backup og meta

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့သောကလေးများကို ပြုစုစောင့်ရှောက်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့သောကလေးများကို ပြုစုစောင့်ရှောက်ခြင်း

    ကလေးများဟာ နတ်သား နတ်သမီးလေးများ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနတ်သား နတ်သမီး လေးတွေဟာ အမြဲတမ်း ပြီးပြည့်စုံ နေတာတော့ မဟုတ်ပါဘူး။ တခါတရံ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်စရာတွေ ကြုံရပါတယ်။ ဒီဆောင်းပါးမှာ ဒီကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ ဘာတွေကြုံနိုင်လဲဆိုတာ ဆွေးနွေးထားပါတယ်။

    စိတ်ဖိစီးမှု

    စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ရှိနေတဲ့ ကလေးတယောက်ကို ကိုင်တွယ်ရာမှာ အင်အားတွေ၊ ပြောင်းလွယ်ပြင်လွယ်မှုတွေ အများကြီးလိုပါတယ်။ ပုံမှန်ကလေးအတွက် လိုအပ်ချက်တွေသာမက အပိုဆောင်း ဂရုစိုက်ပေးရခြင်းတွေ ရှိပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ ပြုစုစောင့်ရှောက်တဲ့ ကိစ္စတွေမှာ တာဝန်ယူရခြင်းဟာ ကြီးမားတဲ့ ဖိစီးမှုပါပဲ။ ဒီလိုအခြေအနေဟာ သင့်ကို ဖိစီးလွန်းလို့ အသက်ရှူ မဝနိုင်အောင် ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် မိသားစုဝင်များ၊ သူငယ်ချင်းများရဲ့ အားပေးကူညီမှု၊ စာနာမှုတွေဟာ အရေးကြီး လှပါတယ်။

    စိတ်ပိုင်းဆိုင်ရာ အတက်အကျ

    အတွေ့အများဆုံး ခံစားမှုကတော့ အပြစ်ရှိတယ်လို့ ခံစားရခြင်းပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပြသနာရှိတဲ့ ကလေးတွေရဲ့ မိဘများဟာ သူတို့ကလေးများကို လောကထဲ ရောက်လာစေပြီး ပြသနာတွေ ခံစားရစေတဲ့အတွက် မိမိကိုယ်ကို အပြစ်တင်တတ်ကြပါတယ်။ ဘာကြောင့် သူတို့ကလေးမှာမှ ဒီလိုဖြစ်ရသလဲ၊ သူတို့မိသားစုကမှ ဘာလို့ ဖြစ်ရသလဲဆိုပြီး မေးချင်ကြပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ပြည့်စုံလှပပြီး ကျန်းမာတဲ့ ကလေးလို့ မျှော်လင့်ခဲ့ပေမယ့် လက်တွေ့မှာ ကြုံရတာက ပြင်းထန်တဲ့ ထိုးနှက်ချက်တခု ဖြစ်စေပါတယ်။ မိမိကလေးရဲ့ ချို့ယွင်းချက်အတွက် ရှက်နေတတ်ကြတဲ့ တကိုယ်ကောင်းဆန်တဲ့ မိဘတချို့လည်း ရှားရှားပါးပါး ရှိတတ်ပါတယ်။

    ပင်ပန်းနွမ်းနယ်ခြင်း

    ပင်ပန်းမှု အတိုင်းအတာဟာ ကလေးအတွက် အားအင်တွေ ဘယ်လောက် စိုက်ထုတ်နေရသလဲ ဆိုတာပေါ် မူတည်ပါတယ်။ ထမင်းကျွေးခြင်း၊ ရေချိုးအဝတ်အစားလဲပေးခြင်း၊ ကျန်းမာရေးအတွက် စောင့်ရှောက်ပေးခြင်း စတာတွေဟာ ကြီးမားတဲ့ ကလေးတွေအတွက်ဆို ပိုဆိုးပါတယ်။ ကျန်းမာရေး စစ်ဆေးမှုပေါင်းများစွာ လိုအပ်ပါတယ်။ ပုံမှန်ကလေးတွေဟာ တခြားကလေးတွေနဲ့ ဆော့ကစားနေချိန်မှာ သူတို့မိဘတွေအတွက် အားလပ်ချိန်ရတတ်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြသနာရှိတဲ့ ကလေးတွေအတွက်ကတော့ ၂၄နာရီ ဂရုစိုက်မှု လိုအပ်ပါတယ်။ ဒါဟာ အကြီးမားဆုံး ပင်ပန်းမှုပါပဲ။

    ပညာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ရခြင်း

    ပညာသင်ချိန်မှာလည်း ဒီကလေးတွေအတွက် စိုးရိမ်စရာတွေ အများကြီး ရှိပါတယ်။ သူတို့ကိုထားမယ့် ကျောင်းအတွက် စဉ်းစားရပါတယ်။ ကိုယ်ပိုင်ကျောင်း၊ အစိုးရကျောင်း ဘယ်ကိုပို့မလဲ စဉ်းစားရပါတယ်။ ဆရာတွေနဲ့လည်း တွေ့ဆုံဆွေးနွေးရပါတယ်။ နောက်ပိုင်းမှာလည်း ဒီကလေးတွေ စနောက်လှောင်ပြောင်ခံရခြင်း မရှိစေဖို့ စောင့်ကြည့်ရပါတယ်။ စားသောက်မှုပုံစံ၊ ကျောင်းရဲ့ သင်ရိုးညွှန်းတမ်း စတာတွေ အတွက်လည်း ထည့်သွင်းစဉ်းစားရပါတယ်။

    ငွေရေးကြေးရေးပြသနာ

    စိတ်ပိုင်းဆိုင်ရာချို့တဲ့တဲ့ကလေးတွေအတွက် ပိုပြီး ငွေကုန်ကြေးကျများပါတယ်။ ကျန်းမာရေး၊ ပြုစုစောင့်ရှောက်မှု၊ ပညာရေး စတာတွေအတွက် ကုန်ကျရပါတယ်။ ပုံမှန်ကလေးတယောက်အတွက် ၁၈နှစ်လောက်အထိသာ ကြာမြင့်ပေမယ့် ဒီကလေးတွေအတွက်ကတော့ တသက်လုံးပါပဲ။ မိဘတွေ ကွယ်လွန်သွားပြီးနောက်ပိုင်း ဆက်လက် စောင့်ရှောက်မယ့် ရန်ပုံငွေ ဒါမှမဟုတ် ယုံကြည်ရသူ သတ်မှတ်ခြင်းလည်း ပြုလုပ်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement