လူတိုင်းက ဘဝရှင်သန်ရပ်တည်နိုင်ရေးအတွက်အလုပ်ကိုယ်စီလုပ်ကိုင်ကြရပါတယ်။ ပညာတတ်တဲ့သူက ဉာဏ်အားကိုသုံးပြီးလုပ်ရတာ သက်သာတယ်၊ ပညာသင်ယူခွင့်မရခဲ့သူတွေက ကျရာနေရာမှာ ကိုယ်တတ်နိုင်တဲ့ ခွန်အားနဲ့ ကာယအားကို သုံးပြီးလုပ်ရတာက ပိုပင်ပန်းတယ်ဆိုတာတော့ပြောနေစရာမလိုအောင်မြင်သာမှာပါ။ ဒါပေမယ့် ဘယ်အလုပ်မျိုးကိုပဲလုပ်လုပ် စိတ်ညစ်စရာ စိတ်ဖိစီးစရာကတော့ ရှိစမြဲပါ။ ဒီလိုစိတ်ညစ်တဲ့အခါ ငါတစ်ယောက်တည်းများဖြစ်နေတာလားလို့မတွေးပါနဲ့။ ဒါကအလုပ်ခွင်ဝင်နေသူတိုင်းတွေ့ကြုံရနိုင်တဲ့ပြဿနာတစ်ခုပါ။ အလုပ်ခွင်က အမြဲပျော်ရွှင်နေဖို့ မလွယ်ပါဘူး။
ဒီတော့ အလုပ်ခွင်မှာ ဖိအားနည်းပြီးပေါ့ပါးလွတ်လပ်စွာနဲ့ ဖန်တီးနိုင်စွမ်းကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် စိတ်ညစ်စရာတွေကိုသေချာကိုင်တွယ်ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုတော့သိထားဖို့လိုမှာပေါ့နော်။ အလုပ်ခွင်ဖိအားတွေကနေ့စဉ်ဘဝကို အများကြီးထိခိုက်စေနိုင်ပါတယ်။ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ် ထိခိုက်စေတဲ့အပြင်နောက်ထပ် ထိခိုက်စေနိုင်တာတစ်ခုက လူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေးပါ။ ဒီတော့ကောင်းကျိုးမဖြစ်တဲ့ စိတ်ညစ်စရာတွေကိုဖြေရှင်းကြရအောင်နော်။
ဒီအချက်တွေကြောင့် အလုပ်ခွင်မှာ စိတ်ညစ်စရာတွေဖြစ်နိုင်ပါတယ်
- လစာနည်းတာ
- အလုပ်တာဝန်တွေများလွန်းတာ
- တိုးတက်နိုင်မယ့် အခွင့်အလမ်းနည်းပါးတာ
- အလုပ်ကနေ အတွေ့အကြုံအသစ်တွေမရနိုင်တာ
- လုပ်ပိုင်ခွင့်တွေ ထိန်းချုပ်ခံထားရတာ
- လုပ်ငန်းခွင်ပတ်ဝန်းကျင်က မျှတမှုမရှိတာ
- အလုပ်ခွင်ထဲမှာ အချင်းချင်းရိုင်းပင်းကူညီမှုမရှိတာ
- ဝါဿနာမပါတာကို လုပ်နေရတာ
အလုပ်ခွင်ဖိအားတွေကိုသေချာမထိန်းချုပ်နိုင်တဲ့အခါ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်
အလုပ်ခွင်ဖိအားက လူတိုင်းကြုံရနိုင်တယ်ဆိုပေမယ့် အလုပ်ခွင်မှာဖြစ်တဲ့ ဖိအားတွေနဲ့ စိတ်ညစ်စရာတွေက အရမ်းကြီးမားလာတဲ့အခါနေ့စဉ်ဘဝမှာထိခိုက်မှုတွေများလာနိုင်ပါတယ်။ ဒီစိတ်ညစ်စရာတွေကတော်တော်နဲ့ပျောက်မသွားတော့လည်းခက်သားနော်။ ဒါပေမယ့် တတ်နိုင်သမျှမေ့ထားလိုက်ဖို့ပြောပါရစေ။ ဒီစိတ်ဖိစီးမှုကြီးကို အချိန်တိုင်းယူသယ်သွားရင်းက မိသားစုဘဝမှာထိခိုက်လာနိုင်ပါတယ်။
အလုပ်ခွင်ဖိအားတွေကြောင့်ဖြစ်လာနိုင်တဲ့ရေတိုပြဿနာအချို့
အလုပ်ခွင်မှာဖိအားများတာကြောင့် လတ်တလောမှာ ကြုံတွေ့လာရနိုင်တဲ့ပြဿနာတွေက
- ခေါင်းကိုက်တာ၊
- ဗိုက်အောင့်တာ၊
- အိပ်ရေးပျက်တာ၊
- စိတ်တိုတာ၊
- အာရုံစိုက်ဖို့ခက်ခဲတာတွေဖြစ်လာနိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုကို တာရှည်ခံစားရမယ်ဆိုရင်တော့ဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာတွေကတော်တော်လေးကြီးမားပါတယ်။ ကြီးမားတဲ့ပေးဆပ်မှုတွေဖြစ်မလာခင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အလုပ်ခွင်ဖိအားတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ အသုံးဝင်နိုင်မယ့်နည်းလမ်းတွေကိုဖော်ပြေပေးပါရစေနော်။
အလုပ်ခွင်ဖိအားကြောင့်ဖြစ်လာနိုင်တဲ့ရေရှည်ပြဿနာအချို့
စိတ်ဖိစီးမှုကို တာရှည်ခံစားရတဲ့အခါ ခန္ဓါကိုယ်မှာ ထိခိုက်နိုင်တာတွေအများကြီးပါ။
- စိတ်ဖိစီးမယ်
- စိတ်ဓါတ်ကျမယ်
- အိပ်မပျော်တဲ့ဝေဒနာဖြစ်မယ်
- သွေးတိုးမယ်
- ကိုယ်ခံအားနည်းလာမယ်
- အဝလွန်မယ်
- နှလုံးရောဂါခံစားရမယ်။
အလုပ်ခွင်ဖိအားကြောင့်နောက်ထပ်ဖြစ်လာနိုင်တဲ့ပြဿနာအချို့
အလုပ်ခွင်ဖိအားကြောင့်လောလောလတ်လတ်လုပ်မိနိုင်တဲ့ပြဿနာတွေကတော့ စိတ်ဖိစီးမှုကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့နည်းလမ်းတွေနဲ့ဖြေရှင်းတာပါ။ ဘယ်လိုနည်းလမ်းတွေလဲဆိုတော့ အလုပ်ခွင်ဖိအားကြောင့် ကိုယ့်ကိုယ်ကိုနှိပ်စက်တာမျိုးပေါ့။
- အစားတွေအများကြီးစားတာ
- လုံးဝဘာမှမစားဘဲနေတာ
- ကျန်းမာရေးအတွက်မကောင်းတဲ့ အစားအသောက်တွေမှန်းသိရက်စားတာ
- ဆေးလိပ်သောက်တာ
- မူးယစ်ဆေးတွေသုံးစွဲတာ
- အရက်သောက်တာ မျိုးတွေဖြစ်လာနိုင်ပါတယ်။
ပြဿနာတိုင်းမှာ အဖြေရှိပါတယ်
လူဆိုတာ ဉာဏ်အရှိဆုံး သတ္တဝါဆိုတာကိုမေ့မထားပါနဲ့။ပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းပိုင်ဆိုင်ထားပြီးသားပါ။ အသုံးချတတ်ဖို့ပဲလိုပါမယ်။ ဒါကြောင့် အလုပ်ခွင်ဖိအားတွေကြောင့် စိတ်ညစ်လာတဲ့အခါ ဒီအချက်တွေကို အရင်ဆုံး စဉ်းစားပါ။ ကိုယ်စိတ်ညစ်နေတဲ့အချက်က တကယ်ကိုအရေးကြီးရဲ့လား။ ထိခိုက်မှုကကြီးနိုင်လား။ စိတ်ညစ်နေတဲ့အကြောင်းအရင်းကို အတိအကျသိအောင်လုပ်ပါ။
ဒီအဆင့်တွေကိုကျော်လွန်သွားပြီဆိုရင်တော့ စပြီးဖြေရှင်းဖို့ပြင်ဆင်ရပြီပေါ့။ပြောပြဖြေရှင်းလို့ရမယ့်အရာဆိုရင် အထောက်အထားခိုင်ခိုင်လုံလုံနဲ့ပြောပြဖြေရှင်းလိုက်ပါ။ အရမ်းအရေးမကြီးဘူး။ ထိခိုက်မှုမရှိနိုင်ဘူးဆိုရင်မေ့လိုက်ပေါ့။ ဒီလိုမှမဖြေရှင်းနိုင်ဘူးဆိုရင်တော့ ဒီနည်းလမ်းတွေက အသုံးတည့်မှာပါ။
- လမ်းလျှောက်တာလိုမျိုးလုပ်ပါ
- ပတ်ဝန်းကျင် စိမ်းစိမ်းစိုစိုလေးကိုကြည့်ရှု့ခံစားပြီး သဘာဝလေကို ခံစားပေးပါ
- စိတ်ညစ်စရာဖြစ်စေတဲ့အရာတွေကို ချရေးလိုက်ပါ
- ယောဂလိုမျိုး စိတ်ဖိစီးမှုကို သက်သာစေတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်ပေးပါ
- စာအုပ်ဖတ်ပါ
- ဝါသနာပါရာတစ်ခုခုကိုလုပ်ပါ
- မိသားစုနဲ့အတူပျော်ရွှင်စရာလှုပ်ရှားမှုတစ်ခုခုလုပ်ပါ
- ကိုယ့်ကိုယ်ကို ကျန်းမာအောင် ဂရုစိုက်ပါ
- စိတ်ချယုံကြည်ရသူကို ရင်ဖွင့်ပါ
- တရားထိုင်ပါ
- ဝင်သက်ထွက်သက်မှတ်ရင်းမေတ္တာပွားပေးပါ
- နေ့ခင်းနေ့လည်ကို ခဏတစ်ဖြုတ် ဆိတ်ငြိမ်တဲ့နေရာမှာ အနားယူပေးပါ
- အိပ်ပျော်အောင်အိပ်စက်ပါ
- အလုပ်ကပြန်တဲ့အခါ အလုပ်တွေကို ခဏတာမေ့ထားလိုက်ပါ
ဒီနည်းလေးတွေနဲ့ စိတ်သက်သာအောင်လုပ်ဆောင်လို့ရပါတယ်။နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေက စိတ်ဖိစီးမှုကို အကောင်းဆုံးဖြေရှင်းနိုင်စွမ်းရှိကြပါတယ်။ အလုပ်ခွင်က စိတ်ညစ်စရာတွေ ဖိအားတွေကြောင့် အရမ်းစိတ်ညစ်နေရင် အထိရောက်ဆုံးဖရြှင်းနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းလေးတွေကို သုံးပြီးဖြေရှင်းကြည့်နော်။ အလုပ်ခွင်ဖိအားကင်းပြီးပျော်ရွှင်စရာနေ့သစ်တွေကို ပိုင်ဆိုင်ကြပါစေကြောင်း ….
[embed-health-tool-bmi]