backup og meta

HD တွေ ထွက်ကုန်ပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 29/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HD တွေ ထွက်ကုန်ပြီလား

    HD တွေ ထွက်ကုန်ပြီလား …….. HD ဆိုတဲ့ စာလုံးဟာ လူမှုကွန်ယက်နဲ့ မရင်းနှီးသူ ဒါမှမဟုတ် တခြားနိုင်ငံသားတွေအတွက် High-definition (ဝါ) ကြည်လင်ပြတ်သားပြီး အရည်အသွေးကောင်းမွန်တဲ့ ရုပ်သံဖိုင်တခုဆိုတဲ့ အဓိပ္ပာယ်ဆောင်မှာ ဖြစ်ပေမယ့် လူမှုကွန်ယက်နဲ့ အကျွမ်းတဝင်ရှိတဲ့ မြန်မာနိုင်ငံသားတွေအတွက်တော့ ဒီစာလုံးဟာ အဓိပ္ပာယ်တမျိုး သက်ရောက်ပါတယ်။

    အားလုံးပဲ သိတော်မူကြတဲ့အတိုင်း HD ဆိုတာဟာ စုံတွဲတတွဲ လိင်ဆက်ဆံနေကြတာကို (အဆိုပါ စုံတွဲထဲက တယောက်ယောက် သို့မဟုတ် အခြားသူတယောက်ယောက်က) ခိုးရိုက်ထားတဲ့ ရုပ်သံဖိုင် သို့မဟုတ် မိမိတို့စုံတွဲကိုယ်တိုင် အလိုတူအလိုပါ ရိုက်ထားပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ပျံ့နှံ့သွားတဲ့ ခပ်ပြာပြာ ရုပ်သံဖိုင်တွေကို ဆိုလိုတာပါ။ အင်တာနက်နဲ့ ဖုန်းဟာ လက်တကမ်းဆိုတာထက် ပိုနီးစပ်လာတဲ့ အခြေအနေမှာ သင့်ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေဟာ တမဟုတ်ချင်းမှာပဲ ပြည်သူပိုင်ပစ္စည်း ဖြစ်သွားနိုင်ပါတယ်။

    နောက်ဆက်တွဲအကျိုးရလာဒ်တွေကတော့ မတွေးဝံ့အောင်ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ အဆိုပါ ရုပ်သံဖိုင်ပေါက်ကြားမှုနဲ့ ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်လေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

    HD တွေ ထွက်ကုန်ပြီလား

    ရုပ်သံဖိုင်ပေါက်ကြားမှုနဲ့ ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်လေးတွေကို ဆက်ကြည့်လိုက်နော်။

    ၁။ လက်မဆော့ပါနဲ့

    ဒီလို ရုပ်သံဖိုင်တွေ ထွက်လာတာကို ဘယ်လိုကာကွယ်ရမလဲလို့ မေးရင် အဖြေကရှင်းပါတယ်။ မရိုက်နဲ့ပေါ့။ ပျံ့နှံ့ထွက်ရှိလာတဲ့ ရုပ်သံဖိုင်တွေရဲ့ ရာခိုင်နှုန်းအတော်များများဟာ ကိုယ်တိုင်ရိုက်ကူးထားတာ အများစုဖြစ်တဲ့အတွက် သင့်လျှို့ဝှက်ချက်တွေ၊ လူသိမခံသင့်တဲ့ အခြင်းအရာတွေ မပေါက်ကြားစေချင်ရင် လက်ဆော့ခြေဆော့လုပ်ပြီး ဗွီဒီယိုမရိုက်ပါနဲ့။ ရှင်းရှင်းလေးပါ။

    အများအားဖြင့်တော့ ကျွန်တော်တို့ ယောက်ျားလေးတွေဟာ ဒီလိုကိစ္စတွေကို လက်တည့်စမ်းချင်ကြပါတယ်။ မတော်တရော်ကိစ္စတွေကို ရုပ်သံမှတ်တမ်းတင်ချင်ကြပါတယ်။ ရည်ရွယ်ချက်ကတော့ မိမိကိုယ်တိုင်သာ သိနိုင်ပါလိမ့်မယ်။ ဒါကြောင့် ယောက်ျားလေးတွေဖက်က ဒီလိုမျိုး (ခွင့်တောင်းပြီးတော့ပဲဖြစ်ဖြစ်၊ခိုးကြောင်ခိုးဝှက်ပဲဖြစ်ဖြစ်) မရိုက်ကူးသင့်သလို အမိတို့ဖက်ကလည်း မဟုတ်တဲ့နေရာမှာ အလိုမလိုက်ဖို့ အရေးကြီးပါတယ်။

    ချစ်နေတုန်း၊တည့်နေတုန်း အရေးမကြီးပေမယ့် မတော်တဆ အခန့်မသင့်လို့ ခွာပြဲကြပြီဆိုရင် ဒါတွေဟာ အင်မတန် ဒုက္ခပေးမယ့်အမျိုးတွေပါ။ ကိုယ်ကကျူး၊ကိုယ့်ဒူးတောင် မယုံရဘူးလို့ ဆိုတယ်မဟုတ်လား။ ဒါကြောင့် ချစ်စရာရှိတာ ချစ်ကြပါ။ ပျော်စရာရှိတာ ပျော်ကြပါ။ ဒါပေမယ့် လက်မဆော့ပါနဲ့။ မယုတ်မာပါနဲ့။ မှတ်တမ်းတင်တယ်ဆိုတာ နေရာတိုင်းမကောင်းပါဘူး။

    ၂။ မိမိအသုံးပြုတဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေရဲ့ လုံခြုံရေး၊ လူမှုကွန်ယက်အကောင့်တွေရဲ့ လုံခြုံရေးကို ဂရုစိုက်ပါ

    အထက်မှာပြောခဲ့သလို မိမိရဲ့ ချစ်သူရည်းစားက သစ္စာမဖောက်၊ မယုတ်မာဘူးဆိုရင်တောင် အကောင့်ဟက်ခံရတဲ့ အန္တရာယ်က ရှိပါသေးတယ်။ လောလောလတ်လတ် နမူနာတခုကိုပဲ ကြည့်ပါ။ အကောင့်ဟက်ခံရပြီဆိုရင်လည်း မိမိရဲ့ အတွင်းရေးတွေ အကုန်ပါသွားမှာမို့ အွန်လိုင်းမင်းသား၊ အွန်လိုင်းမင်းသမီးဖြစ်ဖို့ မဲပေါက်သွားပါလိမ့်မယ်။ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ စတဲ့ ပစ္စည်းတွေလည်း အလားတူပါပဲ။

    ဒါကြောင့် နည်းပညာနဲ့ ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားပြီး မိမိတကိုယ်ရည်သုံး ဒစ်ဂျစ်တယ်ပစ္စည်းတွေ၊ လူမှုကွန်ယက်၊ အီးမေးလ်အကောင့်တွေရဲ့ လုံခြုံရေးကို အထူးဂရုစိုက်ပါ။ အားလုံးကို သိမ်းကြုံးစော်ကားလိုခြင်း မဟုတ်ပေမယ့် ပစ္စည်းတခု (ဥပမာ လက်ကိုင်ဖုန်း) ပျက်လို့ ဆိုင်သွားပို့တဲ့အခါ ဆိုင်ကနေ ကိုယ့်ဒေတာတွေ ခိုးပြီးပြန်ဖြန့်တာတွေလည်း သာဓကတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဆိုင်ပို့တော့မယ်ဆိုရင်လည်း အထူးစိစစ်ရွေးချယ်ပါ။ အကောင်းဆုံးကတော့ နံပါတ်တစ်အချက်မှာ ပြောခဲ့တဲ့အတိုင်း လက်မဆော့ပါနဲ့လို့ပဲ ထပ်ပြောရပါမယ်။

    ၃။ တာဝန်ယူစိတ်ရှိပါစေ

    အလိုတူအလိုပါ ရိုက်ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ခိုးဖြန့်ခံရတဲ့ ကိစ္စပြီးတော့ နောက်တခုက တပါးသူရဲ့ ခိုးရိုက်ခြင်းကို ခံရတာပါ။ လင်မယားပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားပဲဖြစ်ဖြစ် ချစ်ကျွမ်းဝင်ကြတော့မယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ နေရာတွေကို ရွေးချယ်ပါ။

    မိန်းကလေးတွေအနေနဲ့လည်း ဒီလိုကိစ္စမျိုးကိုတောင် သစ်ပင်အောက်တို့၊ မြက်တောထဲတို့မှာ ပေါ့ပေါ့တန်တန် ဖြေရှင်းတတ်တဲ့ ယောက်ျားမျိုးဟာ အားကိုးထိုက်သူ ဟုတ်မဟုတ်၊ မိမိကို တကယ်မြတ်နိုးသူ ဟုတ်မဟုတ် ကိုယ်တိုင်ပဲ သုံးသပ်စဉ်းစားကြည့်ကြပါ။

    လုံခြုံစိတ်ချရခြင်းမရှိတဲ့ နေရာမှာ အချစ်ဇာတ်လမ်းတွေ ဖွဲ့သီခြင်းဟာလည်း ငွေရောင်ပိတ်ကားပေါ်ရောက်ဖို့ နည်းလမ်းတခုပါပဲ။

    ဒီလို ကိစ္စမျိုး ဖြစ်လာပြီဆိုရင် ကာယကံရှင်တွေရော၊သက်ဆိုင်ရာ မိဘဆွေမျိုးအသိုင်းအဝိုင်းအတွက်ပါ အရှက်ရစရာ၊ဝေဖန်ကဲ့ရဲ့ခံရစရာတွေနဲ့ ကြုံတွေ့ရင်ဆိုင်ရပါမယ်။

    အိမ်ထောင်ရေး၊စီးပွားရေး၊လူမှုရေး စတဲ့ နယ်ပယ်ပေါင်းစုံမှာ ထိုးနှက်မှုတွေ၊ အရှက်တကွဲ အကျိုးနည်းမှုတွေနဲ့ ရင်ဆိုင်ရပါမယ်။ နာမည်ကြီးထင်ရှားသူတွေဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။

    မီးကို စက္ကူနဲ့ အုပ်လို့မရသလို ဒီလိုပုံတွေ၊ ရုပ်သံဖိုင်တွေ ပျံ့သွားပြီးမှဆိုရင်လည်း ဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်း၏ ဆိုတဲ့ ဆေးပညာဆောင်ပုဒ်လေးကို ဒီနေရာမှာ ထပ်သုံးပါမယ်။

    ဘယ်သူ့ကိုမှ မယုံပါနဲ့။ အားမနာပါနဲ့။ မနုံပါနဲ့။ မိမိကိုယ်ကိုရော၊ မိမိရဲ့ ချစ်သူ/အိမ်ထောင်ဖက်ကိုပါ တန်ဖိုးထားလေးစားပါ။ သိသာသိစေ၊ မမြင်ပါစေနဲ့လို့ မျှဝေသတိပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 29/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement