brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး
အဆင်အသွေးလည်းလှ၊ ရနံလေးလည်း သင်းပြီး ချစ်စရာ ကောင်းလွန်းတဲ့ ယုဇနပန်း လေးတွေကို နေအိမ်မှ အလှစိုက် ထားလေ့ရှိကြတယ်နော်။ ယုဇနပန်းလေးရဲ့ အနံ့ မွှေးမွှေးလေးက ရာသီဥတု အေးအေးလေးမှာဆို သင်းသင်းလေးနဲ့ စိတ်ထဲတော်တော်လေး ကြည်နူးစရာ ကောင်းစေပါတယ်။ ဒီ ပန်းလှလှလေးက ကျန်းမာရေးကို ဘယ်လိုများ အားဖြည့်ပေးသလဲ………

ယုဇနပန်း နဲ့ ကျန်းမာရေး

အပွင့်ဖြူဖြူ အဝါရောင် ဝတ်ဆံ အနံ့ မွှေးမွှေးလေးတွေရှိတဲ့ ယုဇနပန်း လေးက

အသားအရေ ချောမွတ်စေတယ်

ယုဇနပန်း ပွင့်ချပ်လေးတွေကို ရေစင်အောင်ဆေးလို့ ပန်းကန်လုံး တစ်လုံးစာကို ရေနဲ့ရောလို့ အနှစ်ရအောင် ကြိတ်ပါ။ ရလာတဲ့ အနှစ်ကို အရေပြားပေါ်ကို လိမ်းပေးပြီး ခြောက်သွားရင် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။

ပုံမှန်လုပ်ပေးရင် အသားအရေ ချောမွတ်စေမှာပါ။

သွားကိုက်တာကို သက်သာစေတယ်

ယုဇနပန်း ရဲ့ အဆီအနှစ်က သွားကိုက်တာကို သက်သာစေနိုင်ပါတယ်။ ယုဇနပန်းကို ရေစင်အောင်ဆေးလို့ မီးနွေးနွေးလေးနဲ့ အပူပေးပါ။ ရလာတဲ့ အဆီကို နာနေတဲ့ သွားပိုးပေါက်ထဲကို ထည့်ပေးတာ ဒါမှမဟုတ် သွားဖုံးကို လိမ်းပေးတာက သွားကိုက်သွားနာတာကို သက်သာစေမှာပါ။

မွေးကျွတ်နာကို သက်သာစေတယ်

ရေစင်အောင် ဆေးပြီး အခြောက်ခံထားတဲ့ ယုဇနပင် အမြစ်ကို သေးသေးလေးတွေ ခုတ်ပါ။ ပြီးရင် ရေဆူဆူထဲ ၃ ခွက် ၁ ခွက်တင် ပြုတ်ပြီး ရလာတဲ့ အရည်ကို အနာကို ဆေးကြော သန့်စင်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်လောက် လုပ်ပေးပါ။

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

ယုဇနပင် အရွက်ကို လက်တစ်ဆုပ်စာဆေးပြီး လက်နဲ့ ခြေပါ။ ပြီးရင် ရေတစ်ခွက်ထည့်ပြီး စိမ်ထားပါ။ ပြီးရင်ယုဇနပင် အရွက်ဖတ်တွေကို စစ်ပြီး အရည်ကို သောက်သုံးမယ်ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ မနက်ခင်း နိုးနိုးချင်း သောက်ပေးရုံပါ။

ရာသီလာစဉ် နာကျင်တာကို သက်သာစေနိုင်တယ်

ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ ရေနွေးဆူဆူထဲကို ရေစင်အောင်ဆေးထားတဲ့ ယုဇနပင် အရွက် အနည်းငယ် ချင်း (ဂျင်း) နည်းနည်းတို့ ထည့်ပြီး စိမ်သောက်ပေးလို့ရပါတယ်။

အဆစ်နာတာကို သက်သာစေတယ်

အဆစ်တွေ နာနေမယ်ဆိုရင် ယုဇနပင် အမြစ်ကို ရေနွေး ဆူဆူထဲ ထည့်ပြုတ်လို့ ရလာတဲ့ ရေနွေးကို ဇလုံတစ်ခုထဲထည့်ပြီ ခပ်နွေးနွေးမှာ အဆစ်နာနေတဲ့ နေရာကို စိမ်ပေးလို့ရပါတယ်။ ရေနွေးဝတ် ကပ်ပေးလို့လည်း ရပါတယ်။

ခံတွင်းအနာကို သက်သာစေနိုင်တယ်

ရေစင်အောင် ဆေးထားတဲ့ ယုဇနပင် အမြစ်ကို ရေနွေး ဆူဆူထဲ ထည့်ပြုတ်ပါ။ ရလာတဲ့ အရည်ကို ခပ်နွေးနွေးမှာ ပလုတ်ကျင်း ပေးပါ။ ပုံမှန် လုပ်ပေးမယ်ဆိုရင် ခံတွင်း အနာကို သိသိသာသာ သက်သာစေမှာပါ။

ဘာတွေ သတိထားရမလဲ

ယုဇနပန်းနဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။ လူတိုင်းနဲ့ တည့်မတည့်ဆိုတာလည်း ရှိသေးတဲ့အတွက် အထက်ပါ လက္ခဏာတွေခံစားနေရရင် တတ်ကျွမ်းသူထံမှာ ကုသမှုခံယူတာက အကောင်းဆုံးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/05/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။