backup og meta

ဝါနေတဲ့ သွားတွေကြောင့် စိတ်ညစ်နေပါသလား ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝါနေတဲ့ သွားတွေကြောင့် စိတ်ညစ်နေပါသလား ။

    ဝါနေတဲ့သွားတွေကြောင့် လူအများကြားထဲမှာ ပြုံးရယ်ပြဖို့ ယုံကြည်မှု မရှိတာမျိုး ဖြစ်ဖူးပါသလား။ သွားဝါတယ်ဆိုတာ နာကျင်မှု ဝေဒနာမျိုးပေးတာတော့ မဟုတ်ပေမယ့် သင့်ရဲ့ အလှတရားကို ပျက်စီးစေနိုင်တဲ့ အရာလို့တော့ ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ ခံတွင်းသန့်ရှင်းရေးကိုလည်း ဂရုစိုက်နေပါရက်နဲ့ ဒီလို ဝါနေတဲ့ သွားတွေကို ဘယ်လိုပြုပြင်လို့ရမလဲ။ ပိုက်ဆံလည်း မကုန်ချင်ဘူး အသားနာလည်း မခံချင်ဘူး အချိန်ကုန်လည်း မခံနိုင်ဘူးဆိုရင်တော့ ခုပြောပြမယ့် သဘာဝ နည်းတွေနဲ့ ဝါနေတဲ့ သွားတွေကို ပြန်ပြီး ဖြူဖွေးအောင် လုပ်လို့ရပါတယ်။ စိတ်ဝင်စားကြလား။ ။

    ၁ ။ သွားကို ပုံမှန်တိုက်ပါ ။ ။

    သွားကို နေ့စဉ်တိုက်တာဟာ သင့်သွားပေါ်မှာ ကပ်နေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးနိုင်တဲ့ တစ်ခုတည်းသော နည်းပါ။ သွားတိုက်တယ်ဆိုတဲ့နေရာမှာလည်း မှန်ကန်တဲ့ နည်းနဲ့ တိုက်ပေးဖို့တော့ လိုပါတယ်။ တစ်နေ့နှစ်ကြိမ်လောက်သွားတိုက်ပြီး တစ်ခါတိုက်ရင် ၂ မိနစ်ကျော်လောက်ကြာပါစေ။ သွားပွတ်တံကို အပေါ် အောက် သေချာ ဆွဲတိုက်ပြီး အတွင်း၊ အပြင် ချောင်တွေပါမကျန် အကုန် နှံစပ်အောင် တိုက်ပေးပါ။

    ၂ ။ မုန့်ဖုတ်ဆိုဒါ နဲ့ hydrogen peroxide ။

    ဒီ အတွဲအစပ်လေးဟာ သင့်သွားပေါ်က စွန်းထင်းနေတဲ့ အရောင်တွေကို ပြောင်လက်သွားစေမယ့်ဆိုတာ လုံးဝကို သေချာပါတယ်။ မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ hydrogen peroxide စားပွဲတင်ဇွန်း ၂ ဇွန်းကို အနှစ်ပျစ်ပျစ်ရတဲ့အထိ မွှေပြီး သွားတိုက်တဲ့အခါ အဲ့ဒိ အနှစ်ကို အသုံးပြုပါ။ သွားတိုက်ပြီးရင်တော့ ရေနဲ့ သေချာပြန်ပြီး ပလုတ်ကျင်းစေချင်ပါတယ်။ နောက် တစ်ခု သတိထားရမှာက မုန့်ဖုတ်ဆိုဒါ နဲ့ hydrogen peroxide အတွဲအစပ်လေးက သွားရဲ့ ကြွေလွှာတွေကို ထိခိုက်စေတတ်တာကြောင့် တစ်ပတ် တစ်ခါလောက်သာ သုံးပေးဖို့ ဖြစ်ပါတယ်။

    ၃ ။ အုန်းဆီ။ ။

    အဖက်ဖက်က အသုံးဝင်လှတဲ့ အုန်းဆီဟာ သ့င်သွားမှာစွန်းထင်းနေတဲ့ အရောင်တွေအပြင် ဘက်တီးရီးယားတွေကိုပါ သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းလောက်ကို ပါးစပ်ထဲ ငုံထားပြီး ထွေးမထုတ်ဘဲ မိနစ်၂၀ ခန့် ပလုတ်ကျင်းပေးပြီးမှ ထွေးထုတ်လိုက်ပါ။ ပြီးရင်တော့ သွားကို ပုံမှန်အတိုင်း သွားတိုက်ဆေးနဲ့ ပြန်တိုက်ပေးပါ။ အုန်းဆီက သွားကို တိုက်ရိုက်ကြီး ဖြုစေတာတော့ မဟုတ်ပေမယ့် သွားပေါ်မှာကပ်နေတဲ့ အစွန်းတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတာကြောင့် သင့်သွားကို သွယ်ဝိုက်တဲ့နည်းနဲ့ ဖြူဖွေးစေမှာပါ။

    ၄ ။ ပန်းသီးရှာလကာရည် ။ ။

    ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း၂ ဇွန်းလောက်ကို ရေ ၆ အောင်စနဲ့ ရောစပ်ပြီး စက္ကန့် ၃၀ လောက် ပလုတ်ကျင်းပေးပါ။ ပြီးရင် ရေနဲ့ သေချာပြန် ပလုတ်ကျင်းပြီး ပုံမှန်အတိုင်း သွားပြန်တိုက်ပေးပါ။ အစွန်းအထင်းတွေကို အရောင်ချွတ်နိုင်စွမ်းရှိတဲ့ ပန်းသီး ရှာလကာရည်ကြောင့် သင့်သွားတွေဖြူဖွေးလာမှာ အသေအချာပါ။ တစ်ခုရှိတာက သွားရဲ့ ကြွေလွှာတွေ ပျက်စီးစေတတ်တာကြောင့် ပန်းသီးရှာလကာရည်ကို တစ်ပါတ်တစ်ခါလောက်ပဲ သုံးပေးသင့်ပါတယ်။

    ၅ ။ အသီးတွေကလည်း သင့်သွားကို ဖြူဖွေးစေပါတယ်။ ။

    နာနတ်သီးမှာ ပါဝင်တဲ့ Bromelain အင်ဇိုင်းနဲ့ သင်္ဘောသီးမှာ ပါဝင်တဲ့ Papain အင်ဇိုင်းတို့ဟာ သွားများကို ဖြူဖွေးစေနိုင်တဲ့ အစွမ်းတွေရှိကြောင်း ၂၀၁၂ ခုနှစ်ကလေ့လာချက်အရ တွေ့ရှိခဲ့ကြပါတယ်။ နာနတ်သီးမှာပါဝင်တဲ့ Bromelain အင်ဇိုင်းဟာ သွားအပေါ်ယံက အစွန်းများကို ဖျက်ပေးနိုင်တဲ့အပြင် သွားချိုးတက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သင်္ဘောသီး အမှည့်တွေထက် အစိမ်းတွေမှာပိုပါတဲ့ papain အင်ဇိုင်းကလည်း သွားအစွန်းတွေကို ချွတ်ပေးနိုင်တဲ့ အစွမ်းရှိတာကြောင့် နာနတ်သီးနဲ့ သင်္ဘောသီးကြိုက်တဲ့သူတွေအတွက် သတင်းကောင်းနော်။ ။

    ၆ ။ သွားကို အရောင်စွန်းစေတဲ့ အစားအသောက်တွေကို ရှောင်ပါ။

    ကော်ဖီတို့၊ ဝိုင်တို့ ဆေးလိပ်တို့ဆိုတာ သင့်သွားကို ဝါစေတဲ့ ထိပ်ဆုံးက အစားအစာတွေ ဖြစ်ပါတယ်။ အရောင်တင်မှုန့်တွေထည့်ပြီးချက်ထားတဲ့ ဟင်းတွေကြောင့်လည်း သင့်သွားတွေ အရောင်စွန်းတတ်ပါသေးတယ်။ ဒါကြောင့် သွားကို စွန်းထင်းစေနိုင်တဲ့ အရောင်ဆိုးထားတဲ့ အ စားအသောက်တွေကို နေ့စဉ် မစားမိဖို့တော့ လိုပါတယ်။

    ၇ ။ အစားစားပြီးတိုင်း ပလုတ်ကျင်းပါ။

    ကိုယ့်စားလိုက်တဲ့ အစားစားတွေထဲမှာ သွားကို စွန်းထင်းစေနိုင်တဲ့ အရောင်တွေ ပါနေတတ်တာကြောင့် အစားစားပြီးတိုင်း ပလုတ်ကျင်းပေးသင့်ပါတယ်။ ဒီလို ပလုတ်ကျင်းပေးလိုက်တာကြောင့် သွားထဲမှာ ကျန်နေနိုင်တဲ့ စားကြွင်းစားကျန်တွေ အကုန်ထွက်သွားနိုင်မယ့်အပြင် သွားပေါ်မှာ ကပ်နေနိုင်တဲ့ အစွန်းအထင်းတွေလည်း ရေနဲ့အတူပါသွားမှာဖြစ်ပါတယ်။ ဒီလိုနဲ့ သွားတွေ မဝါနိုင်တော့ဘူးပေါ့။

    ကဲ အခုပြောပြတဲ့နည်းတွေကတော့ ပိုက်ဆံလည်း အပိုမကုန်ဘဲ အိမ်မှာတင် လုပ်လို့ရတဲ့ ဖြူဖွေးတဲ့ သွားတွေကို ပိုင်ဆိုင်နိုင်မယ့် နည်းတွေဖြစ်ပါတယ်။ ဝါနေတဲ့သွားတွေကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှု မရှိဖြစ်နေရင် ခုပြောထားတဲ့ နည်းတွေကို စမ်းကြည့်သင့်တယ်နော်။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement