backup og meta

အသက် ၃၀ ကျော်သူတိုင်း မွေးမြူသင့်တဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း အလေ့အထများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက် ၃၀ ကျော်သူတိုင်း မွေးမြူသင့်တဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း အလေ့အထများ

    ကလေး ဘဝတုန်းက ဖေဖေကြီးကို ချစ်တယ်၊ မေမေကြီးကို ချစ်တယ်၊ ဘိုးဘိုးကို ချစ်တယ်၊ ဘွားဘွားကို ချစ်တယ်လုပ်ရင်း ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မသိခဲ့ဘူး။ ဒီလိုနဲ့ ဆယ်ကျော်သက်အရွယ်ရောက်တော့ မိသားစုအပြင် သူငယ်ချင်း မိတ်ဆွေတွေ ကိုယ့်ရဲ့ အနီးဝန်းကျင်က ဆွေမျိုးမောင်နှမတွေနဲ့ special one ကို ချစ်ရင်း ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေခဲ့ပြန်တယ်။ ဒီလိုနေထိုင်လာတာ အသက်တွေ ဘယ်လောက် ရောက်ခဲ့ပြီလဲ။ လာမယ့်နှစ်မှာ အသက်က ၃၀ ပြည့်မယ်ဆိုရင် ဖြစ်ဖြစ် အခုလက်ရှိမှာ ၃၀ ပြည့်ပြီးပြီဆိုရင် ဖြစ်ဖြစ် တစ်ခုသတိပေးချင်တာက ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတိုင်းကို အမြဲမညည်းမညူ လိုက်ပါလုပ်ဆောင်နေရရှာတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ချစ်ပါဦးလို့လေ။

    ဘဝကြီးမှာ ကိုယ့်ကိုယ်ကိုယ် ချစ်နိုင်သူတွေက အောင်မြင်ကြပါတယ်

    ဒီနေရာမှာ နည်းနည်းလောက် ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် ချစ်ပါဆိုတာက တစ်ကိုယ်ကောင်းဆန်ပါလို့ ဆိုလိုခြင်း မဟုတ်ဘူးဆိုတာပါ။ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်ပြင်၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်၊ အားနည်းချက်တွေကို လက်ခံနားလည်ပြီး နေ့ရက်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် ကင်းစွာ ရှေ့ဆက်ရှင်သန်နေစေချင်တာပါ။ ကျန်းမာရေးကိုလည်း ဂရုစိုက်ရင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေကိုလည်း မွေးမြူရင်းပေါ့။

    ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းကနေ အရင်းခံပြီး ရလာနိုင်တဲ့ ကောင်းကျိုးများ

    ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းကနေ အရင်းခံပြီး ရလာနိုင်တဲ့ ကောင်းကျိုးတွေကတော့

    • တန်ဖိုးရှိပြီး အရေးပါတဲ့သူတစ်ယောက် ဖြစ်လာစေတယ်
    • ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာမယ်
    • နေ့စဉ်ဘဝမှာ အဆင်ပြေလာမယ်
    • စိတ်ဓာတ်ကျခြင်း ကင်းဝေးသွားမယ်
    • ပိုပြီး ပျော်ရွှင်လာမယ်
    • တက်ကြွလန်းဆန်းလာမယ်
    • ပေါင်းသင်းဆက်ဆံရေး ကောင်းလာမယ်။

    အသက် ၃၀ ကျော်သူတိုင်း မွေးမြူသင့်တဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း အလေ့အထများ

    အသက် ၃၀ ကျော်သူတိုင်း မွေးမြူသင့်တဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း အလေ့အထများ က ဘာတွေများ ဖြစ်မလဲ။ အတူတူ လေ့လာလုပ်ဆောင်ကြည့်ရအောင်နော် over 30s လေးတို့ရေ

    • ကိုယ်ရဲ့ လိုအပ်ချက်တွေကို ဦးစားပေးတတ်ဖို့ စတင်ပါ

    ရှေ့မှာ တောက်လျောက် ကိုယ့်ကိုယ်ကိုယ် ဦးစားမပေးခဲ့မိဘူး ဆိုရင်တောင်မှ အခုချိန်က စပြီး ယောက်ျားလေးပဲ အနစ်နာခံရမှာပေါ့၊ မိန်းကလေးမို့လို့ စွန့်လွှတ်ပေးဆပ်ရမယ်ဆိုတဲ့ အတွေးတွေကို ဝဲလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဦးစားပေးဖို့ လုပ်ပါ။ ကိုယ့်ရဲ့ ခံစားချက်အတိုင်း လုပ်ပါ။ ကိုယ်ဆန္ဒရှိတဲ့အရာတွေကို လုပ်ဆောင်ပါ။ ဒီလို ပြောရတာက လူ့သက်တမ်း အပါအဝင် အရာရာတိုင်းဟာ အချိန်ကန့်သတ်ချက်ထဲမှာ လည်ပတ်နေလို့ပါပဲ။

    ကိုယ့်ကိုယ်ကိုယ် ဦးစားပေးခြင်းက ကိုယ်တိုင်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ရာရောက်လို့ အခြားသူတွေကိုလည်း အကူအညီပေးနိုင်မှာပါ။

    • ကိုယ့်ကိုယ်ကိုယ် ကြင်နာနွေးထွေးစွာ ဆက်ဆံပါ

    အခြားသူတွေကိုတောင် ကြင်နာနွေးထွေးရသေးတာ ဘာလို့ ကိုယ့်ကိုယ်ကိုယ်ကျ နွေးထွေးဖို့ မေ့ထားကြရတာလဲ။ လူတစ်ယောက်မှာ အခြားသူတွေက ဝေဖန်မှုတွေထက် ကိုယ့်ကိုယ်ကိုယ် ပြင်းထန်စွာ ဝေဖန်မိချိန်မှာ အမှန်တကယ် စိတ်ဓာတ်ကျသွားတာပါပဲ။ ငါတော်တော်အသုံးမကျပါလားလို့ ကိုယ့်ကိုယ်ကိုယ် လက်ခံလိုက်ချိန်မှာ ကိုယ့်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေ၊ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတာပါ။ မယုံရင် အခုကစပြီး သတိထားလိုက်နော်။

    ပြိုင်ဆိုင်မှုတွေ များတဲ့ခေတ်ကြီးထဲမှာ ယုံကြည်မှုအပြည့်နဲ့ စိတ်အားထက်သန်သူ တစ်ယောက်အဖြစ် ရှင်သန်ချင်ရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရှုတ်ချတာတွေ ရပ်ပြီး ကြင်နာနွေးထွေးစွာ ဆက်ဆံပြောဆိုဖို့ စတင်ကြပါ။

    • ကိုယ့်ရဲ့ အချိန်၊ ခွန်အား နဲ့ ငွေကြေးကို အလဟဿမဖြစ်ပါစေနဲ့

    အချိန်တွေ၊ ခွန်အားတွေ၊ ငွေကြေးတွေက အသန့်အသတ် ရှိပါတယ်။ ဒါကြောင့် ဒါတွေကို ထိထိရောက်ရောက် အသုံးချနိုင်စေဖို့ အတိုင်းအတာ သတ်မှတ်တာ၊ ဘယ်အချိန်မှာ ဘာတွေကို အောင်မြင်အောင် လုပ်မယ်ဆိုတဲ့ ပန်းတိုင်တွေ ချမှတ်ထားတာမျိုး လုပ်ထားပါ။ ငွေကြေးကိုလည်း လိုအပ်တဲ့နေရာမှာ အသုံးပြုပါ။ မလိုအပ်ဘဲ အလဟဿ ဖြုန်းတာမျိုး မလုပ်ပါနဲ့။

    • အရွယ်မလွန်ခင် သင်ယူထားမှ သက်သောင့်သက်သာ အသက်ကြီးနိုင်မှာပါ။
    • အရွယ်မလွန်ခင် ကြိုးစားထားမှ ပင်ပန်းမှုကင်းစွာ လူတန်းစေ့ နေထိုင်အိုမင်းနိုင်မှာပါ။
    • အရွယ်မလွန်ခင် စုဆောင်းထားမှ ငွေကြေး အပူအပင်ကင်းစွာ အသက်ကြီးနိုင်မှာပါ။

    ဒီအချက်လေးတွေကို သတိထားပေးရင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးပါ။

    • ပြည့်စုံချင်တဲ့ ဘောင်ထဲက ကိုယ့်ကိုယ်ကိုယ် လွတ်လပ်ခွင့်ပေးပါ

    အရမ်းကို ပြီးပြည့်စုံချင်တဲ့ ဆန္ဒက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် တစ်ခုခုကို အောင်အောင်မြင်မြင် လုပ်ပြီးတိုင်း ကိုယ့်ကိုယ်ကိုယ် မပြည့်စုံဘူးလို့ တွေးမယ့်အစား တော်တယ်လို့ တွေးပေးဖို့ပါ။ လူတိုင်းက ပြီးပြည့်စုံနေတာ မဟုတ်ဘူးဆိုတာကို အမှတ်ရပေးပါ။ တစ်ခုခု မှားယွင်းသွားရင်တောင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်မိစေဖို့ သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။

    • ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ကို ဖျောက်ပစ်ပါ

    အပြစ်ရှိတယ်ဆိုတဲ့စိတ်က အောင်မြင်မှုကို ဖျက်စီးပစ်တဲ့အရာပါ။ ဒါကြောင့် နေ့ရက်တိုင်းမှာ အကောင်းဆုံး ကြိုးစားပါ။ အကောင်းဆုံး ကြိုးစားထားရက်နဲ့ ဖြစ်သင့်သလောက် မအောင်မြင်ခဲ့ရင်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ အခြေအနေကို ပြန်ဆန်းစစ်ပြီး ဘယ်လိုနည်းနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်မလဲဆိုတာကို ပြန်ဆန်းစစ်ပါ။

    • ကျန်းမာစေဖို့ အချိန်ပေးပါ

    အခြားသူတွေကို ဂရုစိုက်ပေးရင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့မနေပါနဲ့။ ကိုယ်တိုင် ကျန်းမာစေမယ့် အလေ့အထလေး ဖြစ်တဲ့ လေ့ကျင့်ခန်း လုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတာ၊ အယ်လ်ကိုဟော ဖြတ်တာ၊ ဆေးလိပ် ဖြတ်တာတွေ လုပ်ပေးပါ။ နေ့စဉ် စားသုံးမှုမှာ အသီးအရွက်တွေ၊ သစ်သီးတွေပါဝင်အောင် စားသုံးပေးပါ။ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပေးဖို့လည်း မမေ့ကြနဲ့နော်။

    ကဲ….. ကိုယ့်ကိုယ်ကိုယ် ချစ်ကြဖို့ အသင့်ဖြစ်ပြီလား ! Over 30s လေးတို့ရေ ………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement