သွေးကြောထုံးတယ်ဆိုတာ ပင့်ကူမျှင်သွေးကြောလေးတွေလိုမျိုး ခြေထောက်မှာသွေးကြောလေးတွေထင်းလာတာလောက်ပဲ၊ မကြာခင်ပျောက်သွားမှာပါလို့ ယူဆတတ်ကြတယ်။ ဒါက စဖြစ်ဖြစ်ချင်း ကနဦးအဆင့်ဆိုတာတော့ မသိကြဘူးမလား။
ပင့်ကူမျှင်သွေးကြောလေးတွေပေါ်လာရာကနေမှ ဖောင်းလာပြီး သွေးကြောထုံးတဲ့ လက္ခဏာတွေဖြစ်လာတာပါ။ အဲဒီနောက် ခြေထောက်တွေ ဖာရောင်လာမယ်၊ အရေပြားအရောင်ပြောင်းလာမယ်၊ရောဂါအဆင့်မြင့်လာရင်အနာမကျက်နိုင်တဲ့ ဆိုးရွားတဲ့ သွေးပြန်ကြောအနာတွေဖြစ်လာမယ်။ ဒီအဆင့်ကိုရောက်ပြီဆိုရင်တော့ ကုသဖို့ခက်ခဲနိင်ပြီး ခြေထောက်ခွဲစိတ်ရတာတွေ၊ အခန့်မသင့်ရင် ခြေထောက်ဖြတ်ပစ်ရတာမျိုးတွေအထိဖြစ်လာနိုင်တဲ့အတွက် အစောပိုင်းအဆင့်မှာကတည်းက စနစ်တကျသေချာကုသဖို့လိုအပ်ပါမယ်။
နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ
သွေးပြန်ကြောတွေဟာ နှလုံးဆီကိုသွေးပြန်ပို့လွှတ်ရတဲ့သွေးလည်ပတ်မှုစနစ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ခြေထောက်မှာရှိတဲ့သွေးပြန်ကြောတွေမှာ နှလုံးဆီကိုသွေးပြန်လည်စီးဝင်မှုကိုထိန်းပေးမယ့် အဆို့ရှင်လေးတွေပါရှိပါတယ်။ အဲဒီအဆို့လေးတွေ အားနည်းလာတဲ့အခါသွေးကပြန်မစီးဝင်တော့ဘဲခြေထောက်မှာပဲစုပုံကျန်ရစ်စေပါတယ်။ ဒါကိုနာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (Chronic venous insufficiency) လို့ခေါ်ပါတယ်။ နာတာရှည်ရောဂါဖြစ်တဲ့ ဒီအဆင့်ဆိုခြေထောက်မှာစုနေတဲ့အရည်တွေကြောင့်ရောင်ရမ်းရာကနေ တစ်ရှူးတွေထဲကို အာဟာရဓါတ်တွေနဲ့အောက်ဆီဂျင်တွေမရောက်ရှိနိုင်အောင် အဟန့်အတားဖြစ်စေပါတယ်။ လိုအပ်တဲ့ဓါတ်တွေမရတော့ ဆဲလ်တွေသဆုံးတယ်၊ တစ်ရှူးတွေပျက်စီးတယ်၊ အချိန်မီ မကုသနိုင်တော့ အနာတွေဖြစ်လာတယ်။
သွေးကြောထုံးတဲ့အနာတွေက ခြေထောက်မှာ ခြေကျင်းဝတ်အပေါ်နား အများဆုံးဖြစ်လေ့ရှိပြီး အနာကျက်ဖို့နှေးတတ်ပါတယ်။
လက္ခဏာတွေ ဘယ်လိုသိသာလာမလဲ
ခြေထောက် သွေးပြန်ကြောမှာသွေးတွေစုလာတဲ့အခါသွေးဆဲလ်တွေက အရေပြားနဲ့ တစ်ရှူးတွေထဲကိုစိမ့်ထွက်လာပါတယ်။ အဲဒီကနေ အရေပြားမှာယားယံလာ၊ အရေပြားပါးလာပြီး အရေပြားမှာ အပြောင်းအလဲတွေဖြစ်လာတာကနာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ ရဲ့ အစောပိုင်းလက္ခဏာဖြစ်ပါတယ်။
တခြားလက္ခဏာတွေက
- ခြေထောက်က ရောင်ရမ်းလာ၊လေးလံလာ၊ ကိုက်ခဲလာတာ
- အရေပြားမှာ (သွေးယိုလာတဲ့လက္ခဏာ) အညိုရောင်၊ခရမ်းရောင်၊နီညိုရင့်ရောင်တွေဖြစ်လာတာ၊ အရေပြားမာလာတာ
- ယားယံတာ၊ ထုံလာတာ
- နာကျင်ကိုက်ခဲတာ
- အရေပြားမှာ တင်းတင်းကြီးဖြစ်လာတာ၊ ပူလောင်တဲ့ခံစားချက်ဖြစ်လာတာတွေပါဝင်ပါတယ်။
- အနာလေးတွေဖြစ်လာရာကနေ ပိုးဝင်သွားခဲ့ရင် အနံ့ဆိုးတွေထွက်ပြီးပြည်တည်လာနိုင်တယ်။
ဘယ်လိုကာကွယ်ကုသမလဲ
နေရထိုင်ရတာအဆင်မပြေဘဲ ဒီလက္ခဏာလေးတွေ အစပြုနေပြီဆိုရင်ရှေ့ဆက်မတိုးဘဲ သက်သာသွားစေဖို့ အထောက်အကူဖြစ်မယ့်နည်းလမ်းတွေရှိပါတယ်။ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေအထိ မရောက်ခင် ကုသနိုင်မယ်ဆို အကောင်းဆုံးပေါ့။
- လှုပ်ရှားမှုရှိရမယ် –ခန္ဓါကိုယ်လှုပ်ရှားလေသွေးလည်ပတ်မှုကောင်းလေဖြစ်ပါတယ်။သွေးပြန်ကြောရောဂါမဖြစ်အောင်လို့ လမ်းလျှောက်ပေးပါ။ တခြားကိုယ်လက်လေ့ကျင့်ခန်းတွေကိုတော့ ကိုယ်လုပ်နိုင်တဲ့အဆင့်လောက်ပဲ လုပ်ပါ။
- ကိုယ်အလေးချိန်ထိန်းပါ – ကိုယ်အလေးချိန်ကို မလွန်ကဲအောင် အမြဲစစ်ဆေးထိန်းသိမ်းပါ။ အစားအသောက်ကိုလည်း ကျန်းမာရေးနဲ့ညီအောင် ဆင်ခြင်စားပါ။ အငန်နည်းပြီး အမျှင်ဓါတ်ပါဝင်မှုများတဲ့အစားအစာတွေကရောင်ရမ်းမှုကို သက်သာစေပြီး ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။
- ဝတ်စားဆင်ယင်ပုံကို သက်တောင့်သက်သာဖြစ်တာရွေးချယ်ပါ –ဒေါက်မြင့်ဖိနပ်တွေမစီးပါနဲ့။ဒေါက်ဖိနပ်တွေကခြေသလုံးကြွက်သားတွေကို ဖိအားဖြစ်စေပြီး တောင့်တင်းစေတာကြောင့်သွေးပြန်ကြောကိုထိခိုက်စေတဲ့အန္တရာယ်ရှိပါတယ်။
- ခြေထောက်ကို တတ်နိုင်သလောက် ဂရုစိုက်ပါ –ထိုင်ရာမထ အလုပ်စားပွဲမှာ ကျောက်ချနေရရင်တောင်ခြေထောက်ကို ခဏလောက်ပဲဖြစ်ဖြစ် မကြာခဏ လှုပ်ရှားပေးပါ။ စက်ဘီးစီးသလိုခြေထောက်လှုပ်ရှားမှုမျိုး လုပ်တာ၊ခြေထောက်ကို နှလုံးနဲ့တစ်တန်းတည်းဖြစ်အောင်မြှင့်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ပုံစံအနေအထားတစ်မျိုးတည်းနဲ့ ခြေထောက်ကိုအကြာကြီး ဖိထိုင်တာ၊သွေးလည်ပတ်မှုကိုအနှောင့်အယှက်ဖြစ်စေလောက်တဲ့ပုံစံ( တင်ပလ္လင်ခွေထိုင်တာမျိုး၊ခြေထောက်ချိတ်ထိုင်တာမျိုး) အကြာကြီးထိုင်ဖြစ်တယ်ဆို ခဏလောက်တော့ ထလှုပ်ရှားပေးပါ။ နာရီဝက်တစ်ကြိမ်လောက်တော့ နည်းနည်းလှုပ်ရှားပေးသင့်ပါတယ်။
- Compression stockings တွေဝတ်ပါ –သွေးပြန်ကြောတွေနဲ့ခြေထောက်ကြွက်သားတွေကို ဖိအားသက်ရောက်မှုထိန်းပေးတဲ့ စတော်ကင်တွေကို လိုအပ်သလိုဝတ်ထားဖို့ ဆရာဝန်ကညွှန်ကြားနိုင်ပါတယ်။ သိပ်တင်းကျပ်မနေဖို့၊ မမာကျောနေဖို့အတွက် သင့်တော်တဲ့compression stockingsတွေကို ဆရာဝန်ကရွေးချယ်ညွှန်ကြားပါလိမ့်မယ်။
- ဆေးသောက်ပါ –သွေးပြန်ကြောထုံးတာတွေအတွက်ရောဂါသက်သာအောင် ကုသပေးတဲ့ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်သုံးပါ။ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါရဲ့ အဆိုးဆုံးလက္ခဏာတွေကို ကာကွယ်နိုင်ဖို့ သောက်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မပါဘဲလည်း ဝယ်ယူနိုင်ပေမယ့် တတ်ကျွမ်းနားလည်သူနဲ့ပဲ အမြဲတိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။
အပေါ်မှာရှင်းပြခဲ့သလိုပဲသွေးလည်ပတ်မှုကို အမြဲဂရုစိုက်ပေးမယ်ဆိုရင် ဒီလိုရောဂါတွေကာကွယ်နိုင်မှာ၊ သက်သာစေမှာဖြစ်ပါတယ်။ ကိုယ့်မှာများဖြစ်နေပြီလား မသေချာရင်၊ လက္ခဏာတစ်ခုခုတွေ့နေပြီ၊ ဂရုစိုက်လိုက်နာနေရင်းတောင် လက္ခဏာက တာရှည်နေပြီဆိုရင် ဆရာဝန်ပြပြီး ကုသမှုခံယူပါ။
[embed-health-tool-heart-rate]