backup og meta

လုပ်ငန်းခွင်မှာ အထိုင်များခြင်းနဲ့ စိတ်ကျဝေဒနာ


Ye Zon Aung မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လုပ်ငန်းခွင်မှာ အထိုင်များခြင်းနဲ့ စိတ်ကျဝေဒနာ

    လုပ်ငန်းခွင်ဆိုတာ ပျော်ရွှင်ဖွယ်ရာ နေရာတစ်ခုဖြစ်ဖို့သင့်တယ်လို့ လူတိုင်းကဆိုတတ်ကြတယ်။ ဒါပေမယ့် ပြိုင်ဆိုင်မှုတွေ၊ တွန်းအားတွေ၊ ရုန်းကန်ရမှုတွေက အမြဲရှိနေမှာဖြစ်တာမို့ လုပ်ငန်းခွင်ဆိုတာ အမြဲတမ်းတော့ ပျော်စရာဖြစ်နေမှာမဟုတ်ပါဘူး။

    ဒါကြောင့်လည်း လုပ်ငန်းခွင်တွေဟာ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ အမြဲတမ်းဆက်စပ်မှုရှိနေတတ်ပါတယ်။ အထူးသဖြင့်တော့ ဝန်ထမ်းတွေ၊ လုပ်သားတွေရဲ့ ကျန်းမာရေးပြဿနာတွေနဲ့ပေါ့။

    ပုံမှန်အားဖြင့် လုပ်ငန်းခွင်ဖိအားတွေ၊ ပင်ပန်းမှုဒဏ်တွေကြောင့် ဝန်ထမ်းတွေမှာ စိတ်ဖိစီးမှုဝေဒနာတွေ၊ စိတ်ဓာတ်ကျတာတွေဖြစ်နိုင်တယ်ဆိုတာကို လူသိများကြပေမယ့် သုတေသနပြုလုပ်ချက်အသစ်တွေရဲ့ ဖော်ထုတ်ချက်တွေအရဆိုရင်တော့ နောက်ထပ် ပြဿနာတစ်ချို့ရှိနေသေးတယ်လို့ ဆိုပါတယ်။

    ဥပမာပြောရမယ်ဆိုရင်တော့ အချိန်ကြာမြင့်စွာ ဆက်တိုက် ထိုင်နေရတာလိုမျိုးကိစ္စရပ်ပါပဲ။ ကွန်ပျူတာရှေ့မှာ နာရီနဲ့ချီ မရပ်မနားထိုင်ပြီး အလုပ်လုပ်တာဟာ ခန္ဓာကိုယ်ကြီးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်လို့ သိရှိလာရပါပြီ။

    လုပ်ငန်းခွင်မှာ အထိုင်များခြင်းနှင့် စိတ်ကျန်းမာရေး

    တစ်နေ့ကို ၈ နာရီလောက် ကွန်ပျူတာရှေ့မှာ ထိုင်နေသူတွေဟာ စိတ်ဓာတ်ကျတဲ့ ဝေဒနာကို မွေးမြူခြင်းတစ်မျိုးဖြစ်တယ်လို့ ဗြိတိန်က ကျန်းမာရေးသုတေသီတွေကဆိုပါတယ်။

    အရွယ်ရောက်ပြီးသူပေါင်း ၄၂၅၇ ဦးကို လေ့လာသုတေသနပြုလုပ်ခဲ့မှုအရဆိုရင် ဒီလိုအချိန်ကြာမြင့်စွာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေဟာ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့လည်း စိတ်မပါသလိုဖြစ်လာကြပြီး စိတ်ဓာတ်ကျဆင်းတဲ့ ဝေဒနာခံစားရဖို့လည်း အလွန်အမင်းနီးစပ်လာခဲ့ကြပါတယ်။

    အထိုင်များတဲ့အပြင် ကိုယ်လက်လှုပ်ရှားမှုပါနည်းပါးလာတဲ့အခါ လူရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ တက်ကြွမှုတွေပျောက်ဆုံးလာနိုင်ပြီး လုပ်ငန်းခွင်မှာလည်း အမှားအယွင်းတွေများတာတွေ၊ တိုးတက်တဲ့ စွမ်းဆောင်ရည်ကို မပြသနိုင်တာတွေဖြစ်လာမှာဖြစ်ပါတယ်။

    ဒီအခြေအနေတွေနဲ့ ဆက်စပ်ပြီး စိတ်ဖိစီးမှုဝေဒနာစွဲကပ်လာမှာဖြစ်ပြီး စိတ်ဖိစီးမှုများလာလေလေ လုပ်ငန်းခွင်မှာလည်း ပိုမိုဖိအားများလာလေလေဖြစ်လာမှာဖြစ်တာကြောင့် ဒီအခြေအနေကြီးတစ်ခုလုံးကို အဆိုးကျော့သံသရာ (Vicious Circle) လို့ သုံးသပ်မှုတွေ ရှိထားပါတယ်။

    ခုလို စိတ်ဖိစီးလာနေချိန်မှာ အောက်ပါ အချက်တွေကြောင့် စိတ်ဖိစီးမှုထုထည်ပိုမိုတိုးပွားလာနိုင်ပြီး စိတ်ဓာတ်ကျတဲ့ဝေဒနာအဆင့်ကို ရောက်ရှိသွားစေနိုင်ပါတယ်။

    • တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊
    • အလုပ်ခွင် လိုအပ်ချက်များတာ၊
    • စိတ်သက်သာဖွယ်မရှိတဲ့ လုပ်ငန်းခွင်ဖြစ်နေတာ၊
    • ဝန်ထမ်းချင်း ဆက်ဆံမှု မပြေပြစ်တာ၊
    • ကူညီထောက်ပံ့မှု အားနည်းတာ၊
    • အလုပ်ချိန်ကြာမြင့်လွန်းတာ၊
    • လုပ်ငန်းခွင်တောင်းဆိုမှုများတာ၊
    • လွန်ကဲစွာ စောင့်ကြည့်စေခိုင်းတာ၊
    • လုပ်ငန်းသုံး ပစ္စည်းကိရိယာနဲ့ အရင်းအမြစ်များရှားပါးတာ
    • ရာထူးတိုးတက်ရန် အခွင့်အရေးနည်းပါးတာ
    • လုပ်ငန်းတွင်း အနိုင်ကျင့်ခံရှိတာတွေ ဖြစ်ပါတယ်။

    အထိုင်များခြင်းကို ဘယ်လိုလျှော့ချမလဲ

    လုပ်ငန်းခွင်မှာ အထိုင်များခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာကို ဝန်ထမ်းကိုယ်တိုင်ဖြေရှင်းလို့ရသလို လုပ်ငန်းခွင်ကလည်း ဖြေရှင်းပေးနိုင်ပါတယ်။

    ကိုယ်တိုင်ဖြေရှင်းမယ်ဆိုရင်တော့

    • တစ်ပတ်ကို မိနစ် ၁၅၀ လောက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ၊
    • မဖြစ်မနေ အချိန်ယူ ထိုင်ပြီးလုပ်ရမယ်ဆိုရင် ဆက်တိုက် ထိုင်နေတာမျိုးမလုပ်ပဲ၊ မိနစ် ၃၀ ကို တစ်ကြိမ်လောက် လမ်းထလျှောက်တာမျိုးလုပ်ပေးပါ၊
    • ရေများများသောက်ပါ၊
    • နေအိမ်ကို ပြန်ရောက်ချိန်မှာ ဖုန်း၊ တီဗီစတာတွေကို ကြည့်ရှုချိန် screen time ကို လျှော့ချပါ၊
    • တီဗီကြည့်ချိန်အစား လေ့ကျင့်ခန်းလုပ်ချိန်နဲ့ အစားထိုးပါ၊
    • လုပ်ငန်းခွင်ကို ဘတ်စ်ကား ဒါမှမဟုတ် ရထားနဲ့ သွားပါ၊
    • လှေကားတွေကို လမ်းလျှောက်တက်ပါ၊
    • ဖုန်းပြောဆိုချိန်တွေမှာ လမ်းလျှောက်ပြီး ပြောဆိုပါ၊
    • လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပြောဆိုဆက်သွယ်စရာရှိရင် သူ့ရဲ့ စားပွဲဆီ လမ်းလျှောက်သွားပြီး ပြောဆိုပါ၊
    • ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ မှီဝဲစားသောက်ပါ။

    ကွန်ပျူတာရှေ့မှာ အချိန်ကြာမြင့်စွာ ထိုင်နေတာဟာ စိတ်ဖိစီးမှုဝေဒနာအပြင်၊ အဝလွန်တာ၊ သွေးတိုး၊ ဆီးချိုးဝေဒနာတွေစွဲကပ်တာ၊ ကင်ဆာရောဂါတစ်ချို့ဖြစ်စေနိုင်တာနဲ့ အရွယ်မတိုင်မီသေဆုံးတာမျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

    ဒါကြောင့် လုပ်ငန်းခွင်မှာ ကာလကြာရှည်ထိုင်နေတာမျိုးမဖြစ်စေဖို့ ကိုယ့်ကိုယ်ကို အမြဲမပြတ်သတိပေးနေဖို့ သင့်ပါတယ်။

    ဝန်ထမ်းများ စိတ်ဓာတ်ကျခြင်းသည် မည်သူ့အတွက်မှ အကျိုးမရှိပါ

    လုပ်ငန်းခွင်တွေဟာ ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးကို အထောက်အကူပြုတဲ့နေရာတွေဖြစ်နိုင်သလို ပိုမိုဆိုးရွားသွားစေနိုင်တဲ့ အခြေအနေတွေကိုလည်း ဖန်တီးနိုင်ပါတယ်။ ဝန်ထမ်းတွေဟာ အထိုင်များခြင်းကြောင့်သာမက လုပ်ငန်းခွင်အခြေအနေနဲ့ ဖိအားပေါင်းစုံတို့ကြောင့် စိတ်ဓာတ်ကျတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။

    တစ်ကမ္ဘာလုံးမှာ စိတ်ဓာတ်ကျဆင်းတဲ့ဝေဒနာခံစားနေရသူပေါင်း ၂၆၄ သန်းအထိရှိတယ်လို့ WHO ကဆိုထားပြီး လုပ်ငန်းခွင်နဲ့ဆက်နွယ်ပြီး ပူပင်သောကများတဲ့ လက္ခဏာမျိုးတွေကို အများဆုံးပြသကြတယ်လို့လည်း ဆိုပါတယ်။

    ခုလို လုပ်ငန်းခွင်မှာ စိတ်ကျဝေနာခံစားရခြင်းဟာ ဝန်ထမ်းတစ်ဦးတစ်ယောက်တည်းကိုသာ ထိခိုက်စေတာမဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုလုံးကိုပါ ထိခိုက်စေနိုင်တာပါ။

    WHO ရဲ့ အဆိုအရ စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေဟာ သက်ဆိုင်ရာလုပ်ငန်းတွေကိုပါသက်ရောက်မှုရှိနေပြီးတော့ ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ထိခိုက်ခံနေရမှုတွေကြောင့် ကမ္ဘာ့စီးပွားရေးနယ်ပယ်တစ်ခုလုံးဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ထရီလီယံလောက် ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။

    အဓိပ္ပါယ်ကတော့ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေ ပိုမိုပျော်ရွှင်လေလေ လုပ်ငန်းလည်း အကျိုးအမြတ်ပိုမိုရရှိလေလေဆိုတဲ့ သဘောပါ။ ဝန်ထမ်းတွေ စိတ်ကျန်းမာပျော်ရွှင်စေဖို့အတွက် ၁ ဒေါ်လာ သုံးစွဲပေးတိုင်း အကျိုးအမြတ် ၄ ဒေါ်လာ ပြန်ရလိမ့်မယ်လို့ WHO က တွက်ချက်ပြထားပါတယ်။

    ဒါကြောင့် လုပ်ငန်းခွင်မှာ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် ထိုင်များတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ လုပ်ငန်းခွင်အတွင်းမှာ စိတ်လက်အပန်းဖြေနိုင်ဖို့ အစီအစဉ်တွေကို လုပ်ငန်းဘက်ကလည်း ဖန်တီးပေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement