့ ဦးနှောက်အာရုံကြောတွေကို ကောင်းစွာ အလုပ်လုပ်စေဖို့ ကူညီပေးပါတယ်။ အရိုးကျန်းမာရေးအပြင် ဆီးချို၊ သွေးတိုးနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးတဲ့နေရာမှာလည်း ကယ်လ်စီယမ်ဓါတ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ကယ်လ်စီယမ်ဓါတ် မလုံလောက်တဲ့အခါ ဘာတွေ ဖြစ်နိုင်လဲ။

အရိုးကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့ ကယ်လ်စီယမ်ဓါတ် နည်းတဲ့သူတွေမှာ အရိုးပါးလာတာ၊ အရိုးမသန်မာတာ၊ အရိုးအဆစ်တွေ ကျိုးလွယ်တာအပြင် အရိုးပွရောဂါ ဖြစ်နိုင်ခြေကိုပါ မြင့်တက်စေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရိုးပွ၊ အရိုးပါး ရောဂါ ဖြစ်နိုင်ခြေဟာ မြင့်တက်နေမှာ ဖြစ်တဲ့အတွက် အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ကယ်လ်စီယမ်ဓါတ်ကို နေ့စဉ် လုံလောက်အောင် စားပေးဖို့ လိုပါတယ်။

ကယ်လ်စီယမ်ဓါတ် ချို့တဲ့နေတဲ့ ကလေးတွေ၊ မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံ မရှိတဲ့ ကလေးတွေ ကြီးလာတဲ့အခါ အမျိုးသားတစ်ယောက်မှာ ရှိသင့်၊ ရှိထိုက်တဲ့ အရပ်အမောင်း၊ ခန္ဓါကိုယ်အချိုးအဆစ်ကို မရနိုင်ပါဘူး။ မေမေတွေအနေနဲ့ ကိုယ့်သားလေး မထွားလာဘူး၊ အရပ်မရှည်လာဘူးလို့ သံသယ ရှိပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသသင့်ပြီး ကယ်လ်စီယမ်ဓါတ် ပါဝင်တဲ့ အစားအစာတွေကို ပိုကျွေးသင့်ပါတယ်။

ကယ်လ်စီယမ်ဓါတ်ကို ဘယ်ကနေ ရနိုင်သလဲ။

ခန္ဓါကိုယ်က ကယ်လ်စီယမ်ဓါတ်တွေ မထုတ်လုပ်ပေးတဲ့အတွက် နေ့စဉ် ကယ်လ်စီယမ်ဓါတ် ပါဝင်တဲ့ အစာအာဟာရေတွကို သေချာစီမံပြီး စားသုံးပေးဖို့ လိုအပ်ပါတယ်။

ကယ်လ်စီယမ်ဓါတ် အများဆုံး ပါဝင်တဲ့ အစားအစာတွေကတော့

၁။ နွားနို့၊ ဒိန်ချဉ် အစရှိတဲ့ နို့ထွက်ပစ္စည်းတွေ၊

၂။ ပန်းဂေါ်ဖီ၊ ကိုက်လန်ရွက် အစရှိတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်ေတွ၊

၃။ ဆာဒင်းငါး၊ ဆော်လ်မွန်ငါး၊ တူနာငါး အစရှိတဲ့ အရိုးပါ ဝါးစားလို့ရတဲ့ ငါးတွေ ဖြစ်ပါတယ်။

ခန္ဓါကိုယ်က ကယ်လ်စီယမ်ဓါတ်ကို ကောင်းစွာစုပ်ယူပေးနိုင်စေဖို့ ဗီတာမင် D ဓါတ်က ကူညီပေးပါတယ်။ ငါး၊ ကြက်ဥအနှစ်၊ ဟင်းသီးဟင်းရွက်ကနေတစ်ဆင့် ဗီတာမင် D ရရှိနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအတွက် နေ့စဉ် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ စုံလင်ပြီး အာဟာရမျှတတဲ့ စားသောက်မှုပုံစံဟာ အရေးကြီးပါတယ်။

ကယ်လ်စီယမ်ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေ စားပေးဖို့လိုလား။

နေ့စဉ် အစာအာဟာရကနေ ကယ်လ်စီယမ်ဓါတ်ကို လုံလောက်စွာ ရရှိနိုင်လို့ဖြည့်စွက်အားဆေးတွေသောက်ပေးဖို့ မလိုအပ်ပါဘူး။

သက်သက်လွတ်စားသူတွေ၊ နို့ထွက်ပစ္စည်းနဲ့ ဓါတ်မတည့်သူတွေ၊ မွေးရာပါ အရိုးပါးရောဂါရှိသူတွေ၊ ဝမ်းမမှန်တဲ့သူတွေမှာတော့ ပုံမှန်လူတွေထက် ကယ်လ်စီယမ်ဓါတ်ကို ပိုမိုလိုအပ်မှာဖြစ်လို့ ဖြည့်စွက် အားဆေးအနေနဲ့ စားပေးသင့်ပါတယ်။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသပြီးမှ ကယ်လ်စီယမ်ပါဝင်တဲ့ ဖြည့်စွက် အားဆေးတွေကို မှီဝဲတာ အကောင်းဆုံးပါပဲ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 3 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။