backup og meta

စာလုပ်နေချိန် အိပ်မငိုက်စေမယ့် နည်းလမ်းကောင်းတွေ ရှိတယ်နော်


Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စာလုပ်နေချိန် အိပ်မငိုက်စေမယ့် နည်းလမ်းကောင်းတွေ ရှိတယ်နော်

    ဘာလိုလိုနဲ့ မတ်လထဲတောင် ဝင်လာပြီနော်။ ဒီအချိန်ဆိုရင် တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေလည်း စာမေးပွဲ စနေလောက်ပြီ၊ တက္ကသိုလ် ကျောင်းသားတွေ ဆိုရင်လည်း ပထမနှစ်ဝက် ဖြေနေရလောက်ပြီ၊ အငယ်တန်း ကျောင်းသားတွေကျတော့လည်း တစ်နှစ်စာ စာမေးပွဲကြီး ပြီးလို့ နောက်နှစ်အတွက် သင်ရမယ့် စာတွေကို ကြိုပြီး ကျက်မှတ်နေလောက်ပါပြီ။ ဒီလိုအချိန်မျိုးမှာ ကျောင်းသားတွေအတွက် စာကောင်းကောင်း ကျက်မှတ်လို့ ရမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။

    ၁။ အနေအထား ပြောင်းပြီး စာကျက်ပါ။

    ဦးနှောက်ရဲ့ သဘာဝက ငြိမ်ငြိမ်လေး ထိုင်နေရင် ထိုင်းမှိုင်းပြီး လေးလံလာတယ်၊ ပျင်းပြီး အိပ်ချင်လာစေပါတယ်။ ဒါကြောင့် အမြဲတမ်း ထိုင်ပြီး စာကျက်တာထက် မတ်တပ်ရပ် ကျက်တာ၊ လမ်းလျှောက်တာမျိုး လုပ်ပေးပါ။ အဲ့လိုမဟုတ်ဘဲ နာရီဝက်လောက် ထိုင်ကျက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ အကြောလျှော့တာမျိုး လုပ်ပေးနိုင်ရင်လည်း အဆင်ပြေပါတယ်။

    ၂။ အလင်းရှိတဲ့ နေရာမှာ စာကျက်ပါ။

    ပတ်ဝန်းကျင်က လင်းနေရင် အိပ်ချင်တဲ့ စိတ်တွေ ပိုပျောက်ပြီး စိတ်အာရုံကို လန်းလန်းဆန်းဆန်း ဖြစ်စေပါတယ်။ ဒါကြောင့် စာကျက်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် ပတ်ဝန်းကျင် အလင်းရောင် သို့မဟုတ် မီးအလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာ စာကျက်ပါ။ မှောင်တဲ့ နေရာတွေကို တတ်နိုင်သလောက် ရှောင်ပါ။ အိပ်ချင်စေသလို မျက်စိကိုလည်း ထိခိုက်စေနိုင်ပါတယ်။

    ၃။ အိပ်ခန်းနဲ့ ဝေးရာမှာ နေပါ။

    ကျောင်းစာတွေပဲ အမြဲ လုပ်နေရတဲ့အခါ ကျောင်းသား၊ ကျောင်းသူ အများစုက ပျင်းပြီး ငိုက်လာတတ်ကြပါတယ်။ အထူးသဖြင့် သူတို့ စာလုပ်နေတဲ့ နေရာနားမှာ လှဲအိပ်စရာ ကုတင်တို့၊ ဆိုဖာတို့ ရှိနေရင် ပိုဆိုးတော့မှာပေါ့။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ အိပ်ခန်းတွေ၊ ခဏတဖြုတ် လှဲအိပ်လို့ ရမယ့် နေရာတွေနဲ့ ဝေးရာမှာ စာသွားကျက်ပေးပါ။

    ၄။ ရေများများ သောက်ပါ။

    ရေသောက်တဲ့အခါ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးသလို လူကိုလည်း လန်းလန်းဆန်းဆန်း ဖြစ်စေတယ်။ စိတ်အာရုံ ကြည်လင်စေတယ်။ အထူးသဖြင့် စာအော်ကျက်တတ်တဲ့ ကလေးတွေဆိုရင် လည်ချောင်းနာတာ၊ ခြောက်တာ ဖြစ်တတ်တဲ့အတွက် ရေများများ သောက်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ရေရဲ့ အေးမြတဲ့ ခံစားချက်က စာကျက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အိပ်ချင်ပြေစေသလို စာကျက်ရာမှာလည်း ပိုပြီး သက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။

    ၅။ အိပ်ငိုက်လာရင် တစ်ခုခု ထစားပါ။

    မုန့်ပဲသရေစာတွေ စားတဲ့အခါ တွေ့ကရာ အချိုများတဲ့ မုန့်တွေ၊ အချိုရည်တွေ၊ အဆီကြော်တွေထက် သစ်သီးစိတ်တွေ၊ ကြက်ဥပြုတ်၊ အစေ့အဆန်တွေ၊ နွားနို့၊ ဂျုံကြမ်းပေါင်မုန့်မျိုး များများစားပေးသင့်ပါတယ်။ အာဟာရ ပြည့်ဝစွာ စားသုံးပေးမှ ဦးနှောက်ရဲ့ လုပ်ဆောင်ရည် အားပိုကောင်းလာမှာ ဖြစ်ပြီး ခဏလေးနဲ့ မေ့တာ၊ စာမှတ်ရမှာ အခက်အခဲ ဖြစ်တာမျိုးတွေကို ကာကွယ်ပေးနိုင်မှာပါ။

    ၆။ အပေါင်းအသင်းနဲ့ စာကျက်ပါ။

    ကိုယ့်ဘော်ဒါတွေနဲ့ စုစုရုံးရုံး ပျော်ပျော်ပါးပါး စာလုပ်ရတဲ့ ခံစားချက်ကို တကယ်လုပ်ဖူးတဲ့ ကျောင်းသား၊ ကျောင်းသူတိုင်း သိကြမှာပါ။ တစ်ယောက် မရတဲ့ စာကို တစ်ယောက်က ပြန်ထောက်၊ ငိုက်လာပြီဆိုရင် ရယ်စရာ မောစရာလေးပြော၊ စာလည်းလုပ်၊ စာလုပ်ချိန် ပြီးသွားရင် ခဏတဖြုတ် အပြင်ထွက်ပြီး ကစား လုပ်ပေးနိုင်ရင် အိပ်ချင်တဲ့ စိတ်ဆိုတာ ဖြစ်လာစရာ အကြောင်း မရှိတော့ပါဘူး။

    ၇။ ညဘက်ကို ကောင်းစွာ အိပ်စက်အနားယူပါ။

    ကျောင်းသား၊ ကျောင်းသူတွေဟာ အသက် ငယ်သေးတဲ့အတွက် လူကြီးတွေထက် ညဘက် အိပ်ချိန် ပိုမိုလိုအပ်ပါတယ်။ ဒါကြောင့် စာလုပ်ရမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ညဘက် အိပ်ရေးအပျက်ခံတာမျိုး လုံးဝမလုပ်ပါနဲ့။ ညကို စောစောအိပ်ရာဝင်ပါ။ မနက်ကို စောစောအိပ်ရာထပြီး စာလုပ်ပါ။ နေ့လည်နေ့ခင်း အရမ်းပင်ပန်းရင် တရေးတမော အိပ်ပြီး စာပြန်လုပ်ပါ။ ကြားထဲမှာ အစာအာဟာရကို စုံလင်စွာစားပါ။ ကစားတာ၊ အားကစား လေ့ကျင့်ခန်းလုပ်တာ၊ အပြင် ဗဟုသုတတွေ ရှာဖွေဖတ်ရှုတာ စတဲ့ အလေ့အကျင့်ကောင်းတွေ လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

    စာလုပ်ရမှာ ပျင်းတဲ့ ညီလေး ညီမလေးတွေ၊ စာကျက်တိုင်း အမြဲငိုက်တတ်တဲ့ ကျောင်းသားတွေအတွက် ဒီနည်းလမ်းတွေက ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ စာမေးပွဲအတွက် လုံးပန်းနေရတဲ့ ကလေးတွေလည်း အကောင်းဆုံး ကြိုးစားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement