backup og meta

ဘဝပျော်ရွှင်အေးချမ်းဖို့ မိမိကိုယ်ကို တန်ဖိုးထား စို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘဝပျော်ရွှင်အေးချမ်းဖို့ မိမိကိုယ်ကို တန်ဖိုးထား စို့

    လူတစ်ယောက်ရဲ့ ဘဝမှာ အေးချမ်းမှု၊ ပျော်ရွှင်မှု၊ လုံခြုံမှု အလုံးစုံရရှိဖို့ အရေးကြီးဆုံးအရာတွေထဲမှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ်တိုင်က ကိုယ့်ကိုယ်ကို တန်ဖိုးထား တတ်မှ တခြားသူကပါ ကိုယ့်အပေါ် မေတ္တာထားနိုင်မှာပါ။

    မိမိကိုယ်ကို တန်ဖိုးမထားတတ်တဲ့သူတွေဟာ စိတ်မလုံခြုံမှုတွေ ဖြစ်စေပြီး အထီးကျန်တာ၊ တက်ကြွရွှင်လန်းခြင်း မရှိတော့တာ၊ တဖြည်းဖြည်းနဲ့ စိတ်ဖိစီးမှုတွေ များလာမယ်။ စိတ်ကျန်းမာရေးမှာ ထိခိုက်မှု များစွာ ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

    မိမိကိုယ်ကို တန်ဖိုးထား နိုင်ဖို့ ဒီအချက်တွေကို လိုက်နာပါ၊၊

    ၁။ မိမိကိုယ်ကို အကောင်းမြင်ပါ။

    အရာရာကို အကောင်းမြင်ခြင်းဟာ မိမိကိုယ်ကို တန်ဖိုးထား တတ်လာစေဖို့ အလေ့အကျင့်ကောင်း တစ်ခုပါပဲ။ လူတိုင်းက နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာတွေကြောင့် မိမိကိုယ်ကိုရော ပတ်ဝန်းကျင်၊ ဘဝကိုပါ မကောင်းမြင်လာတတ်တာ သဘာဝပါပဲ။ အကောင်းဆုံးကတော့ မှန်ထဲကို ကြည့်ပြီး စကားပြောကြည့်ပါ။ မကောင်းတဲ့ အပြုအမူတွေ၊ အတွေးအခေါ်တွေကို တတ်နိုင်သလောက် ရှောင်ပါ။

    ၂။ ကိုယ့်ဘဝကို ကိုယ့်လက်နဲ့ တည်ဆောက်ပါ။

    တခြားသူတွေရဲ့ ဘဝနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်တာဟာ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတာနဲ့ အတူတူပါပဲ။ လောကမှာ အရာအားလုံး ပြီးပြည့်စုံသူ တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ ကောင်းတဲ့အရာတွေလည်း ရှိသလို မကောင်းတဲ့ ပြစ်ချက်တွေနဲ့ လူသားတိုင်း နေ့စဉ် ရှင်သန်နေရပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အကောင်းမြင်ပါ။ ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပါ။ တခြားသူတွေနဲ့ ယှဉ်ပြိုင်နေမယ့်အစား ကိုယ့်ရဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့ ကြိုးစားကြည့်ပါ။

    ၃။ လေ့ကျင့်ခန်းလုပ်ပါ။

    ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာရေးနဲ့ အလှအပအတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါ အကျိုးဖြစ်စေပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုတိုးစေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ေရာက်အောင် ထိန်းညှိပေးနိုင်တယ်။ ကိုယ်ခန္ဓာအချိုးအစား လှပပြေပြစ်စေတယ်။

    ၄။ အမှားတွေကို လက်ခံပါ။ သင်ယူပါ။

    လူတိုင်း အမှားလုပ်တတ်တာ သဘာဝပါပဲ။ ကိုယ်တိုင် လုပ်ခဲ့မိတဲ့ အမှားတွေအတွက် ဝမ်းနည်းပူဆွေး နောင်တရနေမယ့်အစား နောင်မမှားအောင် သင်ခန်းစာယူပါ။ လူတိုင်း အမှားနဲ့ မကင်းနိုင်ဘူးဆိုတာကို လက်ခံထားတဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဒီအမှားနဲ့ ပတ်သက်ပြီး ဝမ်းနည်းရှက်ရွံ့နေတော့မှာ မဟုတ်ပဲ ဘဝကြီးကို အရင်ကထက်ပိုပြီး အကောင်းမြင်လာနိုင်ပါတယ်။

    ၅။ မကောင်းတဲ့ အရာတွေကို ပြောင်းလဲပစ်ပါ။

    ကိုယ့်မှာ မကောင်းတဲ့ အမူအကျင့်တွေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတတ်စေဖို့ နှောင့်ယှက်နေတဲ့ အရာတွေ ရှိရင် ပြုပြင်ပြောင်းလဲပစ်ဖို့ ကြိုးစားပါ။ ကိုယ့်ရဲ့ အားနည်းချက်တွေကို လက်ခံနားလည်ပြီး ဒီထက်ပိုကောင်းအောင် ကြိုးစားကြည့်ပါ။ အရာရာကို အကောင်းမြင်ဖို့ အရေးကြီးသလို ကိုယ့်ပတ်ဝန်းကျင်က မကောင်းတဲ့ အရာတွေကိုလည်း ကိုယ်တတ်နိုင်သလောက် ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။

    ၆။ ပျော်ရွှင်စေမယ့် အရာတွေ များများလုပ်ပါ။

    ကိုယ့်ကိုယ်ကို တန်ဖိုးထား တတ်စေဖို့ နောက်နည်းလမ်းတစ်ခုကတော့ ကိုယ့်ကို ပျော်ရွှင်မှု ဖြစ်စေတဲ့ အရာတွေကို အချိန်ပေးပြီး လုပ်ပေးဖို့ပါပဲ။ ပျော်ရွှင်နေတဲ့ လူတစ်ယောက်ဟာ အရာရာကို ပိုပြီး အကောင်းမြင်တတ်လာစေတယ်။ စိတ်ဖိစီးမှုတွေ ပြေလျော့စေတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာတဲ့အတွက် ဘဝက အေးချမ်းပျော်ရွှင်နေမှာပါ။

    ၇။ တစ်ပါးသူတွေကို ကူညီပေးပါ။

    ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အကူအညီလိုအပ်နေသူတွေ၊ အားနည်းနေသူတွေကို ကိုယ်တတ်စွမ်းသလောက် ဖေးမကူညီပေးပါ။ ဒီလိုကူညီပေးခြင်းအားဖြင့် သူတို့တွေရဲ့ ဘဝကိုလည်း ပျော်ရွှင်မှုဖြစ်စေသလို ကိုယ့်ကိုယ်ကိုလည်း အကောင်းမြင်တဲ့ စိတ်တွေ တိုးလာနိုင်ပါတယ်။

    ၈။ အကောင်းမြင်တတ်တဲ့သူတွေရဲ့ အနားမှာ နေပါ။

    ကိုယ့်ဘဝ၊ ကိုယ့်စိတ်ကို ကျန်းမာအောင် နေထိုင်ရာမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်က လူတွေကိုယ်တိုင်လည်း အကောင်းမြင်ဝါဒီရှိဖို့ အရေးကြီးပါတယ်။ ဒီလူတွေဟာ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ မကောင်းတဲ့ အတွေးတွေ၊ အမြင်တွေကို ဖယ်ထုတ်ပေးနိုင်တဲ့အပြင် ပျော်ရွှင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement