backup og meta

ဒေါသတွေနဲ့ အိပ်ရာ မဝင်ပါနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒေါသတွေနဲ့ အိပ်ရာ မဝင်ပါနဲ့

    ညဘက် အိပ်ချိန်ဆိုတာက တစ်နေ့တာလုံး ပင်ပန်းသမျှကို အနားယူတဲ့ ကာလပါ။ ဒီလို တစ်နေ့တာ ပင်ပန်းခဲ့သမျှကို အနားယူတဲ့ အိပ်စက်ချိန်မှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေဖို့အတွက် စိတ်ရောကိုယ်ပါ သက်သောင့်သက်သာ ဖြစ်နေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီလိုမျိုး အိပ်စက် အနားယူချိန်မှာ ဒေါသတွေနဲ့ အိပ်ရာ မဝင်ပါနဲ့ လို့ပြောပါရ​စေ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

    အိပ်ရေး ဝဝအိပ်စက်ခြင်းက ကျန်းမာစေတယ်။

    ကျန်းမာပျော်ရွှင်တဲ့ လူသားတစ်ယောက် ဖြစ်ဖို့ဆိုရင် တစ်ညတာကို အနည်းဆုံး အိပ်ချိန် ၆ နာရီ ရှိဖို့လိုပါမယ်။ ဘေဘီလေးတွေဆိုရင် ၈ နာရီနဲ့ ၈ နာရီအထက် လိုအပ်မှာ ဖြစ်ပါတယ်။ ဒါမှလည်း ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်အားတွေကို ပြည့်ဝစေမှာ ဖြစ်ပြီး ဆီးချို၊ သွေးတိုးတို့လိုမျိုး နာတာရှည် ရောဂါတွေ ကင်းဝေးစေမှာပါ။

    ညဘက်ကို အိပ်စက်တယ်ဆိုတဲ့ နေရာမှာလည်း ပြည့်ဝလုံလောက်တဲ့ အိပ်စက်မှု ဖြစ်ဖို့လိုပါမယ်။ အိပ်ရေးဝဝ အိပ်တာက နောက်နေ့ မနက်မှာ လန်းဆန်းတက်ကြွစွာ နိုးထစေနိုင်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းကို တိုးစေနိုင်သလို ပေါင်းသင်းဆက်ဆံရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

    စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် ညဘက် အိပ်ချိန်မှာ ပူပင်စိတ်ဆိုးမှုတွေ ကင်းစင်ပြီး ကောင်းမွန်စွာ အိပ်စက် အနားယူမိဖို့ လိုပါမယ်။

    ဒေါသတွေနဲ့ အိပ်ရာ မဝင်ပါနဲ့။

    တစ်နေ့တာမှာ ပင်ပန်းသမျှကို တင်းခံ ရုန်းကန်ပြီး စိတ်ဖိစီးမှု များနေတာကြောင့် စောစော အိပ်ရာဝင်တာပဲ ကောင်းမယ်လို့ တွေးနေတုန်း မိသားစုဝင် တစ်ဦးဦး ဒါမှမဟုတ် ချစ်သူ၊ အိမ်ထောင်ဖက်၊ သူငယ်ချင်းတို့နဲ့ စကားများပြီး ဒေါသတွေနဲ့ အိပ်ရာဝင်ရတဲ့ အခြေအနေမျိုးတွေ ​ကြုံဖူးသူတွေ ရှိမယ်ထင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဒေါသတွေနဲ့ အိပ်ရာမဝင်ဘဲ မပြုံးမရယ်နိုင်ရင်တောင် အတတ်နိုင်ဆုံး ပြေရာပြေကြောင်း အခြေအနေ တစ်ရပ်ကို ဖန်တီးပြီး အိပ်ရာဝင်ပါလို့ ပြောပါရစေ။

    ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ဒီအကြောင်းအရင်းတွေကြောင့်ပါ။

    မအိပ်ခင်မှာ စိတ်ဆိုးစကားများပြီး ဒေါသတွေနဲ့ အိပ်ရာဝင် တဲ့အခါ စိတ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို တနုံ့နုံ့ တွေးနေတော့မှာပါ။ ဒီလိုတွေးရင်း ငါကိုမှ ပြောရက်တာ၊ ငါ့ကိုမို့လို့ အခုလို ဆက်ဆံပြုမူတာဆိုတဲ့ အတွေးတွေ ခေါင်းထဲဝင်လာပြီး ဒေါသဖြစ်တာ၊ စိတ်မကောင်းတာတွေကို ခံစားရပြီး ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ဖို့ ခက်သွားမှာပါ။

    ဒီလို ကောင်းကောင်း အိပ်ပျော်ဖို့ ခက်သွားတာက အဝလွန်တာ၊ စိတ်မကြည်လင်တာ၊ အပြုသဘောဆောင်တဲ့ တွေးခေါ်နိုင်စွမ်းကျဆင်းလာတာ၊ အဆိုးမြင်စိတ်များလာတာတွေ ဖြစ်ပြီး ဆက်ဆံရေးတွေ ပိုဆိုးလာစေနိုင်ပါတယ်။

  • စိတ်ဆိုးမှုတွေ ပိုကြာရှည်တယ်
  • စိတ်ဆိုးမှုတွေ ကြာရှည်နေတာလောက် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာ မရှိပါဘူး။ ရန်ဖြစ်တယ်။ မကျေနပ်တာတွေ ပြောကြတယ်။ အော်ရင်းဟစ်ရင်း ပြီးသွားတယ်ဆိုရင် စိတ်ထဲပေါ့ပါးသွားပါတယ်။ ဒီလိုမှ မဟုတ်ဘဲ တအုံတနွေးနွေး ဖြစ်နေတာက စိတ်ဆိုးမှုတွေကို အဓွန့်ရှည်စေပါတယ်။

    အိပ်ရာမဝင်ခင်မှာ စိတ်ဆိုးရန်ဖြစ်ပြီး ဒေါသတွေနဲ့ အိပ်ရာဝင်သွားတဲ့အခါ အဆိုပါ စိတ်ဆိုးမှုတွေက ပိုကြာရှည်တတ်ပါသတဲ့။ ကဲ …. စိတ်ဆိုးရင်တောင် ပြေလည်အောင် ညှိနှိုင်းပြီးမှ အိပ်ရာဝင်ကြပါနော်။

  • နောက်နေ့ကိုပါ ထိခိုက်စေတယ်
  • စိတ်ဆိုးပြီး အိပ်ရာဝင်မှုက နောက်တစ်နေ့ရဲ့ မနက်ခင်းကိုပါ စိတ်ညစ်စရာ ဒေါသဖြစ်စရာတွေနဲ့ နိုးထစေပြီး တက်ကြွလန်းဆန်းမှုတွေ အကောင်းမြင်မှုတွေကို ပျောက်ဆုံးစေလို့ နောက်တစ်နေ့တာမှာပါ အဆင်မပြေမှုတွေကို ခံစားရစေနိုင်ပါတယ်။

    အခန့်မသင့်ရင် ဖျားနာတာမျိုး၊ ခေါင်းကိုက်တာမျိုးတွေကိုပါ ခံစားရစေနိုင်ပါတယ်။

    ဒါကြောင့် တစ်နေ့တာ ပင်ပန်းသမျှကို အနားယူရမယ့် ညအိပ်ချိန်မှာ ဒေါသတွေနဲ့ အိပ်ရာ မဝင်ပါနဲ့ လို့ အကြံပြုပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement