backup og meta

ကိုယ့်ကိုယ်ကို တစ်ဝကြီး ချစ်လိုက်စမ်းပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကိုယ်ကို တစ်ဝကြီး ချစ်လိုက်စမ်းပါ။

    အချစ်ခံချင်လို့တို့၊ ချစ်ရမယ့်သူ မရှိဘူးလို့ ဆိုပြီး ဝမ်းနည်းမနေပါပဲ။ ဘယ်သူမှ မရှိလည်း ကိုယ်ကိုယ်တိုင်တော့ ရှိပါသေးတယ်။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကို စောင့်ရှောက်ပါ။

    ကိုယ့်ကိုယ်ကို ချစ်ပါဆိုတာကို ဒီဘက်ခေတ်မှာ တော်တော်အသုံးများလာကြပါပြီ။ အဓိကကတော့ လူတွေက ပြိုင်ဆိုင်မှုတွေ ကြားထဲမှာ ပင်ပန်းလာကြတယ်။ ရုပ်ပင်ပန်းတာထက်စာရင် စိတ်ပင်ပန်းတာက ပိုများလာကြတယ်။ ဒါပေမယ့်လည်း ရပ်တန့်လို့မရဘူး။ကိုယ်ကိုယ်တိုင် မဟုတ်ရင်တောင် ကိုယ့်ကို မှီခိုနေတဲ့ မိသားစုရှိသေးတာကိုး။

    ဒါကြောင့် ဒီဘက်ခေတ် စိတ်ပညာရှင်တွေ၊ motivational speakerတွေက ကိုယ့်ကိုယ်ကို ချစ်ပါ။ တိုးတက်အောင် ကြိုးစားပါလို့ ပြောလာကြတာပါပဲ။

    ဒီနေရာမှာ လူတွေ အထင်မှားနေကြတာက တချို့က အရာအားလုံးကို လက်လျှော့လိုက်တာက ကိုယ့်ကိုယ်ကို ချစ်တာလို့ မြင်တယ်။ တချို့ကလည်း ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာ အတ္တဆန်တဲ့ စိတ်ပဲ။ ကိုယ်က လွဲရင် ဘာမှမသိတဲ့သူလို့ ထင်တယ်။ တကယ်က အဲ့ဒီနှစ်ခုကြားပါ။

    လူက ကိုယ့်ကိုယ်ကို မချစ်တတ်ရင် သူများကို မချစ်တတ်ပါဘူး။ ကိုယ့်ကိုယ်ကိုတောင် မစောင့်ရှောက်နိုင်ရင် သူများကို ဘယ်လိုစောင့်ရှောက်ရမလဲ မသိပါဘူး။

    ကိုယ့်ကိုယ်ကို တစ်ဝကြီး ချစ်နိုင်ဖို့

    • သင့်တင့်လျောက်ပတ်စွာ တွေးပါ။

    အရာရာတိုင်းကို အတင်းကြီး အကောင်းမြင်နေဖို့ မလိုပါဘူး။ ကောင်းရင်လည်း ကောင်းတဲ့အလျောက်၊ ဆိုးရင်လည်း ဆိုးတဲ့အလျောက် လက်ခံလိုက်ပါ။ ပြီးရင် အကောင်းဆုံး တုံ့ပြန်ပါ။ သူ့ဘက် ကိုယ့်ဘက်ကြည့်ပါ။

    ကိုယ့်ကိုယ်ကို ခွင့်လွှတ်ခိုင်းတာပါ။ တစ်ခါတလေမှာ ကိုယ်မသိတာလည်း ရှိမယ်၊ မှားတာလည်း ရှိမယ်။ နားလည်ပေးပါ။ ခွင့်လွှတ်ပေးပါ။ သူများကsorryဆို ခွင့်လွှတ်ပေးတယ် မလား။ ကိုယ့်ရဲ့ sorryကိုလည်း လက်ခံပေးပါ။

    • ဒရမ်မာ မဆန်ပါနဲ့။

    ကိုယ့်ကိုယ်ကို သနားစရာကောင်းအောင် မနေပါနဲ့။ လူတိုင်း စိတ်ဆန္ဒကို လိုက်လျောပေးစရာ မလိုပါဘူး။ (သမီးရည်းစား အပါအဝင်ပေါ့) မငြင်းရက်လို့၊ အားနာလို့ လုပ်ပေးလိုက်ရတာတွေ တော်လိုက်ပါတော့။ လုပ်နိုင်သလောက်ပဲ လုပ်ပေးပါ။  အကြောင်းအရင်းမရှိဘဲ တစ်ယောက်ယောက်ကို တာဝန်ယူနေစရာ မလိုပါဘူး။

    • ကိုယ့်ကိုယ်ကို အချိန်ပေးပါ။

    တစ်နေ့ကို အချိန်နည်းနည်းလောက်ပေးပြီး ကိုယ့်ကိုယ်ကို လှည့်ကြည့်ပါ။ ကိုယ့်ရဲ့ စိတ်ထဲမှာ ဘာတွေ ခံစားနေရလဲ။ ဘာတွေက ကိုယ့်ကို စိတ်ညစ်စေတာလဲ အကြောင်းရင်း ရှာကြည့်ပါ။

    • ကံကောင်းမှုတွေ ရှာဖွေပါ။

    တစ်နေ့ကို ကိုယ့်မှာရှိတဲ့ ကံကောင်းမှုတွေ ချရေးကြည့်ပါလား။ ဥပမာ ဒီနေ့ အသက်ရှင်နေသေးတယ်၊ လက်တွေခြေတွေ လှုပ်နိုင်သေးတယ် ဒီလို အသေးစိတ်လေးတွေပေါ့။ ၁၀ခုက စရေးကြည့်ပါ။ အခု ၁၀၀ပြည့်အောင် သင်ရေးနိုင်မှာပါ။

  • ကျေးဇူးတင်တတ်ပါစေ။
  • ဒီလို ကောင်းကောင်းမွန်မွန် နေနေတဲ့ ကိုယ့်ကိုရော ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုရော ကျေးဇူးတင်စကားပြောပါ။ နောက်ဆုံး ထမင်းစားရင်တောင်၊ ကားစီးရင်တောင် ကျေးဇူးတင်စိတ်လေးနဲ့ နေလို့ရပါတယ်။ ဟုတ်တယ်လေ။ ထမင်းစားရဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ၊ ကားမရှိရင် လမ်းလျှောက်သွားနေရမှာပေါ့။ ဒီလို သက်သောင့်သက်သာ နေနိုင်တာ ကိုယ့်ရဲ့ ကံကောင်းမှု၊ ဒီပစ္စည်းကို ထွင်ခဲ့တဲ့ လူတွေရဲ့ ကျေးဇူးတင်စရာ အချက်တွေပါပဲ။

    • ချီးကျူးပေးပါ။

    ကိုယ့်ကိုယ်ကိုလည်း မှန်ထဲကြည့်ပြီး ချီးကျူးပေးပါ။ သူများရဲ့ အရှိတရား တစ်ခုခုကို မြှောက်ပင့်တာမျိုး မဟုတ်ဘဲ စိတ်ရင်းအမှန်နဲ့ ချီးကျူးပေးပါ။ သင့်ပတ်ဝန်းကျင်က နွေးထွေးသွားမှာပါ။

    • အဆုံးထိတွေးလိုက်ပါ။

    ညဘက်မှာ တောင်တွေး မြောက်တွေး တွေးပြီး အိပ်မပျော်နိုင် ဖြစ်နေပြီလား။ တကယ်တော့ သင်တွေးနေတာတွေက မဖြစ်သေးတဲ့ ကိစ္စတွေပါ။ ဖြစ်မယ်ဆိုရင်တောင် ရာခိုင်နှုန်းနည်းပါတယ်။ သင်ကတော့ အကြီးကြီးတွေ တွေးပြီး ကိုယ့်စိတ်ကိုယ်ကို ဒုက္ခတွေ ပေးလို့။

    ဒီလိုမျိုး လူတိုင်း ဖြစ်ဖူးပါတယ်။ ဒါပေမယ့် ကိုယ်စိုးရိမ်ထားတဲ့ ကိစ္စကြီး ဘယ်နှခါများ လက်တွေ့ဖြစ်ခဲ့ပါသလဲ။ ဒီလို အခက်အခဲအတွက် အကောင်းဆုံးနည်းလမ်းက တစ်ဆုံးထိတွေးပစ်လိုက်တာပါပဲ။ ဘယ်လောက်ထိ ဆိုးနိုင်မလဲ။ ဆိုးချင်သလောက် ဆိုးစမ်းဆိုပြီး တစ်ဆုံးထိတွေးချလိုက်တာပါ။

    အဆိုးဆုံး တွေးလိုက်တာတောင် အသက်ရှင်နိုင်တဲ့ အခွင့်အလမ်း ရှိနေသေးရင် ဒါပြဿနာ မဟုတ်သေးပါဘူး။ စိတ်ချလက်ချ အိပ်လိုက်ပါတော့။

    • ပြဿနာတွေကို ရင်ဆိုင်ပါ။

    ပြဿနာတွေနဲ့ ကြုံလာရင် လုပ်စရာက ၂ခုတည်းရယ်ပါ။ ရှင်းမှာလား၊ ပြေးမှာလား။ ရှင်းသင့်တဲ့အခါ ရှင်းရသလို ပြေးသင့်တဲ့အခါ ပြေးလိုက်ပါ။ တချို့ပြဿနာတွေက ရှင်းလေ ရှုပ်လေမဟုတ်လား။ ခဏလောက် ပြေးပြီး ပြီးမှ ပြန်လာရှင်းပါ။ ပြီးတော့ ရှင်းလို့ရနေသရွေ့ ဒါဟာ ပြဿနာ မဟုတ်ပါဘူး။

    •  ကျန်းမာရေး ဂရုစိုက်ပါ။

    ကိုယ့်ကိုယ်ချစ်တယ်ဆိုတဲ့နေရာမှာ စိတ်တင်မကပါဘူး။ ရုပ်လည်း ဂရုစိုက်ရပါတယ်။ ကိုယ့်ကိုယ်ကို ချစ်တယ်ပြောပြီး ကိုယ်နဲ့ မတည့်တာတွေ လျှောက်စားနေရင် မဟုတ်သေးပါဘူး။ စောစောအိပ်၊ စောစောထ၊ အာဟာရရှိတာစား၊ မတည့်တာရှောင်၊ လေ့ကျင့်ခန်းလုပ် ဒီလောက်ပါပဲ။

    ကိုယ့်ကိုယ်ကိုလည်း လှအောင်နေဖို့ မမေ့ပါနဲ့။ ဘယ်လိုပဲ အရေပြားတစ်ထောက်စာ အလှဆိုဆို လူကြားထဲမှာ နေနေသေးရင်တော့ လိုပါတယ်။ ဒါကြောင့် လှလှပပ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နေ။ Impression မ down စေနဲ့။

    အဆုံးသတ်အနေနဲ့ ချုပ်ပြီး မှာရရင် ကိုယ့်ဟာကိုယ် ချစ်တယ်ဆိုရင် ကောင်းတာပဲလုပ်၊ ကောင်းတာပဲပြော၊ ကောင်းတာပဲတွေး။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒီလိုလူတွေပဲထား။ ကိုယ့်ဟာကိုယ်လည်း စိတ်ညစ်မခံနဲ့။ သူများကိုလည်း စိတ်ညစ်အောင် မလုပ်နဲ့။

    ခေါင်းထဲမှာ ကိုယ်ထဲမှာ မကောင်းတာတွေ ဘာမှ မထားနဲ့။ လက်လွှတ်စရာရှိတာ လက်လွှတ်၊ ခွင့်လွှတ်စရာရှိတာ ခွင့်လွှတ်။ လူမှာ သိုးဖြူ သိုးမည်း နှစ်ကောင်ရှိတာ သိတယ်ဟုတ်။ သိုးဖြူကိုပဲ အစာကျွေးစမ်းပါ။ သိုးမည်းကို အစားသွားကျွေး မနေပါနဲ့။

    ဘယ်သူမှ မရှိလည်း ကိုယ့်ကိုယ်ကို တစ်ဝကြီး ချစ်လိုက်စမ်းပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement