home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေတယ်ဆိုတာ အမှန်ပဲလား

သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေတယ်ဆိုတာ အမှန်ပဲလား

အမျိုးသားတွေရဲ့ သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေသလားဆိုတဲ့မေးခွန်းက စိတ်ဝင်စားဖွယ်ရာ မေးခွန်းတစ်ခုပါ။ အထူးသဖြင့်လူငယ်တွေအကြားမှာ တီးတိုးတီးတိုး သဖန်းပိုး ငြင်းခုံကြလေ့ရှိတဲ့ အကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ်။

လိင်ကိစ္စအကြောင်း ပြောကြတဲ့အခါမှာ သုက်ရည်က မပါမဖြစ် ကိစ္စတစ်ခုဖြစ်ပါတယ်။ အခြေခံအားဖြင့်ပြောရရင် သုက်ရည်ကို လိင်တံကနေထုတ်လွှတ်ပေးတာဖြစ်ပြီး သုက်ပိုးတွေက ဝှေးစေ့အတွင်းမှာ တည်ရှိနေတာပါ။

လိင်ဆက်ဆံပြီးချိန်၊ အာသာဖြေပြီးချိန် သုက်ရည်ထွက်လာတတ်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးက မမျိုးဥနဲ့ ပေါင်းစပ်မိချိန်မှာ သန္ဓေတည်စေပြီး ကိုယ်ဝန်ရစေပါတယ်။ အမျိုးသားတစ်ယောက် တစ်ကြိမ် သုက်လွှတ်တဲ့အခါတိုင်းမှာ သုက်ပိုးပေါင်း သန်းနဲ့ချီ ပါဝင်နေတတ်ပါတယ်။

ဒါပေမယ့် သုက်ရည်မှာ သုက်ပိုးတစ်ခုတည်းပါဝင်နေတာမဟုတ်ပါဘူး။ ဒီထက်ထူးခြားတာတွေလည်း ပါဝင်နေပါသေးတယ်။ ဒါတွေကတော့ အာဟာရဓာတ်တွေပါပဲ။

သုက်ရည်မှာ အာဟာရဓာတ်တွေရှိနေတာလား

ဟုတ်ပါတယ်။ သုက်ရည်ထဲမှာ အာဟာရဓာတ်တွေရှိနေပါတယ်။ ဒါကလည်း တကယ်တမ်းတွေးကြည့်မယ်ဆိုရင် ထူးဆန်းတဲ့အချက်တော့ မဟုတ်ပါဘူး။ အရာအားလုံးဟာ ဓာတ်တွေနဲ့ဖွဲ့စည်းထားတာမို့ သုက်ရည်ထဲမှာလည်း ဒီလိုဓာတ်သတ္တိတွေပါဝင်နေတာဖြစ်ပါတယ်။

  • ကယ်လိုရီ – သုက်ရည်ထဲမှာ အဓိက ပါဝင်နေတာက ကယ်လိုရီတွေဖြစ်ပြီးတော့ လက်ဖက်ရည်ဇွန်တစ်ဇွန်းစာ သုက်ရည်ထဲမှာ ကယ်လိုရီ ၂၅ လောက်ပါဝင်နေတတ်ပါတယ်။
  • ပရိုတိန်း – ပရိုတိန်းဟာလည်း သုက်ရည်ထဲက ပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သုက်ရည် ၅ မီလီလီတာမှာ ပရိုတိန်း ၂၅၂ မီလီဂရမ်လောက် ပါဝင်နေတတ်ပါတယ်။ တချို့လေ့လာချက်တွေမှာတော့ သုက်ရည်မှာပါဝင်တဲ့ ပရိုတိန်းပမာဏက ကြက်ဥမှာပါဝင်တဲ့ ပမာဏနဲ နှိုင်းယှဉ်နိုင်တယ်လို့ ဆိုကြပါတယ်။
  • ဗီတာမင် C – သုက်ရည်ထဲမှာပါဝင်နေတဲ့ နောက်ထပ် အာဟာရဓာတ်က ဗီတာမင် C ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်ရွေ့ဘယ်မျှ ပါဝင်တတ်တယ်ဆိုတာကို တိုင်းတာရခက်ပါတယ်။
  • Zinc – Zinc က သုက်ရည်ထဲမှာ ကြွယ်ကြွယ်ဝဝကို ပါရှိနေတာပါ။ ၂၀၁၃ ခုနှစ်တုန်းက စကော့တလန်က ဆေးသိပ္ပံပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရဆိုရင် သုက်ရည်ထဲမှာ Zinc က ၃% အထိ ပါရှိနေတယ်လို့ဆိုပါတယ်။

ဒါတွေတင်မကပါဘူး။ သုက်ရည်ထဲမှာ ပမာဏအနည်းငယ်စီနဲ့ ပါဝင်နေတဲ့ တခြားအာဟာရဓာတ်တွေလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့

  • Fructose၊
  • Sodium
  • Cholesterol
  • Fat၊
  • ဗီတာမင် B-12 တို့ပါပဲ။

သုက်ရည်က ကျန်းမာစေမှာလား

ဒီလိုအာဟာရဓာတ်တွေပါဝင်နေတယ်ဆိုတဲ့အချက်ကြောင့် သုက်ရည်ဟာ ကျန်းမာစေတယ်ဆိုတဲ့ အချက်ကို အတွေးမမှားစေချင်ပါဘူး။ သဘာဝအတိုင်းအနည်းငယ်စီပါဝင်နေတာသာဖြစ်ပါတယ်။

တစ်ချို့သော အယူအဆအလွဲတစ်ချို့တွေမှာ သုက်ရည်ကို လိမ်းကျံပေးရင် အသားအရည်လှပါတယ်ဆိုတဲ့ အယူအဆမျိုးတွေ ရှိတတ်ကြတာကြောင့်ခုလို ရှင်းပြရခြင်းဖြစ်ပါတယ်။ နောက်ပြီး သတိထားဖို့ လိုအပ်တဲနောက်ထပ် အချက်တစ်ခုက သုက်ရည်ဟာ ဓာတ်မတည့်မှုဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ တစ်ချို့လူတွေဟာ သုက်ရည်ဓာတ်မတည့်တဲ့ ဝေဒနာခံစားနေရတတ်တာကြောင့် သတိထားဖို့ လိုအပ်ပါလိမ့်မယ်။

ဒါ့အပြင် သုက်ရည်ဟာ အိုမင်းရင့်ရော်ခြင်းကို လျော့ကျစေတယ်ဆိုတဲ့ အယူအဆတစ်မျိုးလည်းရှိပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး တိကျတဲ့ သိပ္ပံနည်းကျ လေ့လာမှုတွေ မရှိထားသေးပါဘူး။

အချုပ်ပြောရရင် သုက်ရည်ဟာ လိင်ဆက်ဆံမှုမှာ အရေးပါပြီး အဓိကကျတဲ့အရာတစ်ခုဖြစ်ပါတယ်။ အာဟာရဓာတ်တွေပါဝင်နေရင်တောင်မှ သူတို့ရဲ့ အဓိကလုပ်ဆောင်ချက်က မျိုးဆက်ပွားလုပ်ငန်းစဉ်မှာ အထောက်အကူပြုဖို့သာဖြစ်ပါတယ်။

ဒီဆောင်းပါးကို ဖတ်ပြီးတော့ လိင်ကျန်းမာရေးဆိုင်ရာ အလွဲလေးတွေကို အမှားအမှန် ခွဲခြားသိမြင်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 30/11/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။