backup og meta

လူ့သက်တမ်းကို မသိမသာလျှော့နေတဲ့ နှလုံးသွေးကြောကျဉ်းရောဂါ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးသွေးကြောကျဉ်းရောဂါ

    နှလုံးသွေးကြောကျဉ်းရောဂါ ခုနောက်ပိုငိးလူတွေ အဖြစ်အများဆုံးနဲ့ နှလုံးကို ဒုက္ခ အပေးဆုံးအရာ။ တစ်နေ့တစ်နေ့စားနေသော အစားအစာများက သင့်ရဲ့ နှလုံးသွေးကြောလေးတွေကို မသိမသာနည်းနဲ့ ဒုက္ခ ပေးနေတယ်ဆို တာ သင်သိပါသလား။ ဒါဆိုဘယ်လိုအစားအစာတွေက နှလုံးသွေးကြောလေးတွေကို ကျဉ်းစေတယ်၊ ဘယ်လိုနည်းနဲ့ ကျဉ်းစေတယ်၊ နှလုံးသွေးကြောကျဉ်းတာ ဘယ်လိုလက္ခဏာတွေရှိတယ် ၊ ဘယ်လိုကုသရင် ပြန်ကောင်းနိုင်မလဲ နဲ့ မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်ရမလဲဆိုတာတွေကို သိချင်ကြမယ်လို့ထင်ပါတယ်။

    နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ ဘာလဲ။

    နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ လူ့ခန္ဓါကိုယ်မှာ အရေးကြီးဆုံးလို့ ဆိုလို့ရတဲ့ အလုပ်အများဆုံး နှလုံးလေးကို အောက်ဆီဂျင်ရအောင်သွေးတွေပို့ဆောင်ပေးနေတဲ့ သွေးကြောလေးတွေ ကျဉ်းသွားတာပဲဖြစ်ပါတယ်။ နှလုံးသွေးကြောနံရံ လေးတွေမှာ အဆီခဲလို ပြင်ချပ်လေးတွေကပ်နေပြီး ခဲသွားရာမှ နှလုံးသွေးကြောလေးတွေကို ကျဉ်းသွားစေတယ်။ တစ်ခါတစ်ရံ သွေးကြောတွေကို မာစေပြီး သွေးကြောနံရံလေးတွေရဲ့ ပျော့ပျောင်းမှုတွေ ပျောက်ကွယ်သွားစေတယ်။ မာနေတဲ့ သွေးကြောနံရံလေးတွေက နှလုံးဆီကို သွေးတွေ ကောင်းကောင်း မပို့ပေးနိုင်တော့ဘူး။ အဲ့တော့ အလုပ်များတဲ့ နှလုံးလေးလည်း စပြီး ချွတ်ယွင်းလာတော့တာပေါ့။

    နှလုံးသွေးကြောကျဉ်းတာ ဘယ်လိုစဖြစ်လာတာလဲ။

    ကိုလက်စရော( cholesterol ) လို့ခေါ်တဲ့ သွေးတွင်း အဆီဓါတ်၊ စားလိုက်တဲ့ အစားအစားတွေက ပါသွားတဲ့ အဆီ၊ နဲ့ သွေးထဲက အချို့သော ပစ္စည်းတွေ ပေါင်းစပ်ပြီး သွေးကြောနံရံလေးတွေမှာ အနည်ကျတယ်။ အနည်ကျတဲ့ အရာလေးကနေ နှလုံးသွေးကြောပေါ်မှာ အချပ်ပြင်လေးတစ်ခုဖြစ်စေပြီး သွေးကြောနံရံလေးတွေကို ကျဉ်းစေ မာစေပါတယ်။ မာနေတဲ့ သွေးကြောလေးတွေက သွေးစီးဆင်းဖို့အတွက် ကောင်းကောင်း မချဲ့နိုင်ပေးနိုင်တော့ဘဲ နှလုံးဆီကို လိုအပ်တဲ့ သွေးနဲ့ အောက်ဆီဂျင်တွေ ကောင်းကောင်းမပို့ ပေးနိုင်တော့ဘူး။ တစ်ချိန်တည်းမှာပဲ အဆီစုပုံလာတာတွေ များလာလွန်းရင် သွေးကြောတွေ ပိတ်သွားတဲ့ အထိဖြစ်တတ်ပြီး နှလုံးဆီကို လုံးဝ သွေးမရောက်နိုင်တော့ဘဲ နှလုံးအလုပ်မလုပ်နိုင်တော့ခြင်း၊ နှလုံးကိုထိခိုက်ခြင်းများ ဖြစ်လာပါတော့တယ်။ နှလုံးသွေးကြောနံရံက အဆီပြင်ချပ်အခဲ လေးတွေဟာ နံရံကနေ ပြုတ်ထွက်သွားတတ်ပြီး အခြားနှလုံးသွေးကြောလေးတွေကို သွားပိတ်နေတတ်ပါတယ်။ အဲအခါမှာ ရင်ဘတ်အောင့်ခြင်း၊ နှလုံးအောင့်ခြင်းနဲ့ နှလုံးရောဂါတွေ စတင်ဖြစ်လာပါတော့တယ်။

    နှလုံးသွေးကြောကျဉ်းတာ ဘယ်လိုလူတွေမှာ ပိုအဖြစ်များတတ်လဲ။

    • မလှုပ်ရှားဘဲ အထိုင်များတဲ့လူတွေ
    • ဆေးလိပ် ၊ အရက် အလွန်အကျွံသောက်တဲ့သူတွေ
    • ဆီးချိုသမားတွေ
    • သွေးတွင်းအဆီဓါတ် ( ကိုလက်စရော) များနေတဲ့သူတွေ
    • ဆီကြော်စာတွေ၊ အဆီများတဲ့ အစားအစာတွေ ကြိုက်တဲ့သူတွေ
    • သွေးတိုးရောဂါ ရှိတဲ့သူတွေ
    • စိတ်ကျရောဂါ ခံစားနေရတဲ့ လူတွေ ပိုဖြစ်တတ်ပါတယ်။

    ဆေးလိပ်ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နှုန်းဟာ ၄၀ %၊သွေးတိုးရောဂါကြောင့် ၃၈ % ရှိပြီး ဆီးချိုရောဂါကြောင့် ၃၀ % ရှိပါတယ်။ ဒါကြောင့် သွေးတိုးဆီးချိုရောဂါရှိသူတွေ ပိုဂရုစိုက်သင့်ပြီး ဆေးလိပ်သောက်သူတွေ ဆေးလိပ်ဖြတ်သင့်ပါတယ်။ ဆေးလိပ်က နှလုံးသွေးကြောကျဉ်းတာကို အဖြစ်နိုင်ဆုံးလေနော့။

    နှလုံးသွေးကြောကျဉ်းတာရဲ့ လက္ခဏာတွေကတော့

    • မခံမရပ်နိုင်အောင် ရင်ဘတ်အောင့်ခြင်း ။ စိတ်လှုပ်ရှားမှု တစ်ခုခုနှင့်ကြုံတွေ့ ရသည့်အခါ နှင့် ပြင်းထန်စွာလှုပ်ရှားမှု တစ်ခုခုပြုလုပ်ချိန် မှာ ရင်ဘတ်အောင့်တာ ပိုဆိုးလာတယ်။
    • နှလုံးခုန်စည်းချက်မမှန်ခြင်း
    • အသက်ရှူမဝခြင်း
    • ပျို့အန်ခြင်း
    • မူးဝေ အားနည်းခြင်းတို့ ဖြစ်တတ်ပါတယ်။

    နှလုံးသွေးကြောကျဉ်းရောဂါကို ဘယ်လို စမ်းသပ်စစ်ဆေးချက်တွေ ပြုလုပ်ရင်သိနိုင်သလဲ။

    စမ်းသပ်ချက်များ ဆရာဝန်မှ လူနာရဲ့ နှလုံးနေရာကို နားကြပ်ထောက်ပြီး ပုံမှန်မဟုတ်တဲ့ အခြားအသံတွေကို နားထောင်မယ်။

    စစ်ဆေးချက်များ

    ECG ။ နှလုံးရောဂါဆိုတာနဲ့ ECG ရိုက်ရတာ လူတိုင်းသိပြီးသားပင်။ ရင်ဘတ်မှာကပ်လိုက်တဲ့ ECG လျှပ်စစ် ကပ်ခွာအသီးလေးတွေက နှလုံးစည်းချက်မြန်နေလား ပုံမှန်မဟုတ်ဘူလားဆိုတာ အဖြေရှာ ပေးနိုင်ပါတယ်။

    Treadmill ECG – ပြေးစက်ပေါ် လူနာကို တက်ပြေးခိုင်းပြီး ရင်ဘတ်မှာလည်း လျှပ်စစ်ကပ်ခွာလေးတွေ ကပ်ထားခြင်းဖြင့် နှလုံးသွေးကြောကျဉ်းနေလား။ လူနာအမောခံနိုင်လား၊ နှလုံး အလုပ်လုပ်တဲ့ နှုန်းဘယ်လောက်ထိ ရှိသေးလဲ ဆိုတာသိနိုင်တဲ့ စစ်ဆေးချက်ဖြစ်တယ်။

    Angiography လို့ခေါ်တဲ့ နှလုံးသွေးကြောလေးတွေထဲ ဆိုးဆေးတစ်မျိုးထိုးသွင်းပြီး အထူးပြုလုပ်ထားတဲ့ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဖြင့် နှလုံးသွေးကြောပိတ်တာလား ကျဉ်းတာလား သိနိုင်မယ်။ ဘယ်နေရာမှာဖြစ်နေတာလဲဆိုတာပါ တစ်ခါတည်းသိနိုင်မယ်။

    CT scan စီတီ စကင်ဖတ်ပြီး နှလုံးကို ကွန်ပျူတာဓါတ်ပုံရိုက်လိုက်ခြင်းဖြင့် နှလုံးသွေးကြောက ပိတ်နေတာလား၊ ကျဉ်းနေတာလားသိနိုင်တဲ့ ဓါတ်ပုံလေးတွေ ထွက်လာပြီး အဖြေရှာနိုင်မယ်။

    Echocardiogram လို့ခေါ်တဲ့ နှလုံးပုံရိပ်ဖမ်းစက်ကနေ နှလုံးပုံရိပ်တွေကို သိနိုင်ပြီး နှလုံး ကောင်းကောင်းအလုပ်လုပ်နေလား မလုပ်ဘူလားဆိုတာ သိနိုင်တယ်။

    နှလုံးသွေးကြောကျဉ်းခြင်းမှ ဆက်ဖြစ်နိုင်သော ဆိုးကျိုးများ။

    Angina လို့ခေါ်တဲ့ နှလုံးအောင့်တဲ့ရောဂါ၊ နှလုံးစည်းချက်မမှန်တာ၊ နှလုံး အလုပ်မလုပ်နိုင်တော့တာတွေ ဖြစ်ပြီး ရုတ်တရက် နှလုံးရပ်၍ အသက်သေဆုံးသည် အထိ ဖြစ်နိုင်ပါတယ်။

    ဘယ်လိုကုသလို့ရနိုင်လဲ။

    အရင်ဆုံးသင့်နေထိုင်မှု ပုံစံကိုပြောင်းလဲပါ။

    ဆေးလိပ်ကြောင့် နှလုံးသွေးကြောကျဉ်းတာ အများဆုံးဖြစ်တဲ့ အတွက်ကြောင့် ဆေးလိပ်ဖြတ်ပါ။ ကျန်းမားရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေစားပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ကိုယ်အလေးချိန်လျှော့ချပါ။ စိတ်ဖိစီးမှု ကင်းဝေးအောင် နေထိုင်ပါ။

    သောက်ဆေးများ

    ဆရာဝန်များမှ အဆီချဆေးများပေးခြင်း၊ သွေးခဲများပျော်အောင် Aspirin ဆေးတိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်းနှေးအောင် beta blocker ဆေးတိုက်ခြင်း၊ calcium blocker ဆေးများတိုက်ခြင်း၊ ရင်ဘတ်အောင့်သူများအတွက် Ranolazine နှင့် nitroglycerin ဆေးများပေးခြင်း ၊ သွေးတိုးအတွက် ACEI inhibitor ဆေးများတိုက်ခြင်းများ ပြုလုပ်ပေးမှာဖြစ်တယ်။

    ခွဲစိတ်မှုများ

    ဆေးပညာကြီးက တိုးတက်လာတဲ့အတွက်ကြောင့် သောက်ဆေးနဲ့ ထိန်းတာအပြင်

    Angioplasty and stent placement (percutaneous coronary revascularization) ။ကျဉ်းသွားတဲ့ နှလုံးသွေးကြောတွေကို Stent ထည့်ပေးပြီးပြန်ချဲ့ပေးတာ၊

    Coronary artery bypass surgery ပိတ်သွားတဲ့ နှလုံးသွေးကြောတွေအတွက် သွေးကြောအသစ်တစ်ခု လုပ်ပေးခြင်း ခွဲစိတ်မှုတွေလည်း လုပ်လို့ရပါတယ်။

    ဒါ့ကြောင့် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ဖို့ အရေးကြီးပြီး ဖြစ်လာရင်လည်း သေချာဆေးသောက် ခွဲစိတ်မှု ခံယူမယ်ဆို လူကောင်းပကတိ တွေလို နေနိုင်မှာဖြစ်ပါတယ်။ ခွဲစိတ်ပြီးလို့ ပြန်ကောင်းသွားတဲ့ ရာခိုင်နှုန်းကလည်း များလို့ သွေးကြောပိတ်၊သွေးကြောကျဉ်း ရောဂါတွေ ဖြစ်လည်း သိပ်စိုးရိမ်စရာ မလိုတော့ဘူးနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement