backup og meta

Omicronကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Omicronကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါ

    Omicron ဆိုတာက ကိုရိုနာဗိုင်းရပ်စ်ဖြစ်တဲ့ SARS-CoV-2 ရဲ့ ဗီဇပြောင်းမျိုးစိတ် တစ်ခုပါ။ လျင်လျင်မြန်မြန် ပျံ့နှံ့နေသလို အရင်က မကြုံဖူးတဲ့နှုန်းနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်နေပါတယ်။ Omicron ဗိုင်းရပ်စ်အကြောင်းကို သေသေချာချာ မသိရသေးပေမယ့် သေချာတာကတော့ Omicronရဲ့ ပြင်းထန်မှု နှုန်းက ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ Delta တို့ထက် ပြင်းထန်မှုနှုန်း မနိမ့်ဘူးဆိုတာပါ။ ဒါကြောင့် Omicronကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါ လို့ ပြောရတာပါ။

    ဒါကြောင့် အခုကာလမှာ Omicron ကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက် ကာကွယ်ဆေး ထိုးတာ၊ ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးတာ၊ ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်တာတွေအပြင် ဗိုင်းရပ်ကူးစက်မှုကို တားဆီးပေးနိုင်တဲ့ နည်းလမ်းတွေကို လိုက်နာလုပ်ဆောင်ဖို့က အရင်ကထက် ပိုပြီး အရေးကြီးလာပါပြီ။

    Omicronက အရမ်း ကူးစက်မြန်ပါတယ်။

    ကမ္ဘာ့နေရာတော်တော်များများမှာ COVID-19 ကူးစက်မှုက အချိန်တိုအတွင်း အတော်လေးကို မြင့်တက်ခဲ့ပါတယ်။ CDC ရဲ့ စစ်တမ်းအရတော့ omicron က ကာကွယ်ဆေး မထိုးထားတဲ့သူတွေမှာ လျင်လျင်မြန်မြန် ကူးစက်နေသလို ရောဂါလက္ခဏာ မပြဘဲ ကူးစက်မှုတွေလည်း ရှိနေပါတယ်။

    Omicron ရဲ့ ကူးစက်မှုနှုန်းက ကာကွယ်ဆေး ထိုးပြီးတဲ့နှုန်း နည်းနေတာ၊ လူနေထူထပ်တာ၊ ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်မှု နည်းသေးတဲ့အချက်တွေအပေါ်မှာ အခြေခံပြီး မြန်မြန်ကူးစက်နေတာပါ။

    Omicronရဲ့ ကူးစက်မှု မြန်ဆန်ရတာက

    Omicronက အခြား ကိုဗစ်ဗိုင်းရပ်စ်တွေထက် အသက်ရှူလမ်းကြောင်း အထက်ပိုင်းဖြစ်တဲ့ (နှာခေါင်းနဲ့ လည်ချောင်းတွေ) ဆီကို မြန်မြန်ကူးစက်နိုင်ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် Omicronက ကူးစက်မြန်တယ်လို့ ယူဆလို့ရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း Omicron ကူးစက်မှုနှုန်းတွေ တဟုန်ထိုး မြင့်တက်နေပါတယ်။

    Omicron မတိုင်ခင်က ကူးစက်မြန်တယ်လို့ သတ်မှတ်ထားတဲ့ Delta က ကာကွယ်ဆေး မထိုးထားတဲ့သူတွေမှာ ရောဂါ ပိုပြင်းထန်ပြီး မူလ SARS-CoV-2  ဗိုင်းရပ်စ်ရဲ့ spike protein နဲ့ အနည်းငယ် ကွာခြားမှု ရှိပါတယ်။ ဒါပေမယ့် Omicron ကတော့ မူလ SARS-CoV-2  ဗိုင်းရပ်စ်ရဲ့ spike protein နဲ့ အတော်လေး ကွာခြားမှု ရှိပြီး ဗီဇပြောင်းလဲမှု ၃၀ ကျော်လောက် ပြောင်းလဲထားပါတယ်။ ဒါကြောင့် ကိုယ်ခံအားက အတည်ပြုဖို့ ပိုခက်ပါတယ်။

    Omicronက ပြင်းထန်တဲ့ရောဂါကို ဖြစ်စေနိုင်ပါတယ်။

    Omicronက အခြား ကိုဗစ် မျိုးစိတ်တွေလိုပဲ ပြင်းထန်တဲ့ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ရောဂါအခံရှိသူတွေနဲ့ အသက်အရွယ် ကြီးရင့်သူတွေမှာပါ။ နာတာရှည်ရောဂါ ခံစားနေရသူတွေမှာလည်း Omicronက ပိုပြင်းထန်နိုင်ပါတယ်။ Omicronက ကူးစက်မှုမြန်သလို သေဆုံးသည်အထိလည်း ပြင်းထန်နိုင်ပါတယ်။

    Omicronရဲ့ ပြင်းထန်မှုကို လျှော့ချဖို့ဆိုရင် ကာကွယ်ဆေး (၂) ကြိမ်လုံး ပြည့်မီအောင် ထိုးထားဖို့ လိုသလို ထပ်ဆောင်း ကာကွယ်ဆေး ထိုးထားတာကလည်း နည်းလမ်းကောင်းပါ။ အကောင်းဆုံး ကာကွယ်မှု ရချင်တယ်ဆိုရင်တော့ ထပ်ဆောင်းကာကွယ်ဆေး သေချာလေး ထိုးထားဖို့ လိုပါမယ်။

    Omicronက ကလေးတွေမှာ ပိုအဖြစ်များပါတယ်

    အမေရိကန် ပြည်ထောင်စုမှာ COVID-19ကူးစက်ခံရမှုကြောင့် ကုသမှု ခံယူနေရသူ အများစုက အသက် ၁၈ နှစ်အောက် ကလေးတွေပါ။ ဇန်နဝါရီလကနေ လက်ရှိကာလအထိ ကူးစက်မှုအသစ်တွေကို ကြည့်ရင် ကလေးတွေမှာ ကူးနှုန်းက ဟိုးအရင်ကထက် ၈၀ ရာခိုင်နှုန်းပိုများလာပါတယ်။ Omicron ကြောင့် ဖျားနာမှုက Delta ကြောင့်ဖျားနာမှုအရေအတွက်ထက် ပိုများနေပါတယ်။

    Delta တုန်းက ကလေးတွေမှာ ပြင်းထန်တဲ့ လက္ခဏာတွေ မတွေ့ရပေမယ့် Omicron မှာတော့ ကလေးတွေမှာ ရောဂါလက္ခဏာတွေ ပြင်းထန်သလို ကလေးတွေမှာလည်း ဖြစ်ပွားမှုနှုန်းက ပိုများနေပါတယ်။ အကောင်းဆုံး ကာကွယ်နိုင်မယ့်နည်းလမ်းကတော့ ကလေးက အသက် ၁၂ နှစ် ပြည့်ပြီဆိုရင် ကာကွယ်ဆေး ထိုးထားဖို့ပါ။ အသက် ၁၂ နှစ်အထက်ကလေးတွေကို သင့်တော်တဲ့ ကာကွယ်ဆေး (၂) ကြိမ် ပြည့်မီအောင် ထိုးထားတာကလည်း Omicron​ကြောင့် ပြင်းပြင်းထန်ထန် ဖျားနာတာ၊ အခြားပြင်းထန်တဲ့ လက္ခဏာတွေ မခံစားရစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    အရမ်းငယ်တဲ့ ဘေဘီလေးတွေကို Omicronကနေ ကာကွယ်ပေးချင်တယ်ဆိုရင်တော့ ဘေဘီလေးကို အိမ်ထဲမှာပဲ ထားတာ၊ အသုံးအဆောင်တွေကို ပိုးသတ်တာ၊ ဘေဘီလေးနဲ့ အနီးကပ် ထိတွေ့နေသူတွေက ကာကွယ်ဆေး ထိုးထားတာ၊ ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်တာတွေကတော့ အကောင်းဆုံးပါ။ ဘေဘီလေးက အသက် (၂) နှစ် ပြည့်ပြီးပြီဆိုရင်တော့ ဘေဘီလေးကို မတ်ခ်လေးတွေ တပ်ပေးလို့ ရပါပြီ။ လက်ကလေးတွေကို သေချာသန့်စင်ဖို့ သင်ပေးဖို့လည်း လိုပါမယ်။

    ကာကွယ်ဆေး မထိုးထားတာက ထိခိုက်မှု ပြင်းထန်နိုင်ပါတယ်။

    ကာကွယ်ဆေး (၂) ကြိမ်ပြည့်အောင် ထိုးထားတာက ကူးစက်ခံရနိုင်ခြေကို ၆ ဆကျော် လျှော့ချပေးနိုင်ပြီး ရောဂါပြင်းထန်တာကြောင့် သေဆုံးနိုင်ခြေကို ၁၃ ဆလောက်အထိ လျှော့ချပေးနိုင်ပါတယ်။

    နောက်တစ်ချက်က Omicronက အခြား ကိုရိုနာဗိုင်းရပ်စ်တွေထက် ပိုပြင်းထန်သလို ရောဂါကူးစက်ပြီးသူတွေမှာလည်း ထပ်မံကူးစက်နိုင်ပါတယ်။

    COVID-19 ကာကွယ်ဆေး နဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေက အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်မှာပါ။

    ကိုဗစ် ကာကွယ်ဆေးကို  (၂) ကြိမ် ထိုးတာက Omicron ကို လုံးဝမဖြစ်အောင် မကာကွယ်ပေးနိုင်ပေမယ့် ရောဂါ မပြင်းထန်အောင်တော့ ကာကွယ်ပေးပါတယ်။ ထပ်ဆောင်းကာကွယ်ဆေးကလည်း အသက်အန္တရာယ် မထိခိုက်စေဖို့နဲ့ ရောဂါအရမ်း မပြင်းထန်စေဖို့ ကာကွယ်ပေးနိုင်မှာပါ။

    ရောဂါလက္ခဏာ ပြင်းထန်မှုအပြင် ကာကွယ်ဆေးတွေကို ပြည့်မီအောင် ထိုးနှံထားတာက ၇ ရက်လောက် ရောဂါပြင်းထန်မှု ခံစားရမယ့်နေရာမှာ ၃ ရက်လောက်နဲ့ သက်သာစေနိုင်သလို ၂ ပတ်လောက် ရောဂါ ခံစားရမယ့်နေရာမှာ ၇ ရက်လောက်နဲ့ သက်သာစေနိုင်တာမျိုးတွေ ထောက်ကူပေးနိုင်ပါတယ်။

    ကာကွယ်ဆေး ထိုးတာကြောင့် လက္ခဏာ သိပ်မပြင်းထန်တာဖြစ်ပြီး Omicronက အခြား ကိုဗစ်ဗိုင်းရပ်စ်တွေထက် ပိုပြင်းထန်သလို အသက်ဆုံးရှုံးသည်အထိ ပြင်းထန်နိုင်တာကြောင့် Omicronကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါ လို့ သတိပေးလိုက်ပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement