brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

One night stand နေတဲ့အခါ အန္တရာယ်ကင်းစေဖို့

One night stand ဆိုတာက တစ်ညတာ အတူနေတာကို ဆိုလိုတာပါ။ Dating app တွေကနေဖြစ်ဖြစ်၊ ဘားတွေ ကလပ်တွေကနေဖြစ်ဖြစ် ရင်းနှီးလာပြီး တစ်ညတာကို အတူကုန်ဆုံးကြတာပါ။ ဒါပြီးရင်တော့ သူလည်း သူ့လမ်းသူလျှောက်၊ ကိုယ်လည်း ကိုယ်လျှောက်ပါ။ ဒါမှမဟုတ် သဘောကျရင်လည်း ထပ်တွေ့ပေါ့။

One night stand နေတဲ့အခါ အန္တရာယ်ကင်းစေဖို့

အဲ့ဒီတစ်ညတာမှာ လိင်မှုကိစ္စသက်သက်ပဲ တာဝန်ယူတာ၊ တာဝန်ခံတာ၊ သံယောဇဉ်စတာတွေ ဘာမှမပါတဲ့အတွက် စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးတော့ ဖြစ်မှာပါ။ သမီးရည်းစားလည်း မဟုတ်ဘဲနဲ့ နှစ်ဦးသဘောတူဖြစ်တဲ့အတွက် နောက်ကြောင်းလည်း အေးပါတယ်။ သူကျေနပ် ကိုယ်ကျေနပ်ရင် ဒီကိစ္စ ဒီမှာတင် ပြီးပါပြီ။

တစ်ညတာပဲ ဆုံလိုက်တယ်ဆိုပေမယ့် One night standတွေက တကယ်တော့ အန္တရာယ်ကင်းရဲ့လား။ လူမှုရေး ရှုထောင့်ကမဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရအောင်။

One night stand တွေကနေ ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်သလဲ။

  • လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးလာတာ

တစ်ညတည်း တစ်ခါတည်း ဆိုပေမယ့် အဖော်မှာ ကူးစက်ရောဂါတွေ ရှိနေရင် ကိုယ့်ဆီကိုကူးလာနိုင်ပါတယ်။ HIV၊ အသည်းရောင် အသားဝါ ဘီကစလို့ ဂနို၊ ဆစ်ဖလစ်အလယ် အသားချင်းထိရုံနဲ့ ကူးတတ်တဲ့ လိင်အင်္ဂါရေယုန်၊ ကြွက်နို့တွေ ကူးလာနိုင်ပါတယ်။

  • မလိုချင်သေးဘဲ ကိုယ်ဝန်ရသွားတာ

တစ်ခါတည်း ပန်းအိုးကွဲပေမယ့် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ကိုယ်ဝန်ရဖို့ ဘယ်နှခါ လိင်ဆက်ဆံရမယ်ဆိုတာမှ မရှိတာပဲ။ အထူးသဖြင့် ဒီလို တစ်ညပြီးတာနဲ့ ခွဲခွာမယ့် သူတွေမှာ မလိုချင်ဘဲ ကိုယ်ဝန်ရသွားတာက ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

  • လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ

ကိုယ်နေချင်တဲ့ ပုံစံကတခြား သူဆက်ဆံတဲ့ ပုံစံက တခြား ဖြစ်သွားတာပါ။ အတူနေဖို့ ခွင့်ပြုတယ်ဆိုရင်တောင် BDSMလိုမျိုး အကြမ်းဖက် လိင်ဆက်ဆံတာကို ခွင့်မပြုဘဲ အတင်းလုပ်မယ်ဆိုရင် ဒါလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာပါပဲ။ ဒါက အမျိုးသားမှာရော အမျိုးသမီးမှာရောတွေ့ရနိုင်ပါတယ်။

  • လူမှုရေး နှောင့်ယှက်ခံရတာ

ပြောရမယ်ဆိုရင်တော့ stalk လုပ်ခံရတာပါ။ တစ်ညတည်းပဲ။ ပြီးရင် တာ့တာလို့ ပြောခဲ့ပေမယ့် နောက်ရက်တွေမှာ ကိုယ့်ကို မလွှတ်ပေးတာ၊ တွယ်ကပ်တာ၊ နောက်ကနေ လိုက်နေတာ ဒီလိုမျိုး အပြုအမူတွေ လုပ်တတ်ပါတယ်။ ကိုယ်က One night standအတွက်ပဲ ရည်ရွယ်ထားတာဆိုရင် စိတ်အနှောင့်အယှက်ဖြစ်တတ်ပါတယ်။

အန္တရာယ်ကင်းတဲ့ One night standဖြစ်စေဖို့

One night stand နေသင့် မနေသင့် လူမှုရေးအရ ဝိဝါဒကွဲပြားပေမယ့် နေခြင်းမနေခြင်းကို ဘယ်သူမှ တားလို့မရပါဘူး။ အရွယ်ရောက်ပြီးသူတွေဖြစ်တဲ့အတွက် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်၊ ကိုယ့်ကိစ္စကိုယ် တာဝန်ယူရမှာပါ။

One night standကို အန္တရာယ်ကင်းကင်း ဖြစ်စေဖို့ဆိုရင်

  • ဆန္ဒရှိမှ လုပ်ပါ။

လိင်မှုဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက် ‘consent’ လို့ခေါ်တဲ့ နှစ်ဦးသဘောတူမှုက အရေးကြီးပါတယ်။ အတူနေမယ်ဆိုပေမယ့် နေချင်သလို နေဖို့ မသင့်ပါဘူး။ ဘယ်လိုနေမှာလဲ။ မိန်းမကိုယ်နဲ့ ဆက်ဆံမှာလား။ စအိုပါလား။ အတတ်ဆန်းတဲ့ အတူနေမှုတွေကို လက်ခံမှာလား စတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားဖို့ လိုပါတယ်။ မကြိုက်တာရှိရင် သဘောတူစရာမလိုပါဘူး။

  • ကွန်ဒုံးသုံးပါ။

လိင်ကတဆင့် ကူးစက်ရောဂါတွေ ကာကွယ်ဖို့ ကွန်ဒုံးသုံးပါ။ ပါးစပ်နဲ့ ဆက်ဆံမယ်ဆို dental dams သုံးပါ။ ဒါတောင် ကွန်ဒုံးတို့၊ dental dams တို့က ကူးစက်ရောဂါအကုန်လုံးကို မကာကွယ်နိုင်ပါဘူး။ လိင်အင်္ဂါကြွက်နို့တို့ ရေယုန်တို့က အရေပြားချင်းထိတွေ့ရုံနဲ့ ကူးနိုင်တဲ့အတွက် One night stand နေပြီး တစ်ခုခု လက္ခဏာတွေ ပေါ်လာရင် ဆေးစစ်ကြည့်ပါ။

  • ကိုယ်ဝန်တားပါ။

ကွန်ဒုံးသုံးမယ်ဆိုရင် ကိုယ်ဝန်ပါ တားပြီးသား ဖြစ်သွားပါပြီ။ ဒါပေမယ့် စိတ်ချရစေချင်ရင် အတူနေပြီးတဲ့အခါ အရေးပေါ်တားဆေးကို ထပ်သောက်သင့်ပါတယ်။ ခဏခဏ One night standရင်တော့ အိမ်ထောင်သည်တွေလိုမျိုး သန္ဓေတားဆေးတစ်မျိုးမျိုးကို ပုံမှန်သုံးပေးပါ။

  • အရက်နဲ့ မူးယစ်ဆေးရှောင်ပါ။

One night stand နေတဲ့အခါ အရက်ကို မှောက်နေအောင် သောက်တာ၊ မူးယစ်ဆေးတွေ သုံးတာ ရှောင်ပါ။ အသိစိတ်လွတ်နေတဲ့အခါ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာ၊ ရာဇဝတ်မှုတွေ ကျူးလွန်ခံရတာ ဖြစ်တတ်ပါတယ်။

  • တစ်ယောက်ယောက်ကို ပြောသွားပါ။

အနည်းဆုံးတော့ ယုံကြည်ရတဲ့ သူငယ်ချင်းကို ဒီည ဘယ်မှာအိပ်မှာလောက်တော့ ပြောသွားပါ။ ကိုယ်အန္တရာယ်တစ်ခုခုနဲ့ ကြုံနေတဲ့အခါ လိုက်ရှာဖို့ လွယ်အောင်ပါ။

One night stand နေခြင်းနဲ့ ပတ်သက်လို့

One night standနေတာ မနေတာကို လူမှုရေးအရ တားမြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးအရ စိတ်ချရအောင်၊ မဖြစ်သင့်တာ မဖြစ်ရအောင်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါတယ်။
medical
Htet Htet Zaw Win
Written by
အထွေထွေရောဂါကုဆရာဝန် · HHG
28/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။