backup og meta

မတော်တဆ အရွတ်ထိခိုက်၊ ဒဏ်ဖြစ်တာတွေ သက်သာစေမယ့် နည်းလမ်း (၇) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မတော်တဆ အရွတ်ထိခိုက်၊ ဒဏ်ဖြစ်တာတွေ သက်သာစေမယ့် နည်းလမ်း (၇) ချက်
    လမ်းသွားနေရင်းခြေကျင်းဝတ်ကခြေခေါက်သွားတယ်၊လှေကားဆင်းရင်း ဒူးက မျက်ခနဲဖြစ်သွားတယ်၊ချော်လဲတဲ့အခါ ဒါမှမဟုတ် ဟန်ချက်ပျက်တဲ့အခါ လက်ကထောက်လိုက်မိတယ်။ ဒီအခြေအနေမျိုးတွေက အဖြစ်များကြပေမယ့် အမှတ်တမဲ့ ဆက်လှုပ်ရှားကြတာပဲ။ဖြစ်တဲ့အချိန်နာပေမယ့် ခဏနေ သက်သာသွားတာပဲဆိုပြီး အတော်ကြာမှရောင်လာ၊ ပိုနာကျင်လာတာမျိုးကြုံဖူးတယ်မလား။ အဲဒါ အရွတ်ထိခိုက်သွားတာ၊ အရွတ်စုတ်ပြဲသွားတာဖြစ်နိုင်ပါတယ်။ အများအားဖြင့်ခြေကျင်းဝတ်၊ ဒူး၊ လက်ကောက်ဝတ် စတဲ့ တွယ်ဆက်အရွတ်တွေရှိတဲ့ အဆစ်တွေနားမှာဖြစ်တတ်ပါတယ်။ နောက်တစ်မျိုးက လှုပ်ရှားမှုကြောင့် ကြွက်သားမှာ ဒဏ်ဖြစ်သွားတာပါ။ ပုံမှန်နဲ့မတူတဲ့ အနေအထားနဲ့ရုတ်တရက်လှုပ်ရှားမိလိုက်တဲ့အခါ (ရုတ်တရက် ပြေးတာ၊ ခုန်တာ၊ လှမ်းပစ်လိုက်တာ၊ချော်လဲတဲ့အခါ မီရာလှမ်းဆွဲလိုက်မိတာ၊ အနေအထားမမှန်ဘဲ အလေးအပင်မ လိုက်တာ) ဒဏ်ဖြစ်သွားတတ်တယ် ဒါမှမဟုတ် ကြွက်သားအသုံးပြုရတဲ့လှုပ်ရှားမှုတစ်ခုကို အချိန်ကြာကြာ၊ အကြိမ်ကြိမ်လုပ်မိတဲ့အခါ (ဂေါ့ဖ်ရိုက်တာ၊ တင်းနစ်၊ လှေလှော် စတဲ့ အားကစားလှုပ်ရှားမှုတွေ) နာတာရှည် ကြွက်သားဒဏ်ဖြစ်ခြင်းဝေဒနာဖြစ်လာတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ နာကျင်ကိုက်ခဲမှုဖြစ်လာရင် အရင်ဆုံးလုပ်မိကြတာ အကိုက်အခဲပျောက်ဆေးဝယ်သောက်ကြတာပါ။ တစ်လုံးသောက်လို့မသက်သာရင် နှစ်လုံးသောက်ကြည့်မယ်ဆိုတာချည်းပဲ။ဘေးထွက်ဆိုးကျိုးနဲ့ ထိခိုက်မှုတွေကို မသိကြသလို ယာယီသက်သာဖို့ပဲ ဦးစားပေးမိတတ်ပါတယ်။ ဒါ့ကြောင့် အခုလို မတော်တဆဒဏ်ဖြစ်စေတဲ့အဖြစ်တွေကြုံလာရင် ဘယ်လိုသက်သာအောင် လုပ်နိုင်မလဲ အကြံပြုပေးလိုက်ပါတယ်နော်။

    နာကျင်မှုသက်သာစေမယ့် နည်းလမ်း (၇) ချက်

    (၁) ထိခိုက်ထားတဲ့နေရာကို အနားပေးပါ

    မဖြစ်မနေလိုအပ်လို့ လှုပ်ရှားရတာကလွဲလို့ ထိခိုက်ထားတဲ့ လက် သို့မဟုတ်ခြေထောက်ကို တတ်နိုင်သလောက် အနားပေးထားပါ။ လိုအပ်လာရင်ဆေးစည်းထားတာ၊ ဒူးစွပ်စွပ်တာပတ်တီးစည်းတာလည်း အထောက်အကူဖြစ်စေပါတယ်။ လှုပ်လှုပ်ရှားရှားသိပ်မလုပ်ပါနဲ့။

    (၂) ရုတ်တရက်ဖြစ်တဲ့ ထိခိုက်နာကျင်မှုဆိုရင်ရေခဲကပ်ပါ

    ထိခိုက်တဲ့နေရာကိုရေခဲ(ရေခဲကို တဘက်အပါးလေးနဲ့ပတ်ထားပါ)ကပ်ပေးပါ။ အရေပြားမထိခိုက်စေဖို့ရေခဲကို အသားမှာဘယ်တော့မှ တိုက်ရိုက်မကပ်ပါနဲ့။ တစ်ခါကပ်ရင် မိနစ် ၂၀လောက်၊ တစ်နာရီခြားတစ်ကြိမ် နာကျင်မှုနဲ့ရောင်ရမ်းမှုလျော့လာတဲ့အထိ ကပ်ပေးသင့်ပါတယ်။

    (၃) တာရှည်ဒဏ်ဖြစ်နေတာဆိုရင် အနွေးကပ်ပေးပါ

    ကြွက်သားဒဏ်ဖြစ်တာက နာတာရှည်ဖြစ်နေတာဆိုရင်(တစ်လလောက်ကြာနေရင်) အစိုဓါတ်ရှိတဲ့ အနွေးကပ်ပေးသင့်ပါတယ်။ တာရှည်ဒဏ်ဖြစ်ထားတဲ့ကြွက်သားပေါ်ကို ရေနွေးအိတ်လိုမျိုးခြောက်သွေ့တဲ့အပူဓါတ်ပေးခြင်းက တစ်ရှူးတွေကိုရေဓါတ်ဆုံးရှုံးစေပြီး ဝေဒနာကို ပိုဆိုးစေနိုင်လို့မလုပ်သင့်ပါဘူး။ ပေါင်းထားတဲ့တဘက်စလေးနဲ့ အပူငွေ့ငွေ့ကပ်ပေးတာ ဒါမှမဟုတ် ကြပ်ထုပ်ထိုးတာမျိုးက သက်သာနိုင်ပါတယ်။

    (၄) ကျပ်စည်းပါ

    ထိခိုက်ထားတဲ့ လက် သို့မဟုတ်ခြေထောက်အစိတ်အပိုင်းကို ထပ်မထိခိုက်စေဖို့ ကျုံ့ဆန့်နိုင်တဲ့ေဆးပတ်တီးနဲ့ သိုင်းစည်းထားပေးပါ။ ဥပမာခြေကျင်းဝတ် အတွက် သီးသန့်ထုတ်တဲ့ ပတ်တီး၊ ဒူးအတွက်လည်း သီးသန့်ထုတ်တာတွေရှိတာကြောင့် အဆင်ပြေမှာပါ။

    (၅) မြှင့်ထားပါ

    ထိခိုက်ထားတဲ့ခြေ သို့မဟုတ် လက်ကို နှလုံးနဲ့တတန်းတည်းဖြစ်အောင်မြှင့်ထားပေးပါ။ ဒါမှရောင်ရမ်းမှုပိုမဆိုးအောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ထိုင်တဲ့အခါ သို့မဟုတ် လှဲနေတဲ့အခါ ထိခိုက်ထားတဲ့ခြေ/လက်ကို ကူရှင်တစ်ခုပေါ်တင်ထားပါ။ လက်ကို ပတ်တီးနဲ့သိုင်းရင် သိုင်းထားပါ။

    (၆) ကြွက်သားကိုအနည်းငယ်ဆန့်ထုတ်တဲ့လှုပ်ရှားမှုလုပ်ပါ

    ကြွက်သားကို နည်းနည်းလှုပ်ရှားရစေတဲ့ ပေါ့ပေါ့းပါးပါး လေ့ကျင့်ခန်းမျိုးကို လုပ်ပေးပါ။ ထိခိုက်ကာစမှာ နားနေရပေမယ့် အမြဲမလှုပ်ဘဲနေရင် ပိုဆိုးနိုင်ပါတယ်။ နာကျင်မှုသက်သာလာတာနဲ့ ၁၅ စက္ကန့်လောက်ကို တစ်နေ့သုံးကြိမ်လောက် အသာလေးလှုပ်ရှားပေးပါ။

    (၇)ဆေးဝါးအကူအညီ

    နာကျင်မှုနဲ့ရောင်ရမ်းမှုသက်သာစေဖို့ စတီးရွိုက်မပါတဲ့ အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေးေတွသောက်လို့ရပါတယ်။ အမြန်သက်သာလိုဇောနဲ့ သောက်သုံးသင့်တဲ့ပမာဏထက်တော့ပိုမသောက်ပါနဲ့။ဖြစ်နိုင်ရင် ဆရာဝန်ပြပြီးဆေးညွှန်းအတိုင်းသောက်တာအကောင်းဆုံးပါ။

    အရိုးအဆစ်ကို ထိခိုက်တဲ့လက္ခဏာရှိနေသလားစောင့်ကြည့်ပါ –

  • ထိခိုက်တဲ့နေရာမှာ အသံမြည်သွားတာ
  • ထိခိုက်မိတဲ့နေရာမှာ လုံးဝမထောက်နိုင်၊မလှုပ်နိုင်၊ အထိမခံနိုင်တော့တာ
  • သိသိသာသာ တအားရောင်လာတာ၊ အရမ်းနာကျင်တာ၊ အဖျားတက်တာ၊ ထိခိုက်မှုကပေါက်ပြဲဒဏ်ရာပါရှိနေတာ
  • ထိခိုက်တဲ့ခြေ သို့မဟုတ် လက်မှာ ထုံနေတာ ဆိုရင် ဆရာဝန်အမြန်ပြပါ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement