backup og meta

ကိုယ်ဝန်ဆောင်ကာလ အော့အန်ခြင်းကို သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ကာလ အော့အန်ခြင်းကို သက်သာစေဖို့

    ကိုယ်ဝန်ဆောင်ဖူးတဲ့သူတိုင်း သိကြမှာပါ။ ကိုယ်ဝန်စရှိပြီဆိုတာနဲ့ မူးဝေပျို့အန်ချင်နေပြီး ဘာမှကို စားချင်သောက်ချင်စိတ်မရှိတာကိုလေ။ ကိုယ်ဝန်ရှိခြင်းရဲ့ အမှတ်အသားတစ်ခုလို့ ဆိုရလောက်အောင် ကိုယ်ဝန်အစောပိုင်း ပထမ ၃ လမှာ မူးဝေပျို့အန်ခြင်းကို ကိုယ်ဝန်ဆောင် ၈၀ ရာခိုင်နှုန်းလောက် ခံစားကြရပါတယ်။ ဒါကို Morning sickness လို့လည်း ခေါ်ကြပါတယ်။ ဒီလိုအဖြစ်များတဲ့ ကိုယ်ဝန်ဆောင်ကာလ အော့အန်ခြင်းကို သက်သာစေဖို့ ဘာတွေလုပ်လို့ရလဲဆိုတာကို ပြောပြပေးပါမယ်။

    ကိုယ်ဝန်ဆောင်ကာလ အော့အန်ခြင်း Morning sickness ဘာကြောင့်ဖြစ်ရတာလဲ။

    ရုပ်ပိုင်းဆိုင်ရာနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတို့ကြောင့် ကိုယ်ဝန်ဆောင်ချိန် မူးဝေအော့အန်ခြင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။ ပြောင်းလဲလာတဲ့ ဖြစ်စဉ်တွေကတော့

    • Oestrogen ခေါ် မဟော်မုန်း များလာတာ
    • သွေးပေါင်ချိန်တွေ ကျလာတာ
    • ကာဗိုဟိုက်ဒရိုက် အသုံးပြုမှုပြောင်းလဲလာတာနဲ့
    • ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ များလာတာတွေပဲ ဖြစ်ပါတယ်။

    ဒါတွေကြောင့် မူးဝေအော့အန်ခြင်း ဖြစ်ရတယ်လို့လည်း ဆိုပေမယ့် အကြောင်းအရင်း အတိအကျကို ခုထိသေချာမသိကြသေးကြပါဘူး။

    ဘယ်သူတွေမှာ ကိုယ်ဝန်ဆောင်ကာလ အော့အန်ခြင်း ပိုဖြစ်နိုင်သလဲ။

    ကိုယ်ဝန်ဆောင်တွေရဲ့ ၈၀%လောက်က ဒီပြဿနာတွေကို ခံစားရလေ့ရှိပါတယ်။ ဖြစ်နိုင်ခြေများတဲ့ သူတွေကတော့

    • အရင် ကိုယ်ဝန် တွေတုန်းကလည်း ပျို့အန်မူးဝေတာတွေ ရှိခဲ့မယ်
    • မျိုးရိုးထဲမှာလည်း ကိုယ်ဝန်ဆောင်ချိန် မူးဝေအော့အန်တတ်တဲ့သူတွေရှိတယ်
    • ကားမူးတတ်တဲ့ အကျင့်လည်း ရှိမယ်
    • မ ဟော်မုန်း (oestrogen) ပါတဲ့ သန္ဓေတားဆေးကို သုံးဖူးထားမယ်
    • ကိုယ်အလေးချိန်ကလည်း BMI ၃၀ နဲ့အထက်ဖြစ်တဲ့ အဝလွန်နေတဲ့သူဖြစ်နေမယ်
    • စိတ်ဖိစီးမှု များနေတဲ့သူ ဖြစ်နေမယ်
    • ၂ မြွာပူး၊ ၃ မြွာပူး ကိုယ်ဝန်ဆောင်နဲ့
    • သားဦးကိုယ်ဝန်ဆောင်မိခင်တွေက morning sicknessကို အခြားကိုယ်ဝန်ဆောင်တွေထပ် ပိုပြီး ခံစားရလေ့ရှိနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ကာလ အော့အန်ခြင်းကို သက်သာစေဖို့

    ကိုယ်ဝန်ဆောင်ကာလမှာ ပျို့အန်တာက တော်တော်လေးခံရခက်ပါတယ်နော်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အခုပြောပြမယ့်နည်းလမ်းလေးတွေက အသုံးဝင်မှာပါ။

    • နည်းနည်းစီနဲ့ အကြိမ်ရေများများစားပေးပါ။

    အစာအိမ်ထဲမှာ ဘာမှမရှိတာက ကိုယ်ဝန်ဆောင်ပျို့အန်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် စားချင်စိတ်မရှိဘူးဆိုရင်တောင်မှ နည်းနည်းချင်းစီ အကြိမ်ရေများများလေး စားပေးပါ။ ဒါမှသွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာရောက်မှာဖြစ်သလို အော့အန်တာကိုလည်း သက်သာစေနိုင်မှာပါ။

    • အစားအသောက် ဂရုစိုက်ပါ။
    တချို့ကိုယ်ဝန်ဆောင်တွေမှာ ပရိုတင်းကြွယ်ဝတဲ့ အစေ့အဆန်တွေကို စားပေးတာက ပျို့အန်တာကို သက်သာစေတာကို တွေ့ရပါတယ်။ ပရိုတင်းတွေက အဆာခံပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တာကြောင့် အစားအသောက်ပျက်နေတဲ့ မိခင်တွေအတွက်လည်း သင့်တော်ပါတယ်။ ကြားအချိန်မှာ ပိုတက်စီယမ်ကြွယ်ဝတဲ့ အသီးလေးတွေ၊ ချဉ်တဲ့ အသီးလေးတွေ စားပေးပါ။
    အဆီအစိမ့်နဲ့ အစပ်တွေ ရှောင်ပါ။ အစားအစာတွေကို အအေးခံပြီးမှ စားပါ။ အေးတဲ့အခါ အနံ့သိပ်မရတဲ့အတွက် ပျို့ချင်စိတ်ကို သက်သာစေပါတယ်။
    ရိုးရိုးရေ၊ သစ်သီးဖျော်ရည်အပြင် ရေအေးအေးလေးထဲကို သစ်သီးစိတ်လေးတွေ၊ သံပုရာသီးစိတ်တွေ၊ ပူဒီနံတွေ ထည့်ပြီးလည်း သောက်နိုင်ပါတယ်။ အအီပြေပြီး ပျို့အန်ချင်စိတ်ကို သက်သာစေပါတယ်။
  • ပြည့်ပြည့်ဝဝ အနားယူပါ
  • စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုဒဏ်တွေက ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ရောကိုယ်ပါ သက်သောင့်သက်သာဖြစ်အောင် အနားယူပါ။
    • လှုပ်လှုပ်ရှားရှားနေပါ။

    ဘာမှမလုပ်ဘဲနေတဲ့အခါ ပျို့ချင်စိတ်ကိုပဲ အာရုံစိုက်နေမိနေမှာပါ။ ဒီတော့ အပြင်လေးထွက်၊ လမ်းလေးဘာလေးလျှောက်ပါ။ လေကောင်းလေသန့်ရှူပါ။ အာရုံပြောင်းတဲ့အနေနဲ့ စာဖတ်တာ၊ တစ်ခုခုကို အာရုံစိုက်ရတဲ့ အလုပ်တွေ လုပ်ကြည့်ပါ။

    • အနံ့ပြင်းတာတွေကို ရှောင်ပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်ထက် အနံ့ခံအာရုံက ပိုကောင်းနေတတ်ပါတယ်။ ဒါကြောင့် အနံ့စူးစူးတွေ၊ ရေမွှေးနံ့၊ အမွှေးတိုင်နံ့၊ ဟင်းနံ့တွေ ရတာနဲ့ ပျို့လာပါလိမ့်မယ်။ သံပုရာသီးရှူတာ၊ နှစ်သက်တဲ့ ပန်းအနံ့လေးတွေ ရှူပေးနိုင်ပါတယ်။

    အထူးသဖြင့် ဗီတာမင် B6ပါတဲ့ အားဆေးတွေက ပျို့အန်တာကို သက်သာစေပါတယ်။ သံဓာတ်အားဆေးတွေက တချို့ကိုယ်ဝန်ဆောင်တွေမှာ ပျို့အန်တာကိုဖြစ်စေလို့ သောက်နေတဲ့ထဲမှာပါတယ်ဆိုရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ကြည့်ပါ။

    • ရင်ပူပြဿနာရှိရင် ကုသပါ။

    တစ်ခါတလေမှာ ပျို့အန်တာက ဟော်မုန်းအပြောင်းအလဲကြောင့် စားချဉ့်ရည်ဆန်တက်ပြီး ရင်ပူတာကြောင့်ပါ။ ဒါကြောင့်လို့ ယူဆရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အက်စစ်ပြယ်ဆေးတွေ သောက်ပါ။ ပွပွချောင်ချောင် အဝတ်အစားတွေ ဝတ်ဆင်ပါ။

    အကြံပြုချက်

    ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ပျို့အန်ခြင်း Morning sicknessက ကိုယ်ဝန် ၉ပတ်မတိုင်ခင်မှာစဖြစ်တတ်ပြီး ကိုယ်ဝန်ဒုတိယ၃လပတ်လောက်ဆို သက်သာသွားတတ်ပါတယ်။ ဒီအတောအတွင်းမှာ ခုပြောတဲ့နည်းလမ်းတွေနဲ့ သက်သာအောင် နေကြည့်ပါ။ အဆက်မပြတ် ပျို့အန်နေတယ်၊ အစားလည်း မဝင်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement