backup og meta

တစ်ဖက်သားအပေါ် လုပ်မိတတ်တဲ့ နူးညံ့ညင်သာဆုံးသော အပြုအမူ ဆိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်ဖက်သားအပေါ် လုပ်မိတတ်တဲ့ နူးညံ့ညင်သာဆုံးသော အပြုအမူ ဆိုးများ

    ကိုယ်က သိလျက်နဲ့ဖြစ်စေ၊ မသိလိုက်ဘဲ ဖြစ်စေ တစ်ဖက်သားကို ထိခိုက်စေနိုင်တဲ့ အပြုအမူ တွေ လုပ်မိတတ်ပါတယ်။ ကိုယ်ကတော့ အမှုမဲ့ အမှတ်မဲ့ပေါ့။ ဒါပေမယ့် တစ်ဖက်မှာ ဘယ်လိုထိခိုက်သွားစေနိုင်သလဲ ဆိုတာသိရင် ကိုယ်ချစ်ခင်ရသူတွေ၊ ကိုယ့်အနားကလူတွေကို ဒါတွေလုပ်မိတေ့ာမှာ မဟုတ်ပါဘူး။

    ကောင်းကောင်းဆက်ဆံတာပဲလေ ဘာများလုပ်မိလို့လဲ

    တစ်စုံတစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူ တိုင်းက အဆိပ်အတောက်မဟုတ်ပါဘူး။ တချို့အပြုအမူတွေက စိတ်ထိခိုက်ရပေမယ့် လွယ်လွယ်နဲ့ပြေပျောက်သွားစေတာရှိပေမယ့် တကယ် အဆိပ်အတောက်ဖြစ်စေတဲ့ အပြုအမူတွေက ညင်သာပါတယ်။

    စကားချိုချိုလေးပေမယ့် တစ်ဖက်လူမှာ ကာလတာရှည် ခံစားလိုက်ရတဲ့အထိ ထိခိုက်သွားရတာမျိုးက ရန်လိုပုတ်ခတ်လိုက်တာထက် ပိုဆိုးပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုက ဆက်ဆံရေးကို အဆိပ်ခတ်လိုက်တာဖြစ်ရုံမက တစ်ဖက်လူရဲ့ဖွံ့ဖြိုးမှုကိုပါ ကန့်သတ်လိုက်တာဖြစ်ပါတယ်။

    ဒီလိုအပြုအမူမျိုးတွေလုပ်မိတဲ့နေသူတွေဟာ ကိုယ့်ကိုယ်ကိုသတိထားမိဖို့ သိပ်မလွယ်ပါဘူး။ ငါက ဘာများလုပ်နေမိလို့လဲ၊ သူပဲမကောင်းတာလေ၊ သူ့ဘက်ကစပြီးဖြစ်တာ လို့ အမြဲတွေးမိတတ်တာ လူ့စိတ်သဘာဝပါပဲ။ အမှန်တော့ ကိုယ်တိုင်သတိမထားမိလိုက်တဲ့ ကိုယ့်ရဲ့အဆိပ်အတောက် အပြုအမူ က အစပြုခဲ့တာလည်းဖြစ်နိုင်နေတာပဲလေ။ ဒီထဲမှာ ကိုယ်လုပ်မိနေကျ အပြုအမူတွေပါနေသလားပြန်စဉ်းစားကြည့်လိုက်ပါ။ စေ့စေ့တွေးရင်ရေးရေးပေါ်လာပါလိမ့်မယ်။

    – တစ်ဖက်လူရဲ့ နာကျင်မှုကို အသေးအဖွဲလို သတ်မှတ်မိတာ

    တစ်စုံတစ်ယောက်ရဲ့နာကျင်ပင်ပန်းနေတဲ့အချိန်မှာ ကိုယ်ကအလွယ်လေး အပေါ်ယံသုံးသပ်လိုက်တာ သိပ်မှားပါတယ်။ စိတ်မပါတဲ့ အပေါ်ယံအားပေးစကားတွေနဲ့ပြောခဲ့ပေမယ့် ကိုယ့်အမြင်နဲ့ တခြားသူကိုပြန်ပြောပြတဲ့အခါ ဘာမဟုတ်တာလေးကို ခံစားနေတယ်လို့လျှော့မတွေးလိုက်သင့်ပါဘူး။ ဒီလိုတွေးလိုက်ပြီး ပေါ့ပေါ့ဆက်ဆံလိုက်မိတာ၊ သူ့ဘေးမှာ ဟီးဟီးဟားဟား ပျော််ရွှင်ပြလိုက်မိတာ၊ သူ့ခံစားချက်ကို လျစ်လျူရှုတာမျိုးနဲ့ ပိုနာကျင်စေခဲ့တာ ကိုယ်က သတိထားမိမှာမှ မဟုတ်တာ။

    ဒါ့ကြောင့် ကိုယ်ကလိုက်နားလည်မပေးနိုင်ရင်၊ မကူညီနိုင်ရင်တောင် သူခံစားနေရတာ ဒီတိုင်းလေးထားလိုက်ပါ။ အပိုတွေဝင်ပြောဖို့ သင့်မှာ တာဝန်မရှိပါဘူး။ စာနာမှုနဲ့ ဆက်ဆံပေးပါ၊ ထိုက်သင့်တဲ့အားနာမှု၊ သိတတ်မှုလေးရှိထားရင်ဖြစ်ပါတယ်။

    – အမြဲမပြတ် ဝေဖန်နေမိတာ

    ဒီလိုမျိုးက လူကြီးမိဘတွေနဲ့ လူငယ်တွေကြားမှာ အဖြစ်များပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေမှာလည်းဖြစ်တတ်တာပဲ။ အဲဒီလူဘာပဲလုပ်လုပ် ကိုယ့်စိတ်ထဲ မကောင်းမမြင်ရင်တောင် ထောက်ပြစရာလေးရှိနေတာမျိုး။ အပြစ်ပြောဖို့မရည်ရွယ်ပေမယ့် သူ့အပြစ်ကိုမီးမောင်းထိုးပြသလိုဖြစ်စေခဲ့တဲ့ ကိုယ့်ရဲ့ထောက်ပြမှုကြောင့်ပြဿနာရှိနိုင်ပါတယ်။

    ဟိုနားလေးက ဟိုလိုဖြစ်နေတယ်နော်၊ ဒါလေးပြင်လိုက်ပါဦး၊ သူများပြောမှာစိုးလို့ပါ ဆိုတဲ့စကားတွေနဲ့ ကိုယ်က အရင်ပြစ်တင်ဝေဖန်မိနေတာ သင်သိရဲ့လား။ကောင်းစေချင်လို့ပြောတယ်ဆိုလည်း နှစ်ဦးတည်းရှိချိန်မှာပြောပါ၊ သူများရှေ့မှာပြောတာဟာ ကောင်းစေချင်တာထက် အမှားကို ကြေညာပေးသလို ဖြစ်စေတတ်ပါတယ်။

    ဒါ့ကြောင့် တစ်ယောက်ယောက်ကို ကိုယ့်ထင်မြင်ချက် ဒါမှမဟုတ် အကြံပြုချက်ပေးတော့မယ်ဆိုရင် သူ့အတွက် ဘာရသွားမလဲလို့ အရင်စဉ်းစားပါ။ သူ့အတွက် နစ်နာမှုမရှိစေဘဲ ကောင်းသွားစေဖို့ဆို လူအများရှေ့မဟုတ်ဘဲ သီးသန့်အကြံပြုပါ။ အမြဲမပြတ် ဝေဖန်နေတာ၊ထောက်ပြနေတာ စေတနာနဲ့ဆိုလည်း ပြစ်တင်ဝေဖန်မှုဘက်ကို ရောက်မသွားစေဖို့ ဆင်ခြင်လိုက်ပါ။

    ဒေါသစိတ်ကို တခြားနည်းနဲ့ဖော်ပြမိတာ

    ကတောက်တဆဖြစ်တာ၊ စိတ်ခုစရာတွေကြောင့်ဖြစ်လာတဲ့ ကိုယ့်အတွင်းကဒေါသစိတ်ကို တစ်ဖက်လူအပေါ်သွယ်ဝိုက်တဲ့နည်းနဲ့ဖော်ပြတာဟာ အဆိပ်သုတ်ထားတဲ့ပန်းပွင့်တွေပါပဲ။ ရန်ထဖြစ်လိုက်တာထက် ပိုဆိုးတဲ့ကိစ္စပါ။ ဥပမာ လူတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ပတ်သက်ပြီးနောက်ပြောင်စကားပြောလိုက်တယ်ထား ဒီစကားက ခပ်ပါးပါးလေး သူ့ကိုလှောင်/ခနဲ့/ဆော်ထားတဲ့အဓိပ္ပါယ်ပါနေတယ်ဆိုတာမျိုး၊ တစ်ဖက်လူက ဒက်ခနဲသိပြီး ထိသွားလောက်တဲ့နောက်ပြောင်စကားမျိုး။

    ကိုယ့်ရဲ့ဒေါသစိတ်ကို ဒီလိုနည်းနဲ့ဖြေတာ၊ တစ်ဖက်ကို နာသာခံခက်ဖြစ်အောင်လုပ်တာ မရိုးဖြောင့်တဲ့အပြုအမူပါ။ သကာရည်နဲ့ဖုံးအုပ်ထားတဲ့ အဆိပ်က အနည်းငယ်ပဲဖြစ်စေဦးတော့ တစ်ဖက်လူရဲ့ရင်ကို ထိမှန်သွားတာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလိုအပြုအမူမျိုးလုပ်မိတဲ့ ကိုယ့်ခံစားချက်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုမလိမ်မိပါစေနဲ့။ ဒါက အဆိပ်အတောက်ရှိသူအဖြစ် ကိုယ့်ကိုယ်ကို တွန်းပို့နေတဲ့ခြေလှမ်းပါ။ ကိစ္စတစ်ခုခုကို မကျေနပ်ဘူး၊ဖြေရှင်းဖို့လည်းသင့်တယ်ဆိုရင် အချိန်တစ်ခုရွေးပြီး တိုက်ရိုက်ဖြေရှင်းညှိနှိုင်းပါ။ ရိုးသားပါ။

    – လိုအပ်နေတဲ့အချိန် ဘေးမှာမရှိတာ

    ဒါကတော့ သူစိမ်းတွေကြားမှာ တွေးစရာမလိုတဲ့အချက်ပါ။ လူတစ်ယောက်နဲ့ သိပ်ရင်းနှီးတယ်ထား၊ သူအခက်အခဲကြုံနေချိန်မှာ မသိသလိုနေလိုက်မိတာ၊ ကူညီလို့အားပေးလို့ရသားနဲ့ မဆိုင်သလိုနေခဲ့မိတာမျိုးပါ။ ကိုယ့်အကျင့်ကဒီလိုပဲနေတတ်လို့ ဝင်မပါတာဆိုလည်း အပြစ်မရှိပါဘူး။ ဒါပေမယ့် ကူညီချင်ယောင်မဆောင်ဖို့ပါ။ အစပိုင်းမှာ အားပေးသလိုလို၊ အနားမှာရှိသလို ကတိတွေပေးခဲ့ပြီး တကယ့်အချိန်မှ အကြောင်းပြချက်ကောင်းကောင်းနဲ့ရှောင်လိုက်တာမျိုးက တစ်ဖက်ရဲ့မျှော်လင့်ချက်နဲ့ ရင်းနှီးမှုအစစ်အမှန်ကို ရိုက်ချိုးလိုက်နိုင်ပါတယ်။

    ဒါ့ကြောင့် ကိုယ်ကူညီနိုင်တာကိုပဲ ပြတ်ပြတ်သားသားပြောပါ၊ မလုပ်ပေးနိုင်တာတွေနဲ့ ပုံမပြောပါနဲ့။ ဘာအကူအညီလိုအပ်သလဲ ပွင့်ပွင့်လင်းလင်းမေးပါ။ မလုပ်ပေးနိုင်တာတွေပဲပြောပြီးရှောင်နေမယ့်အစားသေးသေးလေးပဲဖြစ်ဖြစ် တတ်နိုင်တဲ့အပိုင်းကူညီပေးပါ။ မလုပ်ပေးနိုင်လည်းအဖော်ပြုပေးတာ ခင်မင်ရင်းနှီးမှုအစစ်ပါ။

    – အမြဲ အာရုံပြောင်းလွယ်တာ

    ကိုယ်ခင်မင်ရတဲ့လူတစ်ယောက်နဲ့ စကားပြောနေချိန်မှာ သူ့ဆီမှာ အာရုံမရှိဘဲ မကြာခဏဘေးပတ်ဝန်းကျင် ဒါမှမဟုတ် တခြားအရာတွေကို အာရုံပြောင်းပြောင်းသွားတာမျိုးက ယဉ်ကျေးမှုနဲ့ လေးစားမှုမရှိရာ ရောက်သလို တစ်ဖက်လူကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ တစ်ကြိမ်တစ်ခါ ပြဿနာမရှိပေမယ့် ဒီလိုမျိုးကြာလာတဲ့အခါ ကိုယ့်ရဲ့အပြုအမူက ဆက်ဆံရေးမှာ အဆိပ်အတောက်ဖြစ်စေတာ ကိုယ်မသိလိုက်နိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ်အလေးထားတဲ့သူတွေအပေါ် အာရုံစိုက်ကြောင်းဖော်ပြပေးပါ။ တကယ်လည်း ဂရုစိုက်လျက်နဲ့ ဒီလိုခံစားချက်မျိုးနဲ့ သူတို့အထင်လွဲသွားတာမျိုး အဖြစ်မခံပါနဲ့။

    ဒါတွေလုပ်မိဖူးတယ် ဆိုလည်း ပြဿနာ မဟုတ်သေးပါဘူး။ ကိုယ်တွေက သူတော်စင်မဟုတ်လို့ ပြစ်ချက်ကင်း စင်ကြယ်လွန်းဖို့ မမျှော်လင့်ပါနဲ့။ သိတဲ့အချိန်ကစပြီးပြုပြင်ယူလို့ရပါတယ်။ ညစ်ပေစွန်းထင်းနေတဲ့အဝတ်အထည်တွေတောင်ဖြူစင်သန့်ရှင်းသွားအောင်လျှော်လို့ရသေးတာ၊ ကိုယ့်ကိုယ်ကိုလည်း ဖြူစင်ရိုးသားအောင် ဖွတ်လျှော်လို့ ရနိုင်ပါတယ်။

    ကိုယ့်အမူအကျင့်တွေမှာ အကောင်းအဆိုးကို မြင်နိုင်ဖို့သာ အရေးကြီးတာပါ။ ဒီလိုသိပြီ ဆိုတာနဲ့ ငါဒီထက် ပိုကောင်းအောင် လုပ်နိုင်ပါတယ် ဆိုတဲ့စိတ်ကို ခေါင်းထဲသွင်းပါ။ ကိုယ့်စိတ်ထဲက အဆိပ်အတောက်တွေကို တတ်နိုင်သလောက် ဖယ်ရှားပါ၊ တခြားသူကို အဆိပ်အတောက် မပေးမိအောင် ဂရုစိုက်ပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement