backup og meta

Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကဘာတွေများလဲ


Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကဘာတွေများလဲ

    ခန္ဓာကိုယ်ကျန်းမာပြီး ကျစ်လျစ်သွယ်လျအောင်ဆိုပြီး Gymဆော့တော့မယ်လို့ စိတ်ဆုံးဖြတ်ပြီးပြီပေါ့။ Gymဆော့တာက ခန္ဓာကိုယ်ကျန်းမာဖို့ အထောက်အကူပြုနိုင်တယ်ဆိုပေမယ့် လူပေါင်းစုံလေ့ကျင့်ခန်းလုပ်နေတဲ့ Gym ခန်းမကြီးကရောဂါပိုးကင်းဖို့ သိပ်တော့မလွယ်လှဘူးနော်။

    ဒီလိုကနေ ကိုယ်တိုင်မှာရောဂါပိုးတွေ ကူးစက်လာတာမျိုးဖြစ်နိုင်ပါတယ်နော်။ ဒီတော့ Gymဆော့တော့မယ်ဆိုရင် သတိထားနိုင်စေဖို့ Gym ကနေ ကူးစက်နိုင်တဲ့ရောဂါတွေအကြောင်း နည်းနည်းလောက်ပြောပြပေးပါရစေနော်။

    ဘယ်လိုရောဂါတွေများ ကူးစက်နိုင်တာလဲ

    Gymဆော့ပြီဆိုရင် ချွေးထွက်မယ်ဆိုတာ ပြောနေစရာမလိုပါဘူး။ ဒီတော့ချွေးကနေတဆင့် ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံရမယ်ဆိုတာ ထွေထွေထူးထူးတောင်ပြောနေဖို့ မလိုအောင်ပါပဲနော်။ နေရာတိုင်းမှာ ချွေးတွေပေနေနိုင်သလို မှိုပိုးတွေဘက်တီးရီးယားတွေရှိနိုင်နေနိုင်ပါတယ်။ ဒီပိုးတွေက အရေပြားကနေတဆင့်၊ချွေးကနေတဆင့် ကူးစက်ပြီးရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်။

    အရေပြားရောဂါဖြစ်စေနိုင်တယ်

    Gym ကမှောင်မိုက် စိုထိုင်းတဲ့နေရာတွေဖြစ်တဲ့ ရေချိုးခန်း၊ အဝတ်လဲခန်းတွေမှာ အရေပြားပြဿနာကို ဖြစ်စေနိုင်တဲ့ရောဂါပိုးတွေရှိနေနိုင်ပါတယ်။ ဒီရောဂါပိုးတွေက အဝတ်နဲ့ ချွေးသုတ်တဲ့ တဘက်တို့မှာ ကပ်ညှိပြီး အရေပြားပြဿနာခံစားရနိုင်ပါတယ်။

    ပွေး

    ကူးစက်တတ်တဲ့ အရေပြားပြဿနာတစ်ခုပေါ့။ တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တတ်သလို အသုံးအဆောင်တွေကနေတဆင့်လည်း ကူးစက်ခံရနိုင်ပါတယ်။ လူတိုင်းမှာ အရေပြားပြဿနာရှိလားဆိုတာကို မစစ်ဆေးနိုင်တာကြောင့် သတိထားဖို့တော့ လိုမှာပါ။

    သဲဝဲ

    ခြေထောက်မှာ အများဆုံးဖြစ်တတ်ကြတာပါ။ မှောင်မိုက်စိုထိုင်းနေတဲ့နေရာတွေမှာ ရှင်သန်ပေါက်ဖွားတဲ့ မှိုပိုးတွေကြောင့် အဖြစ်များပါတယ်။ ဒီပြဿနာကို အဖြစ်နိုင်စေဆုံး အရင်းအမြစ်ကချွေးစိုပြီး စိုထိုင်းနေတဲ့ အားကစားလုပ်တဲ့အခါ စီးတဲ့ ဖိနပ်တွေပါ။

    ခြေသည်းမှိုပိုးဝင်ခြင်း

    ခြေသည်းတွေမှာဖြစ်တဲ့ မှိုပိုးတစ်မျိုးပါ။ လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်ခံရနိုင်ပါတယ်။ အသုံးအဆောင်တွေ အတူသုံးစွဲတာကြောင့်လည်းခြေသည်းမှိုပိုးကူးစက်ခံရနိုင်ပါတယ်။

    ပေါင်ခြံမှိုစွဲခြင်း

    ပေါင်ခြံနေရာမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတစ်ခုပါ။ချွေးကြောင့်ဖြစ်နိုင်သလို အသားချင်းထိတာကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ စိုစွတ်တဲ့အနေအထားမှာ ပေါက်ဖွားလာတဲ့ မှိုတွေကြောင့်ဖြစ်ရတဲ့ အရေပြားပြဿနာတစ်ခုပါ။ ချွေးစိုပြီး ညစ်ပေနေတဲ့ အားကစားပစ္စည်းတွေ၊ အခင်း၊ တဘက်နဲ့ အခြားသောအသုံးအဆောင်တွေမှာရှိနေနိုင်ပါတယ်။ အရေပြားခြောက်သွေ့ပြီး အဖတ်လေးတွေလန်နေတာမျိုးပါ။

    ညှင်း

    အသားချင်းထိတွေ့တာ၊ ချွေးကနေတဆင့်ကူးတာ၊ အသုံးအဆောင်တွေ အတူတူသုံးမိတာကြောင့် ကူးစက်ခံရနိုင်ပါတယ်။ အရေပြားကို ယားယံစေသလို မသက်မသာဖြစ်စေနိုင်တဲ့ အခြေအနေပါ။

    ကြွက်နို့

    အသုံးအဆောင်တွေ အတူတူသုံးမိတာ၊ အသားချင်းထိမိတာတွေကနေတဆင့် ကြွက်နို့ ကူးစက်ခံရနိုင်ပါတယ်။

    အအေးမိ၊ တုပ်ကွေး

    ရောဂါပိုးရှိသူ နှာချေချောင်းဆိုးတာကနေတဆင့် ကူးစက်ခံရနိုင်ပါတယ်။ အားကစားခန်းမတွင်းမှာ ရောဂါပိုးပျံ့နှံ့နေမယ်ဆိုရင် အလွယ်တကူ အအေးမိ၊ တုပ်ကွေးဖြစ်နိုင်ပါတယ်။

    အနာစက်

    အနာစက်ဆိုတာက ကူးစက်လွယ်တဲ့ အရေပြားကူးစက်ရောဂါပါ။ အရေပြားမှာ နာကျင်တဲ့အနာတွေကို ဖြစ်စေနိုင်ပါတယ်။ အနာရှိနေသူနဲ့ အရေပြားချင်းထိတွေ့မိတာ၊ ချွေးနဲ့ထိတွေ့မိတာ၊ အသုံးအဆောင်တွေ အတူတူသုံးမိတာကြောင့် ကူးစက်ခံရနိုင်ပါတယ်။

    ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဖြစ်နိုင်ခြေနည်းပေမယ့် အသည်းရောင် အသားဝါရောဂါပိုးတွေလိုမျိုး ချွေးကနေတဆင့် ကူးစက်တဲ့ရောဂါတွေကိုလည်း ကူးစက်ခံရနိုင်သလို တီဘီလိုမျိုးလေထဲကနေတဆင့် ကူးစက်တဲ့ရောဂါမျိုးတွေလည်း ကူးစက်ခံရနိုင်ပါသေးတယ်။

    ဒီတော့ Gym မှာ အားကစားလုပ်သူတွေအနေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း စနစ်တကျလိုက်နာပေးကြပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement