backup og meta

လူတွေဘာကြောင့် သူများကို အပြစ်တင်ကြတာလဲ

လူတွေဘာကြောင့် သူများကို အပြစ်တင်ကြတာလဲ

ဘဝဆိုတာက အရာရာအဆင်မပြေသလို ပြည့်စုံနေဖို့လည်း မလွယ်ကူပါဘူး။ အမှားတွေ လုပ်မိနိုင်သလို မျှော်လင့်ထားသလို မဖြစ်လာတာတွေလည်း ကြုံရနိုင်ပါတယ်။ လူဆိုတာက အမှားမကင်းဘူးဆိုသလိုပေါ့။ ဒီလို အမှားတွေ ဖြစ်တဲ့အခါ အချို့က ကိုယ့်တာဝန် ကိုယ်ယူ​ကြပေမယ့် အချို့က သူများကို အပြစ်တင်တတ်ကြပါတယ်။ နေ့စဉ်လှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာလည်း မြင်ဖူးကြမှာပါ။ အရာရာကို ပြစ်တင်​ပြောဆိုနေတတ်သူတွေလေ။ လူတွေဘာကြောင့် သူများကို အပြစ်တင်ကြတာလဲ ။ အပြစ်လုပ်လို့ ပြောခံရတာက စိတ်အနှောင့် အယှက် မဖြစ်ပေမယ့် ကိုယ့်အပြစ်မဟုတ်ဘဲ သူမှားနေတာကို ကိုယ့်အပြစ်လို ပြောတာကတော့ အဆင်မပြေတာ အမှန်ပါ။

အပြစ်တင်တာက ဘာတွေဖြစ်လာမလဲ………..

ပြစ်တင်ပြောဆိုတာက ကောင်းတဲ့ အလေ့အထမဟုတ်ပါဘူး။ အမှားတွေ့တိုင်း သူတစ်ပါးကိုပဲ အပြစ်တင်မယ်ဆိုရင် ရေရှည်မှာ ဆက်ဆံရေး ထိခိုက်လာနိုင်ပါတယ်။ အမှားကင်းဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။

အ​ကြောင်းအရာ အမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကြောင့် အမှားတွေ၊ လွဲချော်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ကိုယ့်​ကြောင့်ဖြစ်နိုင်သလို အခြားသူကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပြဿနာတစ်ခုခု ကြုံရတဲ့အခါ ရွေးချယ်နိုင်မယ့် အခြေအနေက အပြစ်တင်ပြောဆိုဖို့ နည်းလမ်းတစ်ခုတည်း ရှိနေတာမဟုတ်ပါဘူး။ ပြေလည်အောင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။

နောက်တစ်ခု သတိထားရမှာက အမြဲတမ်း ပြစ်တင်ပြောဆိုခံရတဲ့အခါ အပြစ်တင်ခံရသူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ထိခိုက်သွားတာမျိုး ဖြစ်နိုင်သလို အမြဲတမ်း ပြစ်တင်ပြောဆိုခံရသူကိုလည်း ဥပေက္ခာပြုလိုက်တာမျိုး ရှိလာနိုင်ပါတယ်။ ဒါက လူတစ်ဦးနဲ့တစ်ဦးကြားက ခင်မင်မှု၊ ဆက်ဆံရေး စတာတွေကို ပျက်စီးစေနိုင်ပါတယ်။

တစ်ဦးနဲ့ တစ်ဦး ဘယ်လောက်ပဲ ချစ်ချစ် သည်းခံနိုင်တဲ့ အတိုင်းအတာဆိုတာ ရှိပါတယ်။ ကိုယ်မှားမနေတဲ့အရာတစ်ခုအတွက် အမြဲတမ်း ပြစ်တင်ပြောဆိုမှုက ဆက်ဆံရေး ပျက်ယွင်းရခြင်းရဲ့ အရင်းခံပါ။

လူတွေဘာကြောင့် သူများကို အပြစ်တင်ကြတာလဲ ဆိုတော့ လူတွေ အပြစ်တင်ပြောဆိုရတဲ့ အကြောင်းတရားက တစ်ခုမကရှိနေနိုင်ပါတယ်။ စိတ်ခံစားမှုနဲ့ ပတ်သက်နေတာကတော့ အသေအချာပါပဲ။
  • အကြောင်းအရင်း အစုံကို သေချာမသိတာ

အခက်အခဲ ပြဿနာတစ်ခုခုဖြစ်လာတဲ့အခါ အကြောင်းအရင်းစုံကို သေချာမသိတာကြောင့် ပြစ်တင်ပြောဆိုမှုတွေ ဖြစ်နိုင်ပါတယ်။ ပြဿနာတစ်ခုကို အပေါ်ယံ ​ကြည့်ပြီး ဆုံးဖြတ်တဲ့ အခါမျိုးမှာ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးဆိုရင်တော့ အကောင်းဆုံးက ပြဿနာကို သေချာလေး ပြောပြပေးတာပါ။ သေချာ ပြောပြပေးတာက ပြစ်တင်ပြောဆိုမှုကို အဆုံးသတ်နိုင်မယ့် ဖြေရှင်းနည်းပါ။

  • တိုက်ခိုက်ချင်လို့

တစ်ခါတစ်လေမှာ လူတွေ ပြစ်တင်ပြောဆိုချင်တာက တိုက်ခိုက်ချင်လို့ပါ။ သူတို့ထက် သာလွန်နေတာ တစ်ခုခုရှိနေရင်ဖြစ်ဖြစ် သဘောထားတိုက်ဆိုက်မှု မရှိတဲ့အခါမျိုးမှာ ဖြစ်ဖြစ် ဒီလို ပြစ်တင်ပြောဆိုတာတွေ ဖြစ်နိုင်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဒီလိုပြစ်တင်ပြောဆိုတာမျိုး အများကြုံရနိုင်ပါတယ်။ ဒီလိုကြုံရတဲ့အခါ ကိုယ်တကယ်မှားမနေဘူးဆိုရင် ရှင်းပြပါ။ စိတ်ဓာတ်မကျဘဲ အကောင်းဆုံး ဆက်ကြိုးစားပါ။ အလုပ်နဲ့ သက်သေပြတာက အကောင်းဆုံး နည်းလမ်းဖြစ်မှာပါ။

  • ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့

တစ်ခါတစ်လေမှာ လူတွေ အပြစ်တင်ပြောဆိုကြတာက သူတို့ကိုယ် သူတို့ ကာကွယ်ချင်စိတ်ကြောင့်ပါ။ သူတို့က အပြစ်ကင်းပြီး ပြီးပြည့်စုံတဲ့ သူတွေဖြစ်ချင်ကြပါတယ်။ ဒီတော့ အမှားတစ်ခုခု ကြုံရတဲ့အခါ သူရဲ့ ပြည့်စုံမှု အများကင်းမှုကို ကာကွယ်ချင်တဲ့စိတ်နဲ့ အခြားသူကို လက်ညှိုးထိုး အပြစ်တင်ပါတော့တယ်။

ဒါက စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းတဲ့သဘောပါ။ ဒီအခြေအနေကို အကောင်းဆုံး ကျော်လွှားဖို့ဆိုရင် ကိုယ့်ဘက်က အချက်အလက်သေချာပြင်ဆင်လို့ အမှားကင်းကြောင်းကို သက်သေပြနိုင်ဖို့ ပြင်ဆင်ထားပါ။  နောက်ထပ် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်း တစ်ခုက ခွင့်လွှတ်ပေးလိုက်တာပါ။

  • အလွယ်ကူဆုံး နည်းလမ်းဖြစ်နေလို့

အချို့က သူများကို အပြစ်တင်လိုက်တာက ပြဿနာတစ်ခုခုကို ​ဖြေရှင်းတဲ့ အလွယ်ကူဆုံး နည်းလမ်းလို့ မှတ်ယူထားတဲ့ အတွေးကြောင့် အပြစ်တင်တာပါ။ ကိုယ့်အပြစ်ကို သူများကို လွှဲချတဲ့ သဘောမျိုးပေါ့။

အပြစ်တင်ခံရတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ………….

ကိုယ်မမှားဘဲ အပြစ်တင်ခံရတာကို တောင်းပန်တာမျိုး မလုပ်ဖို့ပြောပါရစေ။ ဒီလို တောင်းပန်လိုက်ခြင်းက ကိုယ်တိုင်မှာ နစ်နာရသလို အပြစ်တင်သူမှာလည်း နစ်နာမှု ဖြစ်ရပါတယ်။ ဒီတော့ အမှားမလုပ်ဘဲ အပြစ်တင်ခံရတဲ့အခါ

ပြန်လည်မတုံ့ပြန်ခင်မှာ ကိုယ့်ဘက်က အမှားကင်းစေဖို့ အမှားလုပ်တတ်တာပဲဆိုတဲ့ အမြင်မျိုး ကင်းစေဖို့ အသက်ကို ဝဝရှူလိုက်ပါ။ ပြီးရင် စိတ်ကို အတည်ငြိမ်ဆုံးလုပ်ပြီး ပြဿနာကို အမှားမပါဘဲ ရှင်းပြနိုင်ဖို့ ကြိုးစားပါ။ ပုတ်ခတ်ပြောဆိုတာတွေ မပါစေပါနဲ့။

အမှားမလုပ်ထားကြောင်း ရှင်းပြတဲ့အခါ စိတ်ရှုပ်ထွေးနေတာ၊ ကြောက်ရွံ့နေတာ၊ ယုံကြည်မှု မရှိတာမျိုး မဖြစ်စေဖို့ပါ။

အပြစ်တင်ခံရမှုက အရမ်းမပြင်းထန်ဘူး၊ ထိခိုက်မှု တစ်စုံတစ်ရာလည်း မဖြစ်ဘူးဆိုရင် သင်ပေးတယ်။ သင်ခန်းစာ အသစ်ရတယ်လို့ ယူဆပြီး နောက်တစ်ခါ အပြစ်ထောက်ပြောဆိုခံရလောက်တဲ့ အနေအထားမျိုး မဖြစ်အောင် ဂရုစိုက်ပါ

  • မသေချာရင်တော့ တောင်းပန်တဲ့နည်းကို ကျင့်သုံးပါ

တစ်ခါတစ်လေမှာ ကိုယ်က အမှားမှန်းမသိဘဲ လုပ်လိုက်မိတဲ့ အပြုအမူမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ်က မှားလို့ အပြစ်တင်ခံရတာလား။ သူ့အမှားကြောင့် အပြစ်တင်ခံရတာလား မသဲကွဲဘူးဆိုရင် ချက်ချင်းတုံ့ပြန်ဖို့ ခက်ခဲပါမယ်။ ဒီလို အနေအထားမှာ အကောင်းဆုံးက အရင်ဆုံး တောင်းပန်လိုက်ပါ။ ပြီးရင် ပြန်ဆန်းစစ်ပြီး သေချာရှင်းပြဖို့ ပြင်ဆင်ပါ။

ပြစ်တင်ပြောဆိုခံရတဲ့အခါ ပြစ်တင်ပြောဆိုခံရမှုကို စိတ်ထဲ ထားမနေဘဲ လုပ်ရမယ့် တာဝန်တွေကို စိတ်အားထက်သန်စွာ လုပ်ဆောင်လိုက်ပါ။ အပြစ်ပြောတဲ့သူက မှားနေတယ်ဆိုတာမျိုး ပြသနိုင်လောက်တဲ့အထိ အလုပ်ကို သေသေချာချာလေးနဲ့ စိတ်အားထက်သန်စွာ လုပ်ဆောင်ပါ။

ဒီနည်းလမ်းလေးတွေနဲ့ အပြစ်တင်တာက ရှောင်လွှဲလိုက်တာမျိုး လုပ်ရင်း ကောင်းမွန်တဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်လိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Reasons Why People Blame Others (+ How To Stop It) https://www.aconsciousrethink.com/9670/blaming-others/ Accessed Date 4 June 2020

How To Break “The Blame Cycle” https://medium.com/swlh/how-to-break-the-blame-cycle-985e440865a9 Accessed Date 4 June 2020

4 Steps to Stop Blaming https://www.psychologytoday.com/intl/blog/inviting-monkey-tea/201601/4-steps-stop-blaming Accessed Date 4 June 2020

ယခုပုံစံ

26/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားလာအောင် ဘယ်လိုတည်ဆောက်မလဲ

မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ယူခြင်း


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 26/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement