backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုဗစ်ဖြစ်ပြီးရင် Booster ကာကွယ်ဆေး ဘယ်အချိန်မှာ ထိုးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုဗစ်ဖြစ်ပြီးရင် Booster ကာကွယ်ဆေး ဘယ်အချိန်မှာ ထိုးမလဲ

အိုမီခရွန်ပေါ်လာပြီးနောက်ပိုင်းမှာ Booster ထိုးတာက အရေးပါလာပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း ၂ကြိမ် အပြည့်ထိုးပြီးရင် Boosterထိုးပေးလာကြပါပြီ။ အိုမီခရွန်က ဗီဇပြောင်းတဲ့ နေရာများတဲ့အတွက် ကာကွယ်ဆေး အပြည့်ထိုးထားတဲ့ သူရော၊ အရင်က ကိုဗစ်ဖြစ်ထားတဲ့ သူမှာပါ ပြန်ဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် Boosterက ပိုလို့တောင် ထိုးသင့်နေပါပြီ။ တကယ်လို့ Booster မထိုးခင်မှာ ကိုဗစ်ဖြစ်ထားတယ်ဆိုရင် Boosterကို ထိုးဖို့ လိုမလား၊ ထိုးမယ်ဆို ဘယ်အချိန်မှာ ထိုးရမလဲဆိုတာကို ပြောပြပေးပါမယ်။

ကိုဗစ်ဖြစ်ပြီးရင် Booster ထိုးဖို့ လိုမလို

ကိုဗစ်ဖြစ်ထားလည်း Booster က ထိုးဖို့ လိုပါတယ်။ အထူးသဖြင့် အိုမီခရွန်က မြန်မာနိုင်ငံကို ရောက်နှင့်ပြီး ဖြစ်တဲ့အတွက် ဒီအချိန်မှာ ကိုဗစ်ဖြစ်ရင် အိုမီခရွန်ဖြစ်ဖို့ များပါတယ်။ အိုမီခရွန်မဟုတ်တဲ့ တခြားဗီဇပြောင်းပိုး ဖြစ်နေခဲ့ရင်လည်း Booster က ထိုးဖို့ လိုပါတယ်။

ဒါကြောင့် ခုချိန်မှာ ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးထားပေမယ့် ကိုဗစ်ဖြစ်ခဲ့ရင် Boosterထိုးဖို့ လိုပါတယ်။ ဖြစ်တဲ့ ပိုးက အိုမီခရွန်ပဲဖြစ်ဖြစ်၊ တခြားပိုးပဲဖြစ်ဖြစ် ထပ်ဆောင်းကာကွယ်ဆေးက လိုအပ်ပါတယ်။

Boosterကို ဘယ်အချိန်မှာ ထိုးကြမလဲ။

Boosterထိုးဖို့ လိုတယ်ဆိုပေမယ့် ချက်ချင်းကြီး ထိုးရမှာတော့ မဟုတ်ပါဘူး။ Boosterထိုးဖို့ စောင့်နေတုန်းမှာ ကိုဗစ်ဖြစ်သွားခဲ့တယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခု စောင့်ဖို့ လိုပါတယ်။

အမေရိကန် CDC အဆိုအရတော့ Pfizer၊ Modernaကို နှစ်ကြိမ်ပြည့်အောင် ထိုးထားသူတွေက ၅လနေရင် Boosterထပ်ထိုးရပါတယ်။ တရုတ်ကာကွယ်ဆေး ထိုးထားရင်တော့ ၃လပြည့်ရင် Boosterထပ်ထိုးသင့်ပါတယ်။ အိန္ဒိယကာကွယ်ဆေးအတွက် သီးခြားမပြောထားပေမယ့် သူကလည်း ဒုတိယအကြိမ်ထိုးပြီး ၆လမကျော်ခင် Boosterထပ်ထိုးသင့်ပါတယ်။

Boosterထိုးတာက ထပ်တူညီတဲ့ ဆေးလည်း ထိုးလို့ရသလို Mix and Matchလို့ ခေါ်တဲ့ မတူညီတဲ့ ကာကွယ်ဆေးတွေကို ထိုးလို့လည်း ရပါတယ်။

ဒါက သာမန်လူ၊ နေကောင်းကျန်းမာသူတွေအတွက်ပါ။ Boosterထိုးခါနီးမှ ကိုဗစ်ဖြစ်သွားခဲ့တယ်ဆိုရင်ရော ဘယ်လိုလုပ်ကြမလဲ။

ကိုဗစ်ဖြစ်ပြီးရင် Booster ကာကွယ်ဆေး ဘယ်အချိန်မှာ ထိုးမလဲ

ကိုဗစ်ဖြစ်ပြီး Booster ထိုးမယ်ဆိုရင်

ကိုဗစ်ဖြစ်ထားတယ်ဆိုရင် ချက်ချင်း မထိုးသင့်ပါဘူး။ ထိုးရမယ့် ရက်ရောက်နေပေမယ်လည်း လက်ရှိမှာ ကိုဗစ် ပေါ့စတစ်ဖြစ်နေမယ်၊ ကိုဗစ်ရဲ့ လက္ခဏာတွေ ခံစားနေရမယ်ဆိုရင်လည်း ဆေးထိုးတာကို နောက်ဆုတ်သင့်ပါတယ်။

အမေရိကန် CDCရဲ့ အဆိုအရ ကိုဗစ်ဖြစ်ထားရင် Boosterကို ဒီလိုထိုးပါတဲ့။

  • သံသယရှိလို့ ဆေးစစ်တာ ပေါ့စတစ်ထွက်တာဖြစ်ဖြစ်၊ ကိုဗစ်လက္ခဏာပြတာဖြစ်ဖြစ် စဖြစ်တဲ့ရက်ကို Day 0လို့ ယူပါ။ နောက်၂၄နာရီကြာရင် Day 1 စသဖြင့် တွက်သွားပါ။ Day 5အထိ သီးခြားခွဲနေပါ။ အရင်က ကာကွယ်ဆေး ၂ကြိမ်ပြည့်ထားလည်း ဒီလိုပဲ ခွဲနေရမှာပါ။
  • လက္ခဏာမပြတဲ့သူက ၅ရက်ပြည့်ရင် သီးခြားခွဲနေတာကို ရပ်လို့ရပါပြီ။
  • လက္ခဏာပြတဲ့သူက ၅ရက်ပြည့်တဲ့အခါမှာ နေလို့ကောင်းတယ် (ဥပမာ လက္ခဏာတွေ သက်သာတယ်။ ဆေးမသောက်တာတောင် အဖျားမတက်တာ ၂၄နာရီရှိပြီ) ဆိုရင် သီးခြားခွဲနေတာကို ရပ်လို့ရပါပြီ။
  • လက္ခဏာတွေ ဆိုးတယ်ဆိုရင်တော့ ၁၀ရက်အထိ ခွဲနေရမှာပါ။
  • နဂိုတည်းက ခုခံအား မကောင်းတဲ့သူကတော့ ၁၀ရက်အထိ သီးခြားခွဲနေရမှာပါ။

၅ရက်နေရင် သီးခြားခွဲနေတာကနေ ထွက်လို့ရပြီဆိုပေမယ့် ၁၀ရက်ပြည့်တဲ့အထိ ခရီးသွားတာ၊ လူထူထပ်တဲ့ နေရာကို သွားတာကိုတော့ ရှောင်ရမှာပါ။

ဒီတော့ Boosterထိုးမယ့်သူတွေက ၅ရက်ကျော်ရင် ထိုးလို့ရပါပြီ။ ဒါပေမယ့် နေကောင်းပြီး နာလန်ထနေဖို့တော့ လိုပါတယ်။ ပိုပြီးသေချာချင်ရင်တော့ အရင်လိုပဲ ၁၁ရက်၊ ၂ပတ်ပြည့်မှ ထိုးနိုင်ပါတယ်။

(ဒါက အမေရိကန် CDCရဲ့ လမ်းညွှန်ချက်ဖြစ်ပြီး နိုင်ငံအလိုက် ပြောင်းလဲမှု ရှိနိုင်ပါတယ်။)

နေမကောင်းဖြစ်နေတာကို Boosterထိုးမိရင်

ကိုဗစ်ရယ်မှမဟုတ် အအေးမိတုပ်ကွေးဖြစ်လို့ နေလို့ မကောင်းရင်လည်း Booster မထိုးသင့်ပါဘူး။ နေပြန်ကောင်းတဲ့အထိ စောင့်သင့်ပါတယ်။ နေမကောင်းတဲ့အချိန်မှာ Boosterထိုးမိရင်

  • ခုခံအား ကျနေတဲ့အတွက် Antibodies ထွက်သင့်သလောက် မထွက်ပါဘူး။
  • ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ဖျားတာ၊ ကိုယ်လက်ကိုက်တာကိုပါ ထပ်ခံစားရမယ်ဆိုရင် ခန္ဓာကိုယ်အတွက် ဝန်ပိပါတယ်။

ဒါကြောင့် နေမကောင်းဖြစ်နေချိန်မှာ ကာကွယ်ဆေးမထိုးသင့်ပါဘူး။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement