backup og meta

ညဘက်ကောင်းကောင်းအိပ်တာကြောင့် ရရှိမယ့် အကျိုးထူးအချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညဘက်ကောင်းကောင်းအိပ်တာကြောင့် ရရှိမယ့် အကျိုးထူးအချို့

    ညဘက်မှာကောင်းမွန်စွာအိပ်စက်မှုက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ အရေးပါတဲ့အရာတစ်ခုပါ။ ကောင်းမွန်စွာ အိပ်စက်အနားယူမှုကို ဘယ်တော့မှ ခပ်ပေါ့ပေါ့လေး မတွေးလိုက်ပါနဲ့။ လူတစ်ယောက်အတွက် ကောင်းမွန်စွာ အိပ်စက်အနားယူမှုက လုပ်သင့်တဲ့အရာတစ်ခုဆိုတာထက် မရှိမဖြစ်အရေးပါတဲ့ အရာတစ်ခုပါ။ ဒါကြောင့် လူတိုင်းအတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေဖို့အတွက် ညဘက်ကောင်းကောင်းအိပ်တာကြောင့် ရရှိမယ့် အကျိုးထူးအချို့ ကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

    ညဘက်ကောင်းကောင်းအိပ်တာကြောင့် ရရှိမယ့် အကျိုးထူးအချို့

    ၁. စိတ်ဖိစီးမှုကို လျော့ကျစေနိုင်တယ်

    ပြည့်ဝတဲ့အိပ်စက်မှုကိုမရရှိဘူးဆိုရင် ခန္ဓာကိုယ်က စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပြီး စိတ်ဖိစီးမှုတွေကို ခံစားရစေပါတယ်။ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုရှိမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို စိတ်ဖိစီးမှုကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ။

    ၂. မှတ်ဉာဏ်ကောင်းစေနိုင်တယ်

    လူတွေဟာ အရမ်းပင်ပန်းလာတဲ့အခါ ကိစ္စတွေကို မှတ်မိနိုင်ဖို့ ခက်ခဲလာတာ သတိထားမိလား။ တစ်နည်းအားဖြင့်ပြောရရင် ဒါက သူ့အနေနဲ့ လုံလောက်တဲ့အိပ်စက်ချိန်မရဘူးဆိုတာကို ဦးနှောက်ကပြောနေတဲ့ အသံတစ်ခုပေါ့။ အိပ်စက်တဲ့အခါ ခန္ဓာကိုယ်က အနားယူနေပြီး ဦးနှောက်က မှတ်သားရမယ့်ကိစ္စတွေကိုမှတ်သားနေပါတယ်။ ဒါကြောင့်ပြည့်ဝစွာ အိပ်စက်အနားယူမှုက ခန္ဓာကိုယ် နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကို နရီစည်းဝါးကိုက်စေပြီး မှတ်မိနိုင်စွမ်းပိုကောင်းလာစေမှာ ပါ။

    ၃. သွေးတိုးကျစေနိုင်တယ်

    သွေးတိုးရောဂါအခံရှိနေရင် ရုတ်တရက်နှလုံးရပ်တာနဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေက သာမန်ထက်ပိုများနေပါတယ်။ ဒါပေမယ့် ဒီပြဿနာတွေကနေ ကင်းဝေးအောင်လုပ်လို့ရတဲ့ ရိုးစင်းလွယ်ကူတဲ့ နည်းလမ်းတစ်ခုရှိနေပါတယ်။ ဒါကတော့ ညတိုင်း ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန်ထားရှိတာပါပဲ။ ပြည့်ဝတဲ့အိပ်စက်မှုက သွေးမတိုးအောင် ကာကွယ်ပေးနိုင်ပါတယ်။

    ၄. ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးတယ်

    အိပ်စက်နေချိန်မှာ ခန္ဓာကိုယ်က ကိုယ်ခံအားကို ကောင်းစေနိုင်တဲ့ ပရိုတင်းမော်လီကျူးတွေကို ထုတ်လုပ်ပါတယ်။ ဒီလိုထုတ်လုပ်ပေးမှုက ကိုယ်ခံအားကောင်းစေပြီး ကူးစက်ရောဂါတွေ ခံစားရမှုကနေ ကင်းဝေးစေမှာပါ။ သူများတုပ်ကွေးတိုင်း လိုက်မတုပ်ကွေးရအောင် ညတိုင်း ပြည့်ပြည့်ဝဝအိပ်ပါ။

    ၅. ကိုယ်အလေးချိန်ထိန်းညှိဖို့ အထောက်အကူပြုတယ်

    ကောင်းမွန်တဲ့ အိပ်စက်မှုက ကိုယ်အလေးချိန်ကျစေဖို့ တိုက်ရိုက်ကြီး အထောက်အပံ့မဖြစ်စေပေမယ့် ကိုယ်တွင်းဟော်မုန်း တွေကို ထိန်းချုပ်ပေးမှုကနေတဆင့် အစားစားချင်စိတ်ကိုဖြစ်စေတဲ့ ဟော်မုန်းတွေနဲ့ ကယ်လိုရီများတဲ့အစားတွေ စားချင်စိတ်နည်းသွားအောင်တော့ လုပ်ပေးနိုင်ပါတယ်။

    ၆. စိတ်ခံစားမှု ကောင်းစေတယ်

    အိပ်ရေးပျက်ရင် စိတ်တိုလွယ်တယ်နော်။ ဒီအခြေအနေက မလိုအပ်ဘဲ ဆက်ဆံရေးပျက်ပြားမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ပေါ့ပါးပျော်ရွှင်ပြီး စိတ်ခံစားမှုကောင်းကောင်းနဲ့ လူတွေကို ဆက်ဆံချင်တယ်ဆိုရင် ညဘက် ကောင်းကောင်းအိပ်ပါ။ အိပ်ရေးဝလေလေ စိတ်ခံစားမှုကောင်းလေလေ၊ အရာရာကိုကောင်းကောင်းဖြေရှင်းနိုင်လေလေပါ။

    ၇. ဆီးချိုဖြစ်နိုင်ခြေ နည်းစေနိုင်တယ်

    သုတေသနပြုချက်တွေအရ အိပ်ရေးပျက်တဲ့သူတွေဟာ သွေးတွင်း ဂလူးကို့စ်ထုတ်လုပ်မှုဖြစ်စဉ် ထိခိုက်ပြီး အမျိုးအစား – ၂ ဆီးချိုရောဂါခံစားရနိုင်ခြေ များတယ်လို့တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်  ဆီးချိုရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေဖို့ ကောင်းမွန်တဲ့ အိပ်စက်မှုရှိပါစေ။

    ၈. နှလုံးကျန်းမာစေနိုင်တယ်

    ပုံမှန်အိပ်စက်ချိန်လုံလောက်စွာထားရှိမှုက စိတ်ဖိစီးမှုကို လျော့ကျစေပြီး နှလုံးသွေးကြောတွေ ရောင်ရမ်းမှုဖြစ်နိုင်ခြေကို နည်းစေနိုင်ပါတယ်။ ဒီလိုလျော့ကျစေမှုက လေဖြတ်နိုင်ခြေကို နည်းစေသလို နှလုံးရောဂါခံစားရနိုင်ခြေကိုလည်း ကျဆင်းစေနိုင်ပါတယ်။

    ၉. ကိုက်ခဲမှုတွေကို သက်သာစေနိုင်စွမ်းရှိတယ်

    အဆစ်လွဲတာလိုမျိုး ထိခိုက်နာကျင်မှုဝေဒနာတစ်ခုခု ခံစားနေရတယ်ဆိုရင်တော့ နာကျင်မှုသက်သာစေဖို့အတွက် များများအိပ်စက်ပေးဖို့ပြောပါရစေ။ လေ့လာမှုတွေအရ အိပ်ရေးပျက်လေလေ နာကျင်မှုဝေဒနာကပိုဆိုးလေလေ လို့သိရပါတယ်။

    ၁၀. စိတ်ကူးဉာဏ်ရင့်သန်စေတယ်

    ညဘက်တိုင်းမှာ ကောင်းကောင်းအိပ်စက်မှုက တစ်နေ့တာမှာ ဖြတ်ထိုးဉာဏ်ကောင်းကောင်း စိတ်ကူးစိတ်သန်းကောင်း ကောင်းနဲ့ အလုပ်တွေလုပ်နိုင်စေမှာပါ။ ပြည့်ဝကောင်းမွန်တဲ့ အိပ်စက်မှုက အလုပ်လုပ်တဲ့အခါ ပိုအာရုံစိုက်နိုင်စေပြီး တစ်နေ့တာလုံးမှာ ခွန်အားပြည့်ပြည့်နဲ့ အကောင်းဆုံးလုပ်နိုင်စေမှာပါ။

    ဒီလောက်အကျိုးထူးတွေမှားနေမှာတော့ လူတိုင်းအတွက် အခကြေးငွေပေးစရာမလိုဘဲရနေတဲ့ အိပ်စက်ချိန်ကို ပြည့်ပြည့်ဝဝ အိပ်မလား၊ မအိပ်ဘူးလားဆိုတာ ကိုယ်တိုင် ဆုံးဖြတ်လိုက်ပါနော်။ ကျွန်မတို့ကတော့ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန် ထားရှိဖို့ အကြံပြုပါရစေ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 07/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement