backup og meta

အမျိုးသားတွေဟာ Covid-19 ရဲ့ သားကောင် ဖြစ်နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေဟာ Covid-19 ရဲ့ သားကောင် ဖြစ်နေပြီလား

    Covid-19 စတင် ဖြစ်ပွားခဲ့စဉ်ကလည်း ကူးစက်ခံရသူဦးရေကို ယှဉ်ကြည့်တဲ့အခါ ယောက်ျားလေးဦးရေက မိန်းကလေးဦးရေထက် ပိုများနေတယ်ဆိုတဲ့ အကြောင်း ပြောပြခဲ့တာ မှတ်မိကြမယ်လို့ မျှော်လင့်ပါတယ်။ အခုချိန်ထိလည်း လေ့လာကြည့်ရသလောက် ပိုးကူးစက်ခံရသူ အသစ်တွေမှာလည်း ယောက်ျားလေး ဦးရေ ပိုများတဲ့အပြင် ရောဂါဝေဒနာကို ပိုခံစားနေရပါတယ်လို့ ဆိုထားပါတယ်။

    ဘာကြောင့် ဒီလို ဖြစ်တာလဲ။

    စစ်ဆေးတွေ့ရှိချက်အရ အမျိုးသားတွေရဲ့ မှားယွင်းတဲ့ နေထိုင်မှုပုံစံတွေကြောင့် မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင် Covid-19 ရဲ့ဒဏ်ကို ပိုပြီး ခံစားရနိုင်ပါတယ်။ အဓိက အကြောင်းရင်းတွေကတော့

    ၁။ ဆေးလိပ်သောက်ခြင်း

    ဆေးလိပ်သောက်တဲ့သူ အများစုကို ကြည့်လိုက်ရင် ယောက်ျားလေးတွေ ချည်းပါပဲ။ ဆေးလိပ်က အဆုတ်နဲ့ ကျောက်ကပ်ကို ပျက်စီးစေသလို ကိုယ်ခံအားကိုလည်း ကျဆင်းစေတယ်။ Covid-19 ဟာ ကိုယ်တွင်း အင်္ဂါတွေထဲမှာမှ အသက်ရှူလမ်းကြောင်း ကနေတစ်ဆင့် အဆုတ်ကို အများဆုံး ဒုက္ခပေးတဲ့ ပြင်းထန် အဆုတ်ရောင်ရောဂါပါ။ ဒီအတွက်ကြောင့် ဆေးလိပ် အလွန်အကျွံ သောက်တဲ့ အမျိုးသားတွေဟာ တခြားသူတွေထက် ရောဂါကူးစက်နိုင်ခြေ ပိုများရခြင်းပဲ ဖြစ်ပါတယ်။

    ၂။ ရောဂါကို မကြောက်ရွံ့ခြင်း

    တချို့တွေက ရောဂါနဲ့ ပတ်သက်ပြီး သေချာ သိနားလည်ထားခြင်း မရှိတဲ့အတွက် မကြောက်ကြသလို တချို့ကျတော့လည်း သိသိကြီးနဲ့ ဂရုမစိုက်တတ်ကြပါဘူး။ အဲ့တော့ Mask မတပ်ဘဲ အပြင်ကို ထွက်တယ်။ အပေါင်းအသင်းတွေနဲ့ အိမ်မှာ စုပြီး သောက်စားကြတယ်။ အဲ့လိုမျိုး မကြောက်ရွံ့မှုတွေဟာ အမျိုးသားတွေကို Covid-19 ရဲ့ အဓိကပစ်မှတ် ဖြစ်လာဖို့ စတင်စေခဲ့တာပါပဲ။

    ၃။ ဖြစ်သလို နေတတ်ခြင်း

    ယောက်ျားလေး အများစုသည် တစ်ကိုယ်ရေ သန့်ရှင်းမှု အပိုင်းမှာ အရမ်းအားနည်းတတ်ပါတယ်။ အဲ့တော့ အပြင်သွားပြီး ပြန်လာရင် ရေမချိုး၊ သန့်ရှင်းရေးလည်း မလုပ်၊ အဝတ်အစားတွေကို မလဲဘဲ ဒီအတိုင်း နေနေတာမျိုး၊ အပြင်သွားတဲ့အခါလည်း လက်ကို မဆေးဘဲ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်ပွတ်လိုက်တာ၊ လက်မဆေးတဲ့ အကျင့် စတာတွေကြောင့် ကူးစက်ခံရနိုင်ခြေသည် မိန်းကလေးတွေထက် ပိုများနိုင်ပါတယ်။

    ၄။ ကိုယ်ခံအားနည်းခြင်း

    ယောက်ျားဆိုတော့ လူကောင်ပိုကြီးတဲ့အတွက် မိန်းကလေးတွေထက် ပိုသန်တာပေါ့၊ ပိုကျန်းမာတာပေါ့ လို့ ထင်တတ်ကြပါတယ်။ အဲ့ဒီ အယူအဆဟာ လူတိုင်းအတွက် မဟုတ်ပါဘူး။ အထူးသဖြင့် ဆေးလိပ်၊ အရက်၊ Vape သောက်တဲ့ အမျိုးသားတွေအတွက်တော့ လုံးဝ မဟုတ်ပါဘူး။ မူးယစ်ဆေးဝါး စာရင်းဝင် ဆေးလိပ်၊ အရက်၊ Vape တွေဟာ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေရုံသာမက ကိုယ်ခံအားစနစ်ကိုလည်း ကောင်းကောင်း ဒုက္ခပေးပါတယ်။ ကိုယ်ခံအားစနစ် ကျဆင်းခြင်းရဲ့ နောက်ဆက်တွဲကတော့ ကိုယ်ခန္ဓာထဲ ဝင်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်ခြင်း မရှိတော့တာပါ။ အဲ့လို မတိုက်ထုတ်နိုင်တဲ့အခါ ရောဂါပိုးမွှားတွေက ကိုယ်တွင်းအင်္ဂါထဲ အချိန်ကြာမြင့်စွာ နေပြီး ဆဲလ်အကောင်းတွေကို ဖျက်ဆီးပစ်သလို ရောဂါပိုးတွေ ပွှားတဲ့ နှုန်းကိုလည်း အဆမတန် မြင့်တက်စေပါတယ်။

    ၅။ ဆရာဝန်နဲ့ ပြရမှာကို ရှက်ခြင်း

    ယောက်ျားလေးဆိုရင် သူများထက် ပိုပြီး သန်မာရမှာပေါ့၊ ကျန်းမာရမှာပေါ့၊ နေမကောင်းဘူးဆိုတာ ပျော့ညံ့တဲ့ ယောက်ျားတွေမှာပဲ ဖြစ်တာ၊ စတဲ့ အတွေးအခေါ်တွေ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်မှာ ယောက်ျားလေးဖြစ်လာရတဲ့အခါ ကိုယ်နေမကောင်းလို့ ဆေးခန်းပြချင်ရင်တောင် တခြားသူက တစ်မျိုးထင်သွားမလားဆိုတဲ့ ပူပန်စိတ်တွေ ရှိတတ်ပါတယ်။ တချို့ကျတော့လည်း ပိုက်ဆံကုန်မှာ စိုးလို့၊ မိသားစုနဲ့ ခွဲထားမှာ ကြောက်လို့၊ ရောဂါရဲ့ အဖြေကို သိရမှာ ကြောက်လို့ အစရှိသဖြင့် အကြောင်းရင်းမျိုးစုံနဲ့ ဆေးခန်း သွားမပြတတ်ပါဘူး။ ခုလို ကပ်ဘေးကာလမှာတော့ ဒီလို အပြုအမူက ကိုယ့်အတွက်သာမက ကိုယ့်မိသားစုကိုပါ အသက်ဘေးအန္တရာယ်ကို ဖြစ်စေနိုင်တယ်ဆိုတာ မမေ့ထားသင့်ပါဘူးနော်။

    ၆။ ဝှေးစေ့ထဲမှာ ရောဂါပိုး အောင်းနေတဲ့ အယူအဆ

    ဟိုတလောက ထွက်လာတဲ့ သတင်းတစ်ပုဒ်အရ ကိုရိုနာဗိုင်းရပ်စ်ဟာ အမျိုးသားတွေရဲ့ ဝှေးစေ့ထဲမှာ အောင်းနေတဲ့အတွက် ကိုယ်ခံအားစနစ်က တိုက်ထုတ်ရခက်ပြီး တခြား အစိတ်အပိုင်းတွေဆီကို မြန်မြန်ပျံ့စေတယ်ဆိုတဲ့ အချက်ပါ။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ တထစ်ချ အတည်ပြုထားခြင်းတော့ မရှိသေးဘဲ သုံးသပ်ချက်အနေနဲ့သာ ရှိပါသေးတယ်။

    ဘယ်လိုပဲ ဖြစ်ဖြစ် အမျိုးသားတွေအနေနဲ့ ခုလိုအချိန်မှာ မပေါ့သင့်တော့ပါဘူးနော်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ကံကောင်းစွာနဲ့ ရောဂါပိုး ကူးစက်ခံရတဲ့ အရေအတွက် သိပ်မများသေးသလို လက်ရှိအခြေအနေအရ ကြည့်ရင် တော်တော်လေး အခြေအနေ ကောင်းနေတယ်လို့ ဆိုရမှာပါ။ ဒီအခြေအနေကို ဆက်ပြီး ထိန်းထားနိုင်ဖို့ တစ်နိုင်ငံလုံး တစ်တပ်တစ်အား ဝိုင်းဝန်းကူညီကြဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ အမြဲတမ်း လက်ဆေးဖို့၊ လူစုလူဝေး မသွားဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement