backup og meta

လိင်ဆက်ဆံရမှာကို တွေးပြီး အကြောက်လွန်တာမျိုး ဖြစ်ဖူးလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 13/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံရမှာကို တွေးပြီး အကြောက်လွန်တာမျိုး ဖြစ်ဖူးလား

    လိင်ဆက်ဆံရမှာကို တွေးပြီး အကြောက်လွန်တာမျိုး ဖြစ်ဖူးလား …… ထိုးသွင်းဆက်ဆံမှု ပြုရာမှာ၊ ချစ်တင်းနှောရမှာကို တွေးမိတိုင်း အကြောက်အလန့် လွန်တဲ့ စိတ်ဝေဒနာကို Genophobia လို့ ခေါ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင်တော့ လိင်ဆက်ဆံဖို့ကို အရမ်းကြောက်တဲ့ သူတွေပေါ့။ မိန်းကလေးတွေမှာ ပိုအဖြစ်များပြီး အကြောင်းအမျိုးမျိုးကြောင့် လိင်ဆက်ဆံဖို့ကို တွေးမိတိုင်း အကြောက်လွန်ပြီး ခါးခါးသီးသီး ငြင်းပယ်တတ်ကြပါတယ်။

    လိင်ဆက်ဆံရမှာကို တွေးပြီး အကြောက်လွန်တာမျိုး ဖြစ်ဖူးလား

    လိင်ဆက်ဆံရမှာကို တွေးပြီး အကြောက်လွန်တာမျိုး Genophobia လို လိင်မှုကိစ္စကို ကြောက်တဲ့သူတွေမှာ တခြား လိင်ပိုင်းဆိုင်ရာ စိတ်ဝေဒနာတွေ ဖြစ်တဲ့

    • ကိုယ်လုံးတီးနေရမှာ၊ အဝတ်မဲ့နေတဲ့သူတွေကို ကြည့်ရမှာ ကြောက်လန့်ခြင်း (Gymnophobia)
    • ဆန့်ကျင်ဘက်လိင်ကို ကြောက်လန့်ခြင်း (Heterophobia)
    • ထိုးသွင်းဆက်ဆံခံရမှာကို ကြောက်လန့်ခြင်း (Coitophobia)
    • သူများအသားကို ထိရမှာ၊ ကိုယ့်အသားကို လာထိမှာ မနှစ်မြို့ခြင်း (Haphephobia)
    • လိင်မှတစ်ဆင့် ကူးစက်ရောဂါ၊ ဗိုင်းရပ်စ်ပိုးတွေ ကိုယ်ထဲဝင်လာမှာ ကြောက်လန့်ခြင်း (Nosophobia)
    • ကိုယ်ဝန်ရသွားမှာ၊ ကလေးမွေးရမှာကို ကြောက်ရွံ့ခြင်း (Tocophobia) အစရှိတဲ့ ဖိုးဘီးယားစိတ်ရောဂါတွေပါ ဝင်လာတတ်ပါတယ်။

    ဒီဝေဒနာရှင်တွေမှာ တခြားသူတွေနဲ့ အနေချင်းနီးရမှာကို သိပ်ကြောက်တတ်ကြပြီး တစ်ယောက်တည်းနေတတ်ကြတာ များပါတယ်။

    ဘယ်လိုအမူအကျင့်တွေ တွေ့ရတတ်လဲ။

    ဖိုးဘီးယားရှိတဲ့သူတိုင်းမှာ အရာဝတ္ထု သို့မဟုတ် ဖြစ်စဉ်တစ်ခုအပေါ် အစွဲပြုပြီး မနှစ်သက်ခြင်း၊ ကြောက်လန့်ခြင်း၊ ရွံရှာခြင်းဖြစ်တတ်သလို ဒီအခြေအနေပေါ်မှာ စိတ်စွဲပြီး စိုးရိမ်ပူပန်သောကတွေ ဖြစ်ရင်း ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာပါ ထိခိုက်လာနိုင်ပါတယ်။ အထူးသဖြင့် Genophobia ရှိတဲ့ ဝေဒနာရှင်တွေမှာဆိုရင် လိင်ဆက်ဆံရမယ်ဆိုပြီး တွေးမိတိုင်း၊ အမှန်တကယ်လိင်ဆက်ဆံရတော့မယ့် အချိန်ကို ရောက်လာတဲ့အခါ တော်တော်လေးကို စိတ်တုန်လှုပ်ခြောက်ခြားပြီး အသိစိတ်တွေပါ လွတ်တဲ့အထိ အခြေအနေဆိုးနိုင်ပါတယ်။

    ဒီစိတ်ဝေဒနာဖြစ်ဖို့ ဘယ်လိုအရာတွေက တွန်းအားပေးနေလဲ။

    ဖိုးဘီးယားရောဂါအများစုကို ဖြစ်စေတဲ့ အကြောင်းရင်းအစစ်အမှန်တွေကို ယနေ့အချိန်ထိ ပညာရှင်တွေ တိတိကျကျ ရှာဖွေလို့မရသေးပါဘူး။ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်မှာ ဖြစ်ခဲ့သမျှ ကိစ္စတွေ၊ ဝေဒနာရှင်ရဲ့ စိတ်အခြေအနေတွေ၊ မိသားစုရေးရာ ပြဿနာ၊ တခြားသော ရောဂါအခြေအနေတွေကြောင့် စိတ်ဒဏ်ရာ၊ ကြောက်စိတ်ဖြစ်ရင်းကနေ တဖြည်းဖြည်းနဲ့ ဆိုးရွားလာပြီး ဖိုးဘီးယားစိတ်ဝေဒနာလို့ သတ်မှတ်ရလောက်တဲ့အထိ ဆိုးရွားလာတာဖြစ်ပါတယ်။

    လိင်မှုကိစ္စ ဖြစ်ရမှာကို ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်တွေ ဖြစ်စေနိုင်လောက်တဲ့ ရောဂါတွေထဲမှာ

    ၁။ မအင်္ဂါ ကြွက်သားကျုံ့ညှစ်ခြင်း (Vaginismus)

    ထိုးသွင်းဆက်ဆံမှု ပြုတဲ့အခါ မိန်းမကိုယ်တွင်း ကြွက်သားက အတင်းကျုံ့ညှစ်ခြင်းကြောင့် အလွန်အမင်းနာကျင်မှုတွေ ဖြစ်စေသလို ထိုးသွင်းဆက်ဆံဖို့ ခက်တာပါဖြစ်နိုင်ပါတယ်။ မိန်းကလေး Tampon သုံးတဲ့အခါမှာလည်း အနှောင့်အယှက်ပေးနေတဲ့ ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာကြောင့် နောက်ဆက်တွဲနာကျင်မှုဝေဒနာကို ကြောက်လန့်လွန်းတဲ့အခါမှာ ဖြစ်လာပါတယ်။

    ၂။ ပန်းသေပန်းညှိုး (Erectile Dysfunction)

    အမျိုးသားတွေမှာ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အသက်အရွယ်ကြောင့်၊ ကျန်းမာရေးပြဿနာနဲ့ စိတ်ဖိစီးမှုတွေဟာ လိင်မှုကိစ္စမှာ သွားပြီးသက်ရောက်တဲ့အခါ လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ၊ ခဏလေးပဲ ထောင်ပြီး ပျော့ကျသွားတာ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ခံစားခဲ့ရတဲ့ ရှက်ရွံ့စိတ်တွေ၊ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ စိတ်ပျက်မှုတွေဟာလည်း လိင်ဆက်ဆံရမှာကို ရှောင်ဖယ်ရလောက်တဲ့အထိ ဖြစ်လာစေနိုင်ပါတယ်။

    ၃။ အကြမ်းဖက်ခံရခြင်း

    ကလေးဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံခဲ့ရတာကြောင့် စိတ်ဒဏ်ရာအဖြစ်နဲ့ ကျန်ခဲ့ပြီး ကြီးလာတဲ့အခါမှာ လိင်ဆက်ဆံဖို့အတွက် ကြောက်လန့်တဲ့ စိတ်၊ မနှစ်မြို့တဲ့ စိတ်တွေ ဖြစ်လာနိုင်ပါတယ်။

    ၄။ လိင်စွမ်းဆောင်မှုအပေါ် အားမလိုအားမရဖြစ်ခြင်း

    အမျိုးသားတွေရော၊ အမျိုးသမီးမှာပါ ဖြစ်တတ်ပါတယ်။ ချစ်တင်းနှောတဲ့အခါ ကိုယ့်ဆက်ဆံဖော် စိတ်တိုင်းကျပါ့မလား၊ အပြည့်အဝ စွမ်းဆောင်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်တွေ ဝင်လာတတ်ပါတယ်။ ဒီစိုးရိမ်စိတ်ဟာ ကိုယ့်ရဲ့ အသိစိတ်ထဲ အချိန်ပြည့်လွှမ်းမိုးနေတဲ့အခါ နောက်တစ်ကြိမ် ထပ်ပြီး ဆက်ဆံမှုပြုရဖို့ တဖြည်းဖြည်း ဝန်လေးလာနိုင်ပါတယ်။

    ၅။ ကိုယ်ခန္ဓာအချိုးအစားနဲ့ ပတ်သက်ပြီး ရှက်ရွံ့ခြင်း (Dysmorphia)

    ကိုယ့်ရဲ့ ကိုယ်ခန္ဓာအပေါ် အပြစ်မြင်လွန်းတဲ့အခါ၊ စိတ်တိုင်းမကျတဲ့အခါ တခြားသူကရော ကိုယ့်ကိုတွေ့ရင် ဘယ်လိုမြင်မလဲ၊ အထင်သေးသွားမလား၊ ရွံရှာတဲ့ မျက်လုံးတွေနဲ့ ကြည့်မလားဆိုပြီး စိတ်ထဲမှာ အမြဲသောကရောက်နေတတ်ပါတယ်။ ဒီပြဿနာရှိတဲ့သူတွေမှာ လိင်ပိုင်းဆိုင်ရာမှာသာမက နေ့စဉ်ဘဝမှာပါ ကိုယ့်ကိုယ်ကိုယ် မလုံမလဲဖြစ်တာ၊ မကောင်းမြင်တာတွေ အမြဲဖြစ်နေနိုင်ပါတယ်။

    ၆။ အလိုမတူဘဲ အဓမ္မပြုကျင့်ခံရခြင်း

    အဓမ္မပြုကျင့်ခံရပြီး နောက်ဆက်တွဲ စိတ်ဒဏ်ရာတွေထဲမှာ လိင်ဆက်ဆံခြင်းအပေါ် အလွန်အမင်းကြောက်ရွံ့တဲ့ စိတ်တွေလည်း ကျန်ရစ်ခဲ့ပါတယ်။ ကိုယ်ချစ်ရတဲ့သူနဲ့ လိင်ဆက်ဆံမှု ပြုတော့မယ့်အချိန်မှာတောင် အမှုအခင်း ဖြစ်ခဲ့တဲ့ အချိန်ကာလကို ပြန်သတိရမိပြီး ကြောက်လန့်စိတ်တွေ ဝင်လာတတ်ပါတယ်။

    ဒီပြဿနာကို ဘယ်လိုကုသမလဲ။

    ဖိုးဘီးယားရောဂါရှိတယ်ဆိုတာ သေချာနေတယ်၊ ဒါမှမဟုတ် သံသယရှိနေပြီဆိုရင်တော့ စိတ်ရောဂါ ကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်တာ အကောင်းဆုံးပါပဲ။ ကိုယ့်မှာ တခြားပြဿနာ၊ ရောဂါတွေ ရှိလားဆိုတာ အရင်ဆုံးစစ်ဆေးကြည့်ပြီးမှ အသင့်တော်ဆုံးဖြစ်မယ့် ကုထုံးနဲ့ ကုသမှုခံယူဖို့ အကြံပေးပါလိမ့်မယ်။ လုံးဝအကင်းအရှင်းပျောက်ကင်းဖို့အတွက် စိတ်ရှည်၊ အချိန်ပေးဖို့ လိုအပ်သလို ကိုယ့်စိတ်ကိုလည်း ကြံ့ခိုင်အောင် ထားတတ်ဖို့ လိုပါတယ်။ အနာဂတ် အိမ်ထောင်ရေးမှာ အရှုပ်အရှင်းကင်းဖို့ စောစောစီးစီး ကုသမှုခံယူနိုင်ရင် ပိုကောင်းပါတယ်။ အမြစ်ပြတ်ကုသပျောက်ကင်းနိုင်တဲ့ စိတ်ဝေဒနာဖြစ်တဲ့အတွက် သိပ်ပြီးတော့ စိုးရိမ်ဖို့ မလိုပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 13/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement