backup og meta

ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

    ကိုဗစ် ရဲ့ အဓိက လက္ခဏာတွေထဲမှာ ချောင်းဆိုးတာပါပါတယ်။ များသောအားဖြင့် ချောင်းခြောက်ဆိုးတာပေါ့။ ကိုဗစ်သံသယလူနာလို့ သတ်မှတ်တဲ့နေရာမှာလည်း ချောင်းဆိုးတဲ့လက္ခဏာပါနေပါတယ်။ ဆိုလိုတာက ခုချိန်မှာ လူတစ်ယောက်ဟာ အကြောင်းရင်းမယ်မယ်ရရ မရှိဘဲ ချောင်းဆိုးနေမယ်ဆိုရင် ကိုဗစ်လို့ သံသယဖြစ်မှာပါ။

    သင်သာဆိုလည်း ကိုယ်ကိုယ်တိုင် ဘာအကြောင်းမှမရှိဘဲ ချောင်းတွေ ရက်ဆက်ဆိုးနေပြီဆိုရင် ကိုယ့်ကိုယ်ကို ကိုဗစ်ဖြစ်နေပြီလားလို့ တွေးလိုက်မှာပါပဲ။ ဒါဆိုရင် သင်ဘာလုပ်မှာလဲ။ လက်ရှိလမ်းညွှန်ချက်တွေအရဆိုရင် နီးစပ်ကျန်းမာရေးဌာနတို့၊ ဖျားနာဆေးကုခန်းတို့ ၂၀၁၉တို့ HICA call centreတို့ကို အရင် ဖုန်းဆက်အကြောင်းကြားပြီး အကြံဉာဏ်တောင်းခံရမှာပါ။

    ဆိုလိုတာက သင့်ကိုယ်တိုင် ဆေးရုံကိုသွားပြီး စစ်ဆေးမှုခံယူမယ်ဆို သင်ဘာနဲ့ သွားမှာလဲ။ ကိုယ်ပိုင်ကားရှိတဲ့သူက တစ်မျိုးပေါ့။ လက္ခဏာရှိနေလျက်နဲ့ အများသုံးယာဉ်လိုင်းတွေ၊ တက္ကစီတွေကို စီးသွားဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် အရင်အကြောင်းကြားခိုင်းရတာပါ။

    သင့်အနေနဲ့ ဆေးရုံ၊ ဆေးခန်းလာဖို့ အဆင်မပြေဘူးဆိုရင် သူတို့အနေနဲ့ တစ်ခုခုစီစဉ်ပေးပါလိမ့်မယ်။ ဒီအတောတွင်းမှာတော့ အိမ်ကနေ ဘယ်မှမသွားဘဲ စောင့်နေရမှာပါ။ ဆေးရုံဆေးခန်းရောက်သွားရင်တော့ သင်ချောင်းဆိုးတဲ့ ပြဿနာကို ဆရာဝန်က ကုသပေးမှာ မှန်ပေမယ့် လတ်တလော အိမ်မှာပဲနေပြီး ဘယ်မှမသွားမရတဲ့အတွက် အိမ်မှာတင် ချောင်းဆိုးသက်သာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေ မျှဝေပေးလိုပါတယ်။

    ချောင်းဆက်တိုက်ဆိုးနေတာက လူနာကို ပိုပင်ပန်းစေတဲ့အပြင် ထွက်လာတဲ့ အမှုန်အမွှားတွေကနေ အိမ်ကလူတွေ ကူးနိုင်တာကြောင့် မြန်မြန်သက်သာသွားအောင် လုပ်သင့်ပါတယ်။

    ချောင်းဆိုးခြင်းအတွက် အိမ်တွင်းနည်းလမ်းများ

  • ပျားရည်
  • ပျားရည်စစ်စစ် တစ်ဇွန်း၊ နှစ်ဇွန်းလောက် သောက်ပေးတာက ပိုးတွေကို သေစေပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။ ဒါပေမယ့် တစ်နှစ်အောက် ကလေးတွေကိုတော့ ပျားရည်မတိုက်ပါနဲ့။ အခန့်မသင့်ရင် အဆိပ်သင့်တတ်ပါတယ်။

    • အရည်ပူပူလေးတွေ သောက်ပေးပါ။

    ရေနွေးကြမ်းတွေ၊ စွပ်ပြုတ်ပူပူလေးတွေ နှစ်သက်ရာ သောက်ပေးနိုင်ပါတယ်။ ဘာမှမရှိရင်တောင် ရေနွေးအဖြူကို ပူပူလေး သောက်ပေးပါ။ တစ်နေကုန် တစိမ့်စိမ့်သောက်နေတာက လည်ချောင်းထဲက ချွဲတွေပျော်စေသလို ချောင်းဆိုးရလွန်းလို့ လည်ချောင်းနာတာကိုလည်း သက်သာစေပါတယ်။

    ချင်းက လေပြွန်ကြွက်သားတွေကို ပြေလျော့စေတာကြောင့် လေပြွန်ကျဉ်းတာကို သက်သာစေပါတယ်။ ချင်းကို အစိမ်းအတိုင်းပဲ ဝါးပေးနိုင်သလို၊ ချင်းပြုတ်ရည်လေးကို ပျားရည်လေးထည့်ပြီး ပူပူလေး သောက်ပေးလို့လည်း ရပါတယ်။

    • ရေ

    ချောင်းဆိုးနေတဲ့အချိန်ဆို သာမန်ထက် ရေများများသောက်ပေးသင့်ပါတယ်။ လည်ချောင်းထဲကို ရှင်းသွားစေတဲ့အပြင် ချောင်းဆိုးရလို့ လည်ပင်းနာတာလည်း သက်သာစေပါတယ်။ ဒါ့ပြင် တစ်ကိုယ်လုံးမှာ ရေဓာတ်ပြည့်ဝနေတဲ့အတွက် ချွဲသလိပ်တွေလည်း ကျဲသွားပါတယ်။ သူ့ဟာသူ ပျော်ကျသွားတဲ့အတွက် အားသုံးပြီး ဟပ်ထုတ်စရာတောင် မလိုတော့ပါဘူး။

  • ရေနွေးငွေ့ရှူပါ။
  • နှာခေါင်းပိတ်ရင် ရေနွေးငွေ့ရှူလို့ရသလို ချောင်းဆိုးရင်လည်း ရှူလို့ရပါတယ်။ ရေနွေးငွေ့က အသက်ရှူလမ်းကြောင်းတစ်လျှောက်ကို စိုစွတ်စေလို့ ချောင်းချောက်ဆိုးတာ သက်သာစေပါတယ်။ ဒါ့ပြင် ချွဲတွေကိုလည်း ပျော်စေပါတယ်။ ကြိုက်နှစ်သက်ရင် ရေနွေးထဲကို ပရုတ်ဆီထည့်ပြီး ရှူလို့ရပါတယ်။

  • နှာခေါင်းကို သန့်စင်ပါ။
  • တချို့က နှာစေးရာက ချွဲတွေ အသက်ရှူလမ်းကြောင်းထဲရောက်ပြီး ချောင်းဆက်ဆိုးတာပါ။ ဒါကြောင့် နှာရည်တွေကို ရှင်းထုတ်ပစ်မှ နောက်က ချောင်းဆိုးတာ သက်သာမှာပါ။ ဒါကြောင့် နှာခေါင်းကို ရေကြက်သီးနွေးနဲ့ ကျင်းပစ်ပြီး နှာရည်တွေ ထုတ်ပစ်ပါ။

    • ပရုတ်ဆီ

    ဒါအလွယ်ဆုံးနည်းပါပဲ။ ပရုတ်ဆီ လက်တစ်ကလော်လောက်ကို လက်ဖဝါးထဲထည့်ပြီး ပွတ်ရှူလိုက်ပါ။ ပရုတ်ဆီမှာပါတဲ့ menthol (မန်သော်)က အသက်ရှူလမ်းကြောင်းကို ပွင့်စေပြီး အသက်ရှူရကောင်းစေပါတယ်။ ဒါ့ပြင် ချွဲကိုလည်း ပျော်စေပါတယ်။ ကလေးတွေဆိုရင်လည်း ရင်ဘတ်မှာ နည်းနည်း လူးထားပေးရင် အနံ့ကို ရှူနေရတာကြောင့် အရင်ကထက် ချောင်းဆိုးတာ သက်သာလာမှာပါ။

    • ဆားရည်နဲ့ အာလုပ်ကျင်းပါ။

    ဆားရည်နွေးနွေးလေးနဲ့ အာလုပ်ကျင်းတာက လည်ချောင်းက အချွဲတွေကို ပျော်စေသလို ယားယံတာကိုလည်း သက်သာစေပါတယ်။ သာမန်ပလုပ်ကျင်းသလို မဟုတ်ဘဲ လည်ချောင်းထဲထိရောက်အောင် သေချာ အာလုပ်ကျင်းကြည့်ပါ။

    • ဆေးဝါးတွေ မှီဝဲချင်တယ်ဆိုရင်

    အိမ်မှာ ဆေးရှိတယ်ဆိုရင် လူကြီးတွေအနေနဲ့ကတော့ ချောင်းဆိုးပျောက်ငုံဆေးတွေ၊ လည်ပင်းနာသက်သာစေတဲ့ ငုံဆေးတွေ ငုံပေးနိုင်ပါတယ်။ ချောင်းခြောက်ဆိုးရင် ချောင်းဆိုးပျောက်ဆေး၊ ချွဲထရင် ချွဲပျော်ဆေး စသဖြင့် ရက်တို သောက်နိုင်ပါတယ်။ ကလေးဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် ဆေးမတိုက်စေချင်ပါဘူး။

    ဆေးစစ်ဖို့ အိမ်မှာ စောင့်ဆိုင်းနေစဉ်စပ်ကြားမှာ ဒီနည်းလေးတွေနဲ့ သက်သာအောင် လုပ်ပေးလို့ရပါတယ်။

    အရေးကြီးတာက ကျန်းမာရေးဝန်ထမ်းတွေ လာမခေါ်ခင်မှာ သင်ချောင်းဆိုးတာပျောက်ကောင်း ပျောက်သွားနိုင်ပါတယ်။ ချောင်းဆိုးပျောက်တာသည် ကိုဗစ်ပိုး ပျောက်တာမဟုတ်ပါ။ သူများကို ကူးနိုင်ခြေလည်း ရှိနေသေးတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ ဆေးစစ်ပေးတာကို သေချာခံယူပါ။ စိတ်ချရမှ အိမ်ပြန်လာပါလို့ အကြံပြုချင်ပါတယ်။

    [covid_19]

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement