backup og meta

နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါရဲ့ အဆိုးဆုံး လက္ခဏာတွေကို ဘယ်လိုကာကွယ်ကုသမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါရဲ့ အဆိုးဆုံး လက္ခဏာတွေကို ဘယ်လိုကာကွယ်ကုသမလဲ

    သွေးကြောထုံးတယ်ဆိုတာ ပင့်ကူမျှင်သွေးကြောလေးတွေလိုမျိုး ခြေထောက်မှာသွေးကြောလေးတွေထင်းလာတာလောက်ပဲ၊ မကြာခင်ပျောက်သွားမှာပါလို့ ယူဆတတ်ကြတယ်။ ဒါက စဖြစ်ဖြစ်ချင်း ကနဦးအဆင့်ဆိုတာတော့ မသိကြဘူးမလား။

    ပင့်ကူမျှင်သွေးကြောလေးတွေပေါ်လာရာကနေမှ ဖောင်းလာပြီး သွေးကြောထုံးတဲ့ လက္ခဏာတွေဖြစ်လာတာပါ။ အဲဒီနောက် ခြေထောက်တွေ ဖာရောင်လာမယ်၊ အရေပြားအရောင်ပြောင်းလာမယ်၊ရောဂါအဆင့်မြင့်လာရင်အနာမကျက်နိုင်တဲ့ ဆိုးရွားတဲ့ သွေးပြန်ကြောအနာတွေဖြစ်လာမယ်။ ဒီအဆင့်ကိုရောက်ပြီဆိုရင်တော့ ကုသဖို့ခက်ခဲနိင်ပြီး ခြေထောက်ခွဲစိတ်ရတာတွေ၊ အခန့်မသင့်ရင် ခြေထောက်ဖြတ်ပစ်ရတာမျိုးတွေအထိဖြစ်လာနိုင်တဲ့အတွက် အစောပိုင်းအဆင့်မှာကတည်းက စနစ်တကျသေချာကုသဖို့လိုအပ်ပါမယ်။

    နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါဆိုတာ

    သွေးပြန်ကြောတွေဟာ နှလုံးဆီကိုသွေးပြန်ပို့လွှတ်ရတဲ့သွေးလည်ပတ်မှုစနစ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ခြေထောက်မှာရှိတဲ့သွေးပြန်ကြောတွေမှာ နှလုံးဆီကိုသွေးပြန်လည်စီးဝင်မှုကိုထိန်းပေးမယ့် အဆို့ရှင်လေးတွေပါရှိပါတယ်။ အဲဒီအဆို့လေးတွေ အားနည်းလာတဲ့အခါသွေးကပြန်မစီးဝင်တော့ဘဲခြေထောက်မှာပဲစုပုံကျန်ရစ်စေပါတယ်။ ဒါကိုနာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (Chronic venous insufficiency) လို့ခေါ်ပါတယ်။ နာတာရှည်ရောဂါဖြစ်တဲ့ ဒီအဆင့်ဆိုခြေထောက်မှာစုနေတဲ့အရည်တွေကြောင့်ရောင်ရမ်းရာကနေ တစ်ရှူးတွေထဲကို အာဟာရဓါတ်တွေနဲ့အောက်ဆီဂျင်တွေမရောက်ရှိနိုင်အောင် အဟန့်အတားဖြစ်စေပါတယ်။ လိုအပ်တဲ့ဓါတ်တွေမရတော့ ဆဲလ်တွေသဆုံးတယ်၊ တစ်ရှူးတွေပျက်စီးတယ်၊ အချိန်မီ မကုသနိုင်တော့ အနာတွေဖြစ်လာတယ်။

    သွေးကြောထုံးတဲ့အနာတွေက ခြေထောက်မှာ ခြေကျင်းဝတ်အပေါ်နား အများဆုံးဖြစ်လေ့ရှိပြီး အနာကျက်ဖို့နှေးတတ်ပါတယ်။

    လက္ခဏာတွေ ဘယ်လိုသိသာလာမလဲ

    ခြေထောက် သွေးပြန်ကြောမှာသွေးတွေစုလာတဲ့အခါသွေးဆဲလ်တွေက အရေပြားနဲ့ တစ်ရှူးတွေထဲကိုစိမ့်ထွက်လာပါတယ်။ အဲဒီကနေ အရေပြားမှာယားယံလာ၊ အရေပြားပါးလာပြီး အရေပြားမှာ အပြောင်းအလဲတွေဖြစ်လာတာကနာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ ရဲ့ အစောပိုင်းလက္ခဏာဖြစ်ပါတယ်။

    တခြားလက္ခဏာတွေက

    • ခြေထောက်က ရောင်ရမ်းလာ၊လေးလံလာ၊ ကိုက်ခဲလာတာ
    • အရေပြားမှာ (သွေးယိုလာတဲ့လက္ခဏာ) အညိုရောင်၊ခရမ်းရောင်၊နီညိုရင့်ရောင်တွေဖြစ်လာတာ၊ အရေပြားမာလာတာ
    • ယားယံတာ၊ ထုံလာတာ
    • နာကျင်ကိုက်ခဲတာ
    • အရေပြားမှာ တင်းတင်းကြီးဖြစ်လာတာ၊ ပူလောင်တဲ့ခံစားချက်ဖြစ်လာတာတွေပါဝင်ပါတယ်။
    • အနာလေးတွေဖြစ်လာရာကနေ ပိုးဝင်သွားခဲ့ရင် အနံ့ဆိုးတွေထွက်ပြီးပြည်တည်လာနိုင်တယ်။

    ဘယ်လိုကာကွယ်ကုသမလဲ

    နေရထိုင်ရတာအဆင်မပြေဘဲ ဒီလက္ခဏာလေးတွေ အစပြုနေပြီဆိုရင်ရှေ့ဆက်မတိုးဘဲ သက်သာသွားစေဖို့ အထောက်အကူဖြစ်မယ့်နည်းလမ်းတွေရှိပါတယ်။ ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေအထိ မရောက်ခင် ကုသနိုင်မယ်ဆို အကောင်းဆုံးပေါ့။

    • လှုပ်ရှားမှုရှိရမယ်ခန္ဓါကိုယ်လှုပ်ရှားလေသွေးလည်ပတ်မှုကောင်းလေဖြစ်ပါတယ်။သွေးပြန်ကြောရောဂါမဖြစ်အောင်လို့ လမ်းလျှောက်ပေးပါ။ တခြားကိုယ်လက်လေ့ကျင့်ခန်းတွေကိုတော့ ကိုယ်လုပ်နိုင်တဲ့အဆင့်လောက်ပဲ လုပ်ပါ။
    • ကိုယ်အလေးချိန်ထိန်းပါ ကိုယ်အလေးချိန်ကို မလွန်ကဲအောင် အမြဲစစ်ဆေးထိန်းသိမ်းပါ။ အစားအသောက်ကိုလည်း ကျန်းမာရေးနဲ့ညီအောင် ဆင်ခြင်စားပါ။ အငန်နည်းပြီး အမျှင်ဓါတ်ပါဝင်မှုများတဲ့အစားအစာတွေကရောင်ရမ်းမှုကို သက်သာစေပြီး ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။
    • ဝတ်စားဆင်ယင်ပုံကို သက်တောင့်သက်သာဖြစ်တာရွေးချယ်ပါဒေါက်မြင့်ဖိနပ်တွေမစီးပါနဲ့။ဒေါက်ဖိနပ်တွေကခြေသလုံးကြွက်သားတွေကို ဖိအားဖြစ်စေပြီး တောင့်တင်းစေတာကြောင့်သွေးပြန်ကြောကိုထိခိုက်စေတဲ့အန္တရာယ်ရှိပါတယ်။
    • ခြေထောက်ကို တတ်နိုင်သလောက် ဂရုစိုက်ပါထိုင်ရာမထ အလုပ်စားပွဲမှာ ကျောက်ချနေရရင်တောင်ခြေထောက်ကို ခဏလောက်ပဲဖြစ်ဖြစ် မကြာခဏ လှုပ်ရှားပေးပါ။ စက်ဘီးစီးသလိုခြေထောက်လှုပ်ရှားမှုမျိုး လုပ်တာ၊ခြေထောက်ကို နှလုံးနဲ့တစ်တန်းတည်းဖြစ်အောင်မြှင့်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ပုံစံအနေအထားတစ်မျိုးတည်းနဲ့ ခြေထောက်ကိုအကြာကြီး ဖိထိုင်တာ၊သွေးလည်ပတ်မှုကိုအနှောင့်အယှက်ဖြစ်စေလောက်တဲ့ပုံစံ( တင်ပလ္လင်ခွေထိုင်တာမျိုး၊ခြေထောက်ချိတ်ထိုင်တာမျိုး) အကြာကြီးထိုင်ဖြစ်တယ်ဆို ခဏလောက်တော့ ထလှုပ်ရှားပေးပါ။ နာရီဝက်တစ်ကြိမ်လောက်တော့ နည်းနည်းလှုပ်ရှားပေးသင့်ပါတယ်။
    • Compression stockings တွေဝတ်ပါသွေးပြန်ကြောတွေနဲ့ခြေထောက်ကြွက်သားတွေကို ဖိအားသက်ရောက်မှုထိန်းပေးတဲ့ စတော်ကင်တွေကို လိုအပ်သလိုဝတ်ထားဖို့ ဆရာဝန်ကညွှန်ကြားနိုင်ပါတယ်။ သိပ်တင်းကျပ်မနေဖို့၊ မမာကျောနေဖို့အတွက် သင့်တော်တဲ့compression stockingsတွေကို ဆရာဝန်ကရွေးချယ်ညွှန်ကြားပါလိမ့်မယ်။
    • ဆေးသောက်ပါသွေးပြန်ကြောထုံးတာတွေအတွက်ရောဂါသက်သာအောင် ကုသပေးတဲ့ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်သုံးပါ။ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါရဲ့ အဆိုးဆုံးလက္ခဏာတွေကို ကာကွယ်နိုင်ဖို့ သောက်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မပါဘဲလည်း ဝယ်ယူနိုင်ပေမယ့် တတ်ကျွမ်းနားလည်သူနဲ့ပဲ အမြဲတိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

    အပေါ်မှာရှင်းပြခဲ့သလိုပဲသွေးလည်ပတ်မှုကို အမြဲဂရုစိုက်ပေးမယ်ဆိုရင် ဒီလိုရောဂါတွေကာကွယ်နိုင်မှာ၊ သက်သာစေမှာဖြစ်ပါတယ်။ ကိုယ့်မှာများဖြစ်နေပြီလား မသေချာရင်၊ လက္ခဏာတစ်ခုခုတွေ့နေပြီ၊ ဂရုစိုက်လိုက်နာနေရင်းတောင် လက္ခဏာက တာရှည်နေပြီဆိုရင် ဆရာဝန်ပြပြီး ကုသမှုခံယူပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement