backup og meta

နှလုံးကို ထိခိုက်စေမယ် လို့ ထင်မထားမိတဲ့ အရာတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးကို ထိခိုက်စေမယ် လို့ ထင်မထားမိတဲ့ အရာတွေ

    နှလုံး ကျန်းမာဖို့ ဘာတွေ သတိထားရမလဲ သိလား။ အဆီများတာ တွေ စားပြီး သွေးတွင်းအဆီဓာတ် များတာ၊ လှုပ်ရှားမှု နည်းတာ နဲ့ စိတ်ဖိစီးမှု စတဲ့ အရာတွေကို နှလုံးကျန်းမာရေး အတွက် မကောင်းတဲ့ အကြောင်းရင်းတွေ လို့ သိထားကြတယ်။ ဒါပေမယ့် နောက်ထပ်ရော ကိုယ်ထင်မထားတဲ့ ဘယ်အရာတွေက နှလုံးကို ထိခိုက်စေမယ် ဆိုတာ မသိချင်ဘူးလား…

    နှလုံးကို ထိခိုက်စေမယ် လို့ ထင်မထားမိတဲ့ အရာများ

    (၁) သွား ပြဿနာများ

    သွားကျန်းမာရေး ကို ဂရုမစိုက်ရင် ဖြစ်လာမယ့် ထိခိုက်လာမယ့် အကျိုးဆက်က ခံတွင်းကျန်းမာရေး တစ်ခုတည်း မဟုတ်ပါဘူးနော်။ သွားဖုံးရောဂါ ရှိသူ တွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများတယ် လို့ သိရပါတယ်။

    မကျန်းမာတဲ့ သွားဖုံးကနေ ဝင်ရောက်တဲ့ ဘက်တီးရီးယားက သွေးလည်ပတ်မှု ထဲ ရောက်ရှိသွားပြီး သွေးကြောတွေကို ရောင်ရမ်းစေတာ အပါအဝင် တခြားနှလုံးပြဿနာ တွေကို ဖြစ်စေတယ် လို့ ပညာရှင်တွေက ယူဆကြပါတယ်။

    (၂) အလုပ်ဆိုင်း မမှန်တာ

    ညဆိုင်းအလုပ်တွေ လုပ်တာ ဒါမှမဟုတ် အလုပ်ချိန် ပုံမှန်မရှိတာက နှလုံးအမောဖောက်နိုင်ခြေ ပိုများစေတယ်လို့ သုတေသနတွေက ဆိုပါတယ်။

    အလုပ်ဆိုင်းတွေ မမှန်တာက ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းဇီဝနာရီကို မကောင်းတဲ့ ထိခိုက်မှုတွေ ဖြစ်စေပြီး နှလုံးကို ထိခိုက်စေတယ်။

    (၃) ကားပိတ်တာ

    ကားတွေ ပိတ်လို့ ထိခိုက်ရတာ သွားရလာရ နောက်ကျတာ လောက်ပဲ မဟုတ်ပါဘူး။ စိတ်ဖိစီးရ၊ ပူပန်ရ၊ ဒေါသထွက်ရတဲ့ စိတ်ပင်ပန်းမှုကြောင့် လူ့ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

    ကားပိတ်တဲ့ ကြားမှာ တစ်နာရီ ကြာနေပြီ ဆိုရင် နှလုံး ရုတ်တရက် အမောဖောက်နိုင်ခြေ ပိုများတယ် လို့ သုတေသနတွေက ဖော်ပြထားပါတယ်။ ဆူညံသံတွေ ကြောင့်လည်း နှလုံးရောဂါကို ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။

    (၄) သွေးဆုံးချိန် စောတာ

    အမျိုးသမီးတစ်ယောက်က  အသက် ၄၆ နှစ် မတိုင်ခင် သွေးဆုံးတဲ့အခါ နှလုံး ရုတ်တရက် အမောဖောက်နိုင်ခြေ သို့မဟုတ် လေဖြတ်နိုင်ခြေ နှစ်ဆပိုများနိုင်ပါတယ်။

    ဒီကိစ္စမှာ အက်စထရိုဂျင် ဟော်မုန်း ကျဆင်းမှုက အဓိကကျတာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သွေးဆုံးချိန်စောတဲ့ အမျိုးသမီးတွေဟာ သွေးတွင်းကိုလက်စထရောများတာလိုမျိုး နှလုံးရောဂါ ဖြစ်နိုင်ခြေ အန္တရာယ်တွေကို ပိုဂရုစိုက် ရှောင်ဖို့ လိုပါတယ်။

    (၅) ဟောက်တတ်တာ

    ညအိပ်ချိန် ဟောက်တတ်တဲ့ သူတွေဟာ အိပ်ပျော်စဉ် အသက်ရှူ ခေတ္တရပ်စေတဲ့ ရောဂါ ရှိနေနိုင်ပါတယ်။ အသက်ရှူလမ်း‌ကြောင်းမှာ တစ်စိတ်တစ်ပိုင်း ပိတ်ဆို့နေပြီး အသက်ရှူ ခဏ ရပ် ရပ် သွားတာ ဖြစ်ပါတယ်။

    ဒီရောဂါက သွေးတိုးခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ လေဖြတ်ခြင်း ၊ နှလုံးရပ်ခြင်း တို့နဲ့ ဆက်နွှယ်နေပါတယ်။ အရမ်း ဟောက်တတ်တဲ့သူတွေ အနေနဲ့ ဆရာဝန် ပြပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ နေထိုင်မှုပုံစံ ပြောင်းလဲတာတွေ လုပ်သင့်ပါတယ်။

    (၆) အသည်းရောင် စီရောဂါ

    ကိုယ့်မှာ အသည်းရောင် စီရောဂါ ရှိနေတယ် ဆိုရင် သူများထက် ပိုပြီး ကိုလက်စထရော နည်းတာ ၊ သွေးဖိအား ကျတာ ဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမယ့် ဒါတောင်မှ နှလုံးရောဂါ အန္တရာယ် ရှိနေပါသေးတယ် တဲ့။

    အသည်းရောင် စီပိုးက နှလုံး အပါအဝင် ခန္ဓာကိုယ်ရဲ့ ဆဲလ်နဲ့ တစ်ရှူးတွေကို ရောင်ရမ်း စေနိုင်တာ ကြောင့် ဖြစ်မယ် လို့ သုတေသီ တွေက ပြောပါတယ်။

    (၇) အိပ်ရေး မဝတာ

    တစ်ညကို အိပ်ချိန် ၆ နာရီ တောင် မပြည့်ရင် သွေးတိုးနဲ့ ကိုလက်စထရော မြင့်ဖို့ ဖြစ်နိုင်ခြေ များပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် အဝလွန်နိုင်ခြေ ပိုများပြီး ဆီးချိုလည်း ဖြစ်လာနိုင်ပါတယ်။

    အဲဒီကနေ နှလုံး ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် အိပ်စက်ချိန် ၉ နာရီထက် ကျော်သွားပြန်ရင်တော့ ဆိုးကျိုးတွေ ရှိနိုင်သေးတာမို့ ညအိပ်ချိန်ကို ၆ နာရီနဲ့ ၉ နာရီကြား ရှိအောင် ထိန်းထားသင့်ပါတယ်။

    (၈) စိတ် မပေါ့ပါးတာ

    စိတ်ခံစားချက် နဲ့ပတ်သက်တဲ့ ပြဿနာတွေက အများကြီး ရှိသလို လူတစ်ယောက်နဲ့ တစ်ယောက်မှာလည်း မတူကြပါဘူး။ အထီးကျန်စိတ်ကို ခံစားနေရတဲ့သူတွေ၊ အိမ်ထောင်ရေး အဆင်မပြေသူတွေ၊ စိတ်ဖိစီးလေးလံနေသူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။

    (၉) ဗိုက် အဆီများနေတာ

    ကိုယ်အလေးချိန် များနေတာကလည်း နှလုံးကို ထိခိုက်စေပါတယ်။ ဒါပေမယ့် ဗိုက်အဆီ များနေတာက ပိုပြီး အန္တရာယ်ရှိပါတယ်။ ဗိုက်အဆီကြောင့် ခန္ဓာကိုယ်မှာ ဟော်မုန်းတွေနဲ့ တခြား ဓာတုပစ္စည်းတွေကို ပိုထွက်ရှိစေပါတယ်။ အဲဒီကနေ သွေးတိုးမြင့်စေတာ၊ သွေးကြောတွေကို သက်ရောက်မှုမကောင်းတာ၊ ကိုလက်စထရော မြင့်တက်တာတွေ ဖြစ်လာစေနိုင်တယ်။

    (၁၀) အထိုင်များတာ

    အထိုင်များတဲ့ သူတွေမှာ သွေးတိုး၊ အဝလွန် ဖြစ်နိုင်ခြေ အပြင် နှလုံးရောဂါ အန္တရာယ် စိုးရိမ်ရပါတယ်။ တီဗီရှေ့ သို့မဟုတ် ကွန်ပျူတာ၊ ဖုန်းနဲ့ အချိန်ကြာကြာ ကုန်ဆုံးတတ်သူတွေက တစ်နာရီပိုထိုင်တိုင်းမှာ ဒီရောဂါအန္တရာယ်တွေ ၂၀ ရာခိုင်နှုန်း နီးပါး ပိုများစေနိုင်ပါတယ်။

    (၁၁) တစ်ခါတည်းနဲ့ လေ့ကျင့်ခန်း အများကြီးလုပ်တာ

    ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ  လုပ်တာ နှလုံး အတွက် ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်က ဝနေသူ ဒါမှမဟုတ် တစ်ခါတလေမှ လေ့ကျင့်ခန်းလုပ်တတ်သူ ဆိုရင်တော့ ဖြည်းဖြည်းချင်းပဲ စတင်သင့်ပါတယ်။ စစချင်းမှာပဲ လေ့ကျင့်ခန်းကို ပြင်းပြင်းလုပ်မယ်၊ ကြာကြာလုပ်မယ်ဆိုရင် နှလုံးထိခိုက်နိုင်တဲ့အပြင် တခြားရောဂါပြဿနာတွေ ရှိလာနိုင်တယ်လို့ သုတေသနတွေက ပြောပါတယ်။

    ဒါ့ကြောင့် အလေ့အကျင့်မရှိသေးသူ တွေဟာ လမ်းလျှောက်ထွက်တာ လောက်နဲ့ အစပြုသင့်ပါတယ်။ နောက်မှ တစ်ဆင့်ချင်း ဖြည်းဖြည်းရှေ့တိုးတာ အကောင်းဆုံးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement