backup og meta

ကိုယ့်အူလေးတွေ ကျန်းမာစေချင်ရင် ဒါတွေလိုက်နာပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်အူလေးတွေ ကျန်းမာစေချင်ရင် ဒါတွေလိုက်နာပါ။

    ။ ကိုယ်စားလိုက်သမျှ အစားအစာတွေကိုခြေရတယ်၊ အာဟာရတွေ စုပ်ယူရတယ်၊ အညစ်အကြေးတွေကို စွန့်ထုတ်ရတယ်၊ အကျိုးပြု ဘက်တီးရီးယားနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေ မျှတအောင်ထိန်းပြီး ခုခံအားစနစ်အတွက်လည်း ပါရသေးတာဆိုတော့ ကိုယ်တွေရဲ့ အစာခြေစနစ်လောက်အလုပ်များပြီး အရေးကြီးတာ မရှိပါဘူး။ သူတို့သာ တစ်ခုခုဖြစ်လို့ကတော့ ဝမ်းလျှောလိုက်၊ ဗိုက်အောင့်လေအော့င်လိုက်နဲ့ နေထိုင်ရတာ သက်သာတော့မှာ မဟုတ်ပါဘူး။ ဝမ်းတစ်လုံးကောင်းမှ ကျန်းမာရေးဒေါင်ဒေါင်မြည်မှာ သေချာတာကြောင့် အရေးကြီးတဲ့ အူလမ်းကြောင်းကျန်းမာရေးကို ဘယ်လိုထိန်းကြမလဲ ။ ။

    နေကောင်းကျန်းမာတဲ့ အူလေးတွေ ပိုင်ဆိုင်ချင်ရင် ဒါတွေလုပ်ပါ။

    ( ၁ ) စိတ်ဖိစီးမှုတွေ လျှော့ချပါ။

    စိတ်ဖိစီးမှုများရင် ကျန်းမာရေးထိခိုက်တယ်ဆိုတာ အားလုံသိကြမှာပါ။ ကျန်းမာရေးဆိုမှတော့ စိတ်ရဲ့ ကြေးမုံပြင်လို့ တင်စားထားကြတဲ့ အူတွေဆို ပိုဆိုးတာပေါ့။ ဒီတောံ့ အူလေးတွေ ကျန်းမာဖို့နဲ့ ကိုယ်ခန္ဓါကျန်းမာရေးကောင်းဖို့ အတွက် စိတ်ချမ်းသာဖို့ လိုအပ်တာပေါ့။ တရားထိုင်ပါ။ သူငယ်ချင်းတွေ မိသားစုတွေကို အချိန်ပေးပြီး ဖြစ်နေတဲ့စိတ်ဖိစီးမှုတွေကို ရင်ဖွင့်ပါ။

    (၂ ) အိပ်ရေးဝဝအိပ်ပါ။

    အိပ်ချိန်ဆိုတာ ကိုယ်တွင်းကအူလမ်းကြောင်းတွေနဲ့ အခြား ကိုယ်ခန္ဓါက စနစ်တွေ အနားယူတဲအချိန်ပါ။ ဒါကို အိပ်ချိန် ပြည့်ဝအောင် မအိပ်တဲ့အခါ ကိုယ်တွင်းက ဟော်မုန်းတွေ ကမောက်ကမ ဖြစ်မယ့်အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းလည်း ကောင်းကောင်း အနားမရတာကြောင့် တစ်နေ့ကို အိပ်ချိန်ပုံမှန် ၇နာရီကနေ ၉ နာရီ ရှိဖို့လိုအပ်ပါတယ်။

    ( ၃ ) အစားကို ဖြည်းဖြည်းနဲ့ ကြေညက်အောင် ဝါးစားပါ။

    အစားကို ဖြည်းဖြည်းဝါးစားတဲ့အခါ အစာကြေညက်ပြီး အာဟာရစုပ်ယူရလွယ်ကူတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ကူညီပြီးသားဖြစ်မှာပါ။ အစာခြေစနစ်ရဲ့ အစဟာ ဒီ သွားနဲံခံတွင်းကပဲ စတာမလား။

    ( ၄ ) ရေများများသောက်ပါ။

    ရေများများသောက်ြခင်းဟာ အူလှုပ်ရှားမှု ကောင်းအောင် အားပေးတဲ့အပြင် မကောင်းတဲ့ အညစ်အကြေးတွေကိုပါသန့်စင်စေတာကြောင့် တစ်နေ့ကို ရေ ၃ ပုလင်းလောက် သောက်ပေးဖို့ လိုအပ်ပါတယ်။

    ( ၅ ) အကျိုးပြုဘက်တီးရီးယားနဲ့ ဘက်တီးရီးယားအာဟာရ ဖြည့်စွက်စာများစားပါ။

    အကျိုးပြုဘက်တီးရီးယား( probiotics) နဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရ( prebiotics) တို့ဟာ ကျန်းမာတဲ့ အူလမ်းကြောင်းတစ်ခု ပိုင်ဆိုင်ဖို့အတွက် အရေးပါတဲ့ အရာတွေဖြစ်ပါတယ်။ အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယားတွေဆိုတာ ခုခံအားစနစ်ရဲ့ နယ်ခြားစောင့်တပ်သားတွေ မဟုတ်လား။ သူတို့များလေလေ သူတို့ အတွက် အာဟာရ များများရလေလေ အူလမ်းကြောင်းနဲ့ ခုခံအားစနစ်ပိုကောင်းလေလေပါပဲ။

    ( ၆ ) ကိုယ်နဲ့ မတည့်တာတွေကို ရှောင်ပါ။

    တစ်ခုခုစားလိုက်မိပြီး ဗိုက်နာလေထိုး၊ ဝမ်းလျှော ပျို့အန်တာတာတွေ အစာခြေရည်ပြန်ဆန်တက်တာမျိုးတွေဟာ ကိုယ်နဲ့ မတည့်တာတွေစားမိတာကြောင့် အူလမ်းကြောင်းက ပြန်ပြီး တုန့်ပြန်တာတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာတွေစားပြီးရင် ဘယ်လိုတော့ဖြစ်တယ်ဆိုတာမျိုးတွေ သေချာမှတ်ထားပြီးကိုယ်နဲ့ မတည့်တာတွေကိ ုစာရင်းပြုစုထားဖို့လိုပါတယ်။

    ( ၇ ) ကိုယ့်ရဲ့ စားသောက်မှု ပုံစံကို ပြောင်းလဲပါ။

    တာရှည်ခံ အစားအစာတွေ၊ အချိုကဲတဲ့ အစားအစာတွေနဲ့ အဆီများတဲ့ အစားအစာတွေက အူလမ်းကြောင်းကျန်းမာရေးကို ထိခိုက်စေပါတယ်။ တာရှည်ခံ အစားအစာတွေမှာ ပါတဲ့ ဓါတုပစ္စည်းတွေက အူလမ်းကြောင်းကို ထိခိုက်စေသလို သကြားစားများခြင်းက မကောင်းတဲ့ ဘက်တီးရီးယားကို အားပေးသလိုဖြစ်တဲ့အပြင် အဆီများတဲ့ အစားအစာတွေကို ခြေဖျက်စုပ်ယူရ ခက်တာကြောင့် ဒီအစားအသောက်တွေက အူကိုထိခိုက်စေနိုင်တဲ့ အစားအသောက်တွေပါ။

    ဒါဆို အူလမ်းကြောင့်း ကျန်းမာချင်ရင် ဘာတွေစားပေးရမလဲ ။

    တစ်နေ့တစ်နေ့ ဒီ အူလမ်းကြောင်းထဲကို အစားအစာတွေကပဲ ရောက်တာမလား။ ဒီတော့ ကိုယ်စားလိုက်တဲ့ အစားအစာတွေက အူလမ်းကြောင်းကို အားဖြစ်စေဖို့ ကျန်းမာစေဖို့ အရေးကြီးတာပေါ့။ ဘာတွေစားပေးရမလဲ။

    • အမျှင်ဓါတ်များတဲ့ အစားအစာတွေ။ – အမျှင်ဓါတ်များတဲ့ အစားအစာတွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက် အမျိုးမျိုးနဲ့ အသီးများများစားပေးပါ။
    • ကြက်သွန်နီ ကြက်သွန်ဖြူတို့ကလည်း အူလမ်းကြောင်းရဲ့ ဘက်တော်သားတွေပါပဲ။
    • ဒိန်ချဉ်တို့၊ ကင်မ်ချီတို့ မီဆိုတို့ဟာ အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေအတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်နေတဲ့ အ စားအသောက်တွေပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement