backup og meta

ပျော်ရွှင်ခြင်းနှင့် ကျန်းမာခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော်ရွှင်ခြင်းနှင့် ကျန်းမာခြင်း

    ပျော်ရွှင်ခြင်းဆိုတာ လူ့ဘဝရဲ့ အဓိပ္ပာယ်လို့ ဂရိအတွေးအခေါ်ပညာရှင်ကြီး အရစ္စတိုတယ်က လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ လောက်ကတည်းက ဆိုခဲ့ပါတယ်။ ဒီနေ့အထိ မှန်နေတုန်းပါပဲ။ ပျော်ရွှင်မှုဆိုတာ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်အားလုံးကို ခြုံငုံပြီး ခေါ်ဝေါ်လိုက်ခြင်း ဖြစ်ပါတယ်။ ရွှင်မြူးခြင်း၊ စိတ်ကျေနပ်ခြင်း၊ ကြည်နူးနှစ်သက်ခြင်း စတဲ့သဘောတရားတွေ ပါဝင်နေပါတယ်။

    သုတေသနတွေအရ ပျော်ရွှင်ခြင်းဟာ စိတ်ခံစားမှုကို ကောင်းစေခြင်းသက်သက်မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးဖြစ်စေကြောင်း သိရှိလာရပါတယ်။ ယခုဆောင်းပါးမှာလည်း ပျော်ရွှင်ခြင်းနဲ့ ကျန်းမာရေးအကြားက ဆက်စပ်မှုတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

    ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံ

    စိတ်ပျော်ရွှင်ချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ဖြစ်ပါတယ်။ သုတေသနတွေအရ ပျော်ရွှင်သူများဟာ အဆိုးမြင်သူများထက် သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်တွေကို ပိုမိုစားသုံးဖြစ်တယ်လို့ ဆိုပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်များဟာ ဆီးချို၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့ကျန်းမာရေးပြဿနာတွေကို လျော့နည်းစေပါတယ်။

    ၎င်းသုတေသနမှာပဲ ဖော်ပြထားတာကတော့ အကောင်းမြင်စိတ်ရှိသူများဟာ ရုပ်ပိုင်းဆိုင်ရာလည်း ပိုမိုတက်ကြွလှုပ်ရှားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိပ်စက်ပုံမှန်ကန်ပြီး အာရုံစူးစိုက်နိုင်စွမ်း၊ အလုပ်လုပ်နိုင်စွမ်း ပိုကောင်းတယ်လို့ ဆိုပါတယ်။

    ကိုယ်ခံစွမ်းအားမြှင့်တင်နိုင်ခြင်း

    ကိုယ်ခံစွမ်းအားကောင်းခြင်းဟာ ကျန်းမာရေးအတွက် လွန်စွာ အရေးကြီးပါတယ်။ သုတေသနတွေအရ ပျော်ရွှင်တက်ကြွသူများဟာ ကိုယ်ခံစွမ်းအားလည်း ကောင်းကြပါတယ်။ ကိုယ်ခံစွမ်းအားကောင်းရင် အအေးမိတုတ်ကွေး ဖျားနာခြင်းဖြစ်ဖို့ ခဲယဉ်းပါတယ်။ ပျော်ရွှင်ခြင်းနဲ့ ကိုယ်ခံစွမ်းအားမြင့်မားခြင်းတို့ရဲ့ကြားက ဆက်နွယ်မှုကိုတော့ လေ့လာနေဆဲဖြစ်ပြီး သေချမသိရသေးပါဘူး။ ဒါပေမယ့် ပျော်ရွှင်သူများဟာ ကိုယ်ခံစွမ်းအားလည်း ပိုကောင်းပြီး ကျန်းမာဖို့ အခွင့်အလမ်းများတာတော့ အမှန်ပါပဲ။

    စိတ်ဖိစီးမှုကို အနိုင်ယူခြင်း

    ပျော်ရွှင်ချိန်မှာ စိတ်ဖိစီးမှုပမာဏ နည်းပါးတာတော့ အမှန်ပါပဲ။ စိတ်ဖိစီးမှုများချိန်မှာ ကော်တီဆောလို့ခေါ်တဲ့ ဟော်မုန်းထုတ်လုပ်ပြီး ဆိုးကျိုးတွေ ဖြစ်စေတတ်ပါတယ်။ အိပ်စက်ပုံမမှန်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဆီးချိုသွေးတိုးဖြစ်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်သူများဆီမှာ ကော်တီဆောဟော်မုန်းဟာ စိတ်ဖိစီးနေသူတွေထက် ၃၂ ရာခိုင်နှုန်း ပိုမိုနည်းပါးတယ်လို့ သုတေသနတခုက ဆိုပါတယ်။

    နှလုံးကိုကာကွယ်ခြင်း

    ပျော်ရွှင်ခြင်းဟာ သွေးတိုးခြင်းကို လျော့ကျနိုင်စေတာမို့ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကို ၁၃-၂၆ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ပျော်ရွှင်ခြင်းဟာ နှလုံးရောဂါရှိပြီးသူများကိုလည်း အကျိုးပြုပါတယ်။ သုတေသနတွေအရ ပျော်ရွှင်သူများဟာ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ၁၁ ရာခိုင်နှုန်း နည်းပါးတယ်လို့ ဆိုပါတယ်။ ဒါဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေ ပြုမူလိုက်စားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

    နာကျင်မှုကို သက်သာစေခြင်း

    အဆစ်အမြစ်ရောင်ခြင်းဟာ အသက်အရွယ်ကြီးလာချိန်မှာ ပိုမိုတွေ့ရပြီး နာကျင်တောင့်တင်းမှုကို ခံစားရတတ်ပါတယ်။ သုတေသနအချို့အရ အကောင်းမြင်စိတ်ရှိသူ၊ ပျော်ရွှင်တက်ကြွသူများဟာ ဒီပြဿနာကို တွေ့ကြုံနိုင်ခြေ လျော့နည်းကြောင်း သိရပါတယ်။ တခြားရောဂါတွေမှာလည်း ယခုလိုပါပဲ။ ပျော်ရွှင်တတ်သူများဟာ ရောဂါဝေဒနာကို ခံစားရာမှာ ပိုမိုသက်သာပါတယ်။ ပျော်ရွှင်သူများရဲ့ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်နဲ့ အတွေးအမြင်ရှုထောင့်များကြောင့် ယခုလိုကွာခြားရခြင်း ဖြစ်ပါတယ်။

    ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းဟာ ဆက်စပ်မှု ရှိနေပါတယ်။ နေ့စဉ် ပျော်ရွှင်နိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ပြီး ကျန်းမာရေးကောင်းဖို့လည်း စိတ်ဖိစီးမှု၊ တင်းကြပ်မှုတွေကို လျှော့ချပြီး ပျော်ရွှင်တက်ကြွစွာ နေထိုင်သွားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement