backup og meta

ကြို့ထိုးတာက ကိုဗစ် လက္ခဏာတစ်ရပ်လား………


Aye Thi Mon မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြို့ထိုးတာက ကိုဗစ် လက္ခဏာတစ်ရပ်လား………

    အရင်ကတော့ ဖျားရင်၊ အနံ့ပျောက်ရင် အရသာပျောက်ရင် ကိုဗစ်ဖြစ်ပြီလို့ ယူဆကြတယ်နော်။ အခုနောက်ပိုင်းတော့ ဒီလက္ခဏာတွေအပြင် နောက်ထပ်တိုးလာတဲ့ သိသာတဲ့ လက္ခဏာတွေလည်းရှိလာပါတယ်။ ဒီထဲမှာမှ မြင်သာတဲ့ လက္ခဏာတစ်ရပ်က ကြို့ထိုးတာပါ။

    ကြို့ထိုးတာက ကိုဗစ် လက္ခဏာတစ်ရပ်လား………

    ကြို့ထိုးတာက ကိုဗစ် လက္ခဏာတစ်ရပ်လား ဆိုတော့ ပုံမှန် ကြို့ထိုးတာမျိုး ကတော့ ကိုဗစ်လက္ခဏာ မဟုတ်ပေမယ့် အချိန်ကြာမြင့်စွာ မရပ်တမ်း ကြို့ထိုးနေတာကတော့ ကိုဗစ်ရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး ဖြစ်ခဲတဲ့ လက္ခဏာတစ်ရပ်လို့ အချို့သော ကုသလေ့လာမှု ရလဒ်တွေအရ သိရပါတယ်။

    ဒီဆောင်းပါးလေးထဲမှာ ကြို့ထိုးတာက ကိုရိုနာဗိုင်းရပ်စ် အသစ်ရဲ့ လက္ခဏာတစ်ရပ်လား။ မကြာခဏ ကြို့ထိုးတာနဲ့ ပတ်သက်လို့ ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသဖို့ လိုမလဲဆိုတာနဲ့ မဖြစ်မနေ သိထားဖို့ လိုမယ့် COVID-19 အကြောင်းလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

    ကြို့ထိုးခြင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ် ကြားက ဆက်စပ်မှု

    လေ့လာကုသမှု ရလဒ်တွေအရ ကြို့ထိုးတာက COVID-19 ရဲ့ ရှားပါးတဲ့ လက္ခဏာ တစ်ရပ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။

    ၂၀၂၀ ခုနှစ်က လေ့လာခဲ့တဲ့ လေ့လာမှုတွေအရ အသက် ၆၄ နှစ်အရွယ် အမျိုးသားတစ်ယောက်မှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရပေမယ့် အခြားလက္ခဏာတွေ ပြသနေတာမျိုး မရှိခဲ့ပါဘူး။ သူ့ဆီမှာ တွေ့ရတဲ့ တစ်ခုတည်းသော လက္ခဏာက ကြို့ထိုးတာပါ။

    အဆိုပါ အမျိုးသားဟာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီးနောက် ၃ ရက်ဆက်တိုက် ကြို့ထိုးနေခဲ့တာပါ။ ဒီအခြေအနေကို အဖြေရှာဖို့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး အဆုတ် ဓာတ်မှန် ရိုက်ကြည့်ခဲ့တဲ့ အခါမှာတော့ သွေးဖြူဥဆဲလ် အရေအတွက် ကျဆင်းနေသလို အဆုတ် နှစ်ဖက်စလုံးမှာ ပိုးဝင်ကူးစက်ခံထားရတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

    ဒီစစ်ဆေးမှုတွေ လုပ်ပြီးတဲ့နောက် နောက်ထပ်စစ်ဆေးမှုတွေ လုပ်ဆောင်ကြည့်တဲ့အခါမှာတော့ ကိုဗစ်ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရပါတယ်။

    အခြား အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း အရေးပေါ်ကုသမှု မခံယူရခင် ၄ ရက်လောက်ဆက်တိုက် ကြို့ထိုးတာမျိုး ရှိခဲ့ပါတယ်။

    လေ့လာမှုတွေအရကတော့ ကြို့ထိုးတာက COVID-19 ရဲ့ ဖြစ်ခဲတဲ့ ဘေးထွက်ဆိုးကျိုး တစ်ရပ်လို့ သိရပါတယ်။ ကိုဗစ် ဗိုင်းရပ်စ် မျိုးစိတ် အသစ်နဲ့ နာတာရှည် ကြို့ထိုးမှုတို့ရဲ့ ကြားက ဆက်စပ်မှုကို သိရှိနိုင်ဖို့ နောက်ထပ်လေ့လာမှုတွေ လုပ်ဆောင်ဖို့တော့ လိုဦးမှာပါ။

    ကြို့ထိုးတယ်ဆိုတာ

    ကြို့ထိုးတယ်ဆိုတာက လူတော်တော်များများ ခံစားဖူးတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ အဆုတ် အောက်ဖက်နားမှာရှိတဲ့ ဝမ်းဗိုက်နဲ့ ရင်ခေါင်းရင်ဝမ်းခြားမြှေး ကျုံ့ဆန့်တာမှုကြောင့် ကြို့ထိုးရတာပါ။ ကြို့ထိုးတာက ထိန်းချုပ်ဖို့ ခက်တဲ့ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တစ်ရပ်ပါ။

    ကြို့ထိုးတာက အစားစားတုန်း လေရှူမိတာ၊ စိတ်ဖိစီးတာလိုမျိုး အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်​ ကြို့ထိုးတာက တစ်ခါတလေမှာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နေတတ်ပါတယ်။

    ကြို့ထိုးတာက မိနစ်ပိုင်းလောက်ပဲ ကြာနိုင်သလို နာရီနဲ့ချီပြီးလည်း ကြာနိုင်ပါတယ်။ ဒါပေမယ့် ကြို့ထိုးတာက ၄၈ နာရီနဲ့အထက် ကြာပြီဆိုရင်တော့ ကျန်းမာရေးစစ်ဆေးမှု ခံယူဖို့ လိုပါမယ်။

    ဒါကြောင့် အခုလိုကာလမှာ

    • အဖျားရှိမယ်
    • ကြွက်သားတွေ နာကျင်မယ်
    • ကိုယ်လက်တွေ ကိုက်ခဲမယ်
    • ချောင်းဆိုးမယ်
    • လည်ချောင်းနာမယ်
    • အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်မယ်
    • အသက်ရှူရ ခက်မယ်
    • အော့အန်မယ်
    • ဝမ်းသွားမယ်
    • သွေးတွင်းအောက်စီဂျင် ကျမယ်
    • အနံ့ ပျောက်မယ်
    • အရသာ ပျောက်မယ်
    • ခေါင်းကိုက်မယ် စတဲ့ လက္ခဏာတွေ အပြင် ကြို့ထိုးတာကိုပါ လက္ခဏာ တစ်ရပ်အနေနဲ့ သတိထားကြဖို့ ပြောပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement