နှလုံး ဆိုတာ မွေးကတည်းက အလုပ်လုပ်နေရတဲ့ ကိုယ်ခန္ဓာက အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။ နှလုံးမှာရှိတဲ့ အစိတ်အပိုင်းအားလုံးဟာ သူ့နေရာနဲ့သူ တာဝန်တွေကို ဆောင်ရွက်နေကြရပါတယ်။ နှလုံးက မရပ်မနားခုန်နေမှဖြစ်တဲ့အတွက် နှလုံးကြွက်သားတွေကလည်း ကျုံ့လိုက်ဆန့်လိုက်နဲ့ မရပ်မနားအလုပ်လုပ်ပေးကြရပါတယ်။
ဒါပေမယ့် သူ့ရဲ့အလုပ်ကို ရောဂါတွေရဲ့ နှောင့်ယှက်မှုခံလာရတဲ့အခါမှာ ခန္ဓာကိုယ်အနှံ့အပြားကို သွေးရောက်ဖို့အတွက် နှလုံးကြွက်သားတွေက သာမန်ထက်ပိုအလုပ်လုပ်လာရတယ်။ ဒီလိုနဲ့အချိန်ကြာလာတဲ့အခါ မနိုင်ဝန် ထမ်းရတဲ့ ကြွက်သားတွေထုံးစံအတိုင်း ထူထူထဲထဲတွေဖြစ်လာတယ်၊ ကျုံ့နိုင်ဆန့်နိုင်စွမ်းတွေနည်းလာတယ်။ ဒီအခြေအနေကို Cardiomyopathy ( နှလုံးကြွက်သား ထူလာခြင်းကြောင့် နှလုံးကြီးခြင်း) လို့ ခေါ်ပါတယ်။
ကြွက်သားကြီးလာတဲ့နောက်မှာ နှလုံးအားနည်းလာတယ်။ နှလုံးအားနည်းရင် အမောဖောက်လာတယ်။ လုပ်ရိုးလုပ်စဉ်တွေတောင် မလုပ်နိုင်တော့ဘူး။ ခန္ဓာကိုယ်ကို သွေးတွေ ပုံမှန်မရောက်တော့ နှလုံးက ပိုအလုပ်လုပ်ပေးရှာတယ်။ ဒါပေမယ့် စည်းချက်တွေမမှန်တော့ဘူး။ ခုန်ချင်သလိုတွေ ခုန်လာတယ်။ နောက်ဆုံးလုံးဝမနိုင်တော့ဘူးဆိုရင် နှလုံးပျက်စီးသွားပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။
Cardiomyopathy ( နှလုံးကြွက်သား ထူလာခြင်းကြောင့် နှလုံးကြီးခြင်း) ဘယ်နှစ်မျိုးရှိလဲ။ ။
အမျိုးအစား ၄ ခုရှိပြီး သူ့ကို ဖြစ်စေတဲ့ အကြောင်းကို လိုက်ပြီး ခွဲခြားလို့ရပါတယ်။
- Dilated Cardiomyopathy
အဖြစ်အများဆုံးပါ။ အဓိကဖြစ်ရတဲ့ အကြောင်းကတော့ နှလုံးရဲ့ ကြွက်သားတွေ ထူထဲလာပြီး အားနည်းလာတာကြောင့် သွေးလှောင်ခန်းနဲ့ သွေးပို့ခန်းတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တာပါ။ ဘာကြောင့်စဖြစ်ရလဲဆိုတာကို သေချာမသိကြသေးပါဘူး။
- Hypertrophic Cardiomyopathy
သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်လာတာ ဖြစ်နိုင်သလို အကြောင်းရင်း မယ်မယ်ရရ ရှာမရတာလည်းဖြစ်နိုင်ပါတယ်။
- Ischemic Cardiomyopathy
နှလုံးကြွက်သားတွေကို သွေးထောက်ပံ့တဲ့ နှလုံးသွေးကြောတွေ ကျဉ်းလာတာကြောင့် အားနဲ့ ညှစ်ရတဲ့အတွက် နှလုံးကြွက်သားတွေ ထူပြီးအားနည်းလာတာပါ။
- Restrictive Cardiomyopathy
နှလုံးအောက်ဘက် သွေးလွှတ်ခန်းနံရံတွေ ကျုံ့နိုင်ဆန့်နိုင်အားလျော့လာပြီး သွေးကောင်းကောင်း မညှစ်နိုင်တာကြောင့်ဖြစ်ရတာပါ။
Cardiomyopathy ( နှလုံးကြွက်သား ထူလာခြင်းကြောင့် နှလုံးကြီးခြင်း) ရဲ့ လက္ခဏာတွေကဘာတွေလဲ။ ။
နှလုံးရောဂါတွေရဲ့ လက္ခဏာအတိုင်း
- လှုပ်လှုပ်ရှားရှားလုပ်ရင် မောလာတာ။ ပိုဆိုးတဲ့အခြေအနေတွေဆို ထိုင်နေရင်းနဲ့ ကိုမောနေတာ။
- ခြေသလုံးတို့ ခြေကျင်းဝတ်တို့ ခြေခုံတို့မှာ ဖောလာတာ။
- ဗိုက်မှာလည်း ရေဖျဉ်းဆွဲသလို အရည်တွေပြည့်ပြီး ဖောင်းနေတာ။
- လူက မောပန်းလွယ်နေတာ။
- ရင်တုန်တာ။
- ခေါင်းမကြည် မူးဝေနေတတ်တာ။
- ရင်ဘတ်အပေါ်မှာ တစ်ခုခုဖိထားသလို အောင့်ပြီး နေလို့ထိုင်လို့ မကောင်းတာတွေဖြစ်ပါတယ်။
နှလုံးကြီးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုး
နှလုံးကြီးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့
- နှလုံးကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ အမောဖောက်လာတာ
- သွေးတွေကို ကောင်းကောင်း မပို့နိုင်တော့ သွေးတွေ စုကျန်ရာကနေ ဖြစ်လာတဲ့ သွေးခဲလေးတွေဖြစ်၊ သွေးလဲလေးတွေ ပြုတ်ထွက် ဦးနှောက်သွေးကြောကို သွားပိတ်ပြီး လေဖြတ်နိုင်တာ
- နှလုံးကြီးလာတော့ နှလုံးမှာရှိတဲ့ အဆို့ရှင်လေးတွေ မလုံတော့တာ
- နောက်ဆုံး နှလုံးရပ်ပြီး အသက်ဆုံးရှုံးတဲ့ အထိဖြစ်နိုင်ပါတယ်။
ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။
ဖြစ်နိုင်ခြေများတဲ့ လူနာတွေကတော့
- သွေးတိုးရောဂါသမားတွေ
- သကြားဓာတ်ကို မထိန်းနိုင်တဲ့ ဆီးချိုရောဂါသမားတွေ
- နှလုံးရောဂါမျိုးရိုးရှိတဲ့သူတွေ
- အရက်သောက်တာများတဲ့သူတွေ
- နှစ်ကြာရှည်စွာဆေးလိပ်သောက်နေတဲ့သူတွေ
- ကင်ဆာဆေးသွင်းနေရတဲ့သူတွေ
- စတီးရွိုက်ဆေးစွဲသုံးနေတဲ့ သူတွေ
- မွေးရာပါ နှလုံးရောဂါဖြစ်နေတဲ့ သူတွေက အခြားသူများထက်စာရင် နှလုံးကြွက်သားကြီးနိုင်ခြေပိုများပါတယ်။
ဘယ်လို စမ်းသပ်ကိရိယာတွေနဲ့ စမ်းသပ်ရင် နှလုံးကြီးနေတာကို သိနိုင်လဲ။
- Chest X Ray – ရင်ဘတ်ဓာတ်မှန်မှာ ပေါ်တဲ့ နှလုံးပုံရိပ်ကို ကြည့်ပြီး ကြီးမကြီးသိနိုင်တယ်။
- ECG – နှလုံးစက်ဆွဲပြီးရလာတဲ့ လှိုင်းတွေကိုကြည့်ပြီး နှလုံးကြီးမကြီး သိနိုင်တယ်။
- Echocardiogram (နှလုံးပုံရိပ်ဖမ်းစက်) – အသံလှိုင်းကို အသုံးချပြီး နှလုံးရဲ့ ပုံရိပ်ကို ဖော်နိုင်တယ်။
- Treadmill stress Test – ပြေးစက်ပေါ်ပြေးခိုင်းပြီး နှလုံးဘယ်လောက် အမောခံနိုင်သေးလဲ စမ်းသပ်နိုင်တယ်။
- Cardiac Catheterization – ပေါင်မှာရှိတဲ့ သွေးကြောကနေ ပိုက်လေးတစ်ချောင်းထည့်ပြီး နှလုံးသွေးကြောအထိရောက်အောင် သွင်းကာ နှလုံးသွေးလှောင်ခန်းတွေမှာ ဖိအားဘယ်လောက်တက်နေပြီလဲ ဆိုတာကို စမ်းသပ်နိုင်တယ်။
- Cardiac Angiography – နှလုံးသွေးကြောကို ဓာတ်မှန်ရိုက်နိုင်တယ်။
- Cardiac MRI – သံလိုက်ဓာတ်မှန်
- CT scan – ကွန်ပျူတာဓာတ်မှန်
တခြားရောဂါကြောင့်များလားဆိုတာ သိနိုင်ဖို့ သွေးစစ်တာ၊ ဆီးစစ်တာ၊ သွေးပေါင်တိုင်းတာ၊ ဆီးချိုစစ်ပေးတာတို့ကို လုပ်ပေးခြင်းဖြင့် ရောဂါကို သိနိုင်ပါတယ်။
နှလုံးကြီးခြင်းအတွက် ကုသမှု
ကုသမှုကတော့ ဖြစ်နေတဲ့ Cardiomyopathy အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ကုသမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နှလုံးကြီးတာကြောင့် ဖြစ်တဲ့ လက်ရှိခံစားနေရတဲ့ဝေဒနာတွေကို သက်သာအောင် လုပ်ပေးတာ၊ ဖြစ်တဲ့ အကြောင်းအရင်းကို ရှာပြီးကုသတာ၊ လက်ရှိအခြေအနေထက် ပိုဆိုးမသွားအောင်ကာကွယ်ပေးတာပဲ ဖြစ်ပါတယ်။
ဆရာဝန်များမှ သောက်ဆေးနဲ့ ထိန်းနိုင်ရင် ဝေဒနာသက်သာအောင် သောက်ဆေးပေးပါတယ်။ ခွဲစိတ်ဖို့ လိုအပ်လာရင်လည်း နှလုံးခွဲစိတ်မှုတွေလုပ်နိုင်ပါသေးတယ်။
ခွဲစိတ်မှု အနေနဲ့ကတော့
- Septal Myectomy( ထူနေတဲ့ နှလုံးကြွက်သားကို ဖြတ်ထုတ်ပေးတာ)
- Heart transplant ( နှလုံးအစားထိုးခွဲစိတ်တာ)
- နှလုံး အဆို့ရှင်ပျက်နေရင် ပြင်ပေးတာ။
- နှလုံးသွေးကြော ကျဉ်းနေရင် ပိုက်ထည့်ပေးပြီး သွေးကောင်းကောင်း စီးလို့ရအောင် လုပ်ပေးတာ အစရှိတဲ့ ခွဲစိတ်မှုတွေ လုပ်ပြီး နှလုံးကြီးတာကို ကုသနိုင်ပါတယ်။
နှလုံးမကြီးအောင် ကြိုတင်ကာကွယ်ခြင်း
နှလုံးရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်ချင်ရင်တော့
- နှလုံး အမောခံနိုင်အောင် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားတာ၊ အငန်၊ အချို လျှော့စားတာ
- ဆေးလိပ်ဖြတ်တာ၊ အရက်ဖြတ်တာ
- ရောဂါအခံ ဥပမာ ဆီးချို၊ သွေးတိုးကို သေချာထိန်းတာ
- ဆရာဝန်ဆီမှာ နှလုံးကျန်းမာရေး စစ်ဆေးချက် တစ်နှစ်တစ်ခါ လုပ်တာ မျိုးတွေ လုပ်ပေးသင့်ပါတယ်။
Takeaways
နှလုံးကြွက်သားတွေ ထူထဲပြီး နှလုံးကြီးတဲ့ ရောဂါဟာ အခန့်မသင့်ရင် အသက်အန္တရာယ် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အစကတည်းက မဖြစ်ခင်ကြိုတင် ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။
[embed-health-tool-heart-rate]