backup og meta

သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

    သင့်တော်မျှတတဲ့ သက်သတ်လွတ်စားသောက်ပုံဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူး ဖြစ်စေပါတယ်။ ကိုယ်အလေးချိန် ထိန်းနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်တဲ့ အယူအဆအလွဲတချို့ကို အမှန်အတိုင်းသိရှိမှ စားသင့်မစားသင့်ဆုံးဖြတ်ရာမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်တဲ့ အယူအဆအလွဲတချို့ ဖြစ်ပါတယ်။

    ၁။ သက်သတ်လွတ်အစားအစာဆိုသည်နှင့် ကျန်းမာရေးနှင့် ညီညွတ်ပြီးသားဟု ယူဆခြင်း

    သက်သတ်လွတ်စားသူဆိုတာနဲ့ ကျန်းမာရေးကောင်းသူလို့ ယူဆလိုက်တာတွေ ရှိပါတယ်။ အမှန်တော့ ဘာစားသလဲ၊ စားလိုက်တဲ့ အစာမှာ ဘာတွေပါဝင်သလဲဆိုတာကလည်း အရေးကြီးပါတယ်။ ဥပမာ ပဲပိစပ်နဲ့ ပြုလုပ်ထားတဲ့ သက်သတ်လွတ်ဟမ်ဘာဂါမှာ အဆင့်ဆင့်ပြုပြင်ထားတဲ့ ပစ္စည်းတွေပါဝင်ပြီး ကယ်လိုရီလည်း များပါတယ်။ သက်သတ်လွတ်စားတယ်ဆိုပေမယ့် ကယ်လိုရီနည်းပါးပြီး ဗီတာမင်နဲ့ အာဟာရဓာတ်တွေ မျှတအောင် စားသုံးနိုင်မှသာ ကျန်းမာရေးအတွက် အထောက်အကူပြုမှာ ဖြစ်ပါတယ်။

    ၂။ သက်သတ်လွတ်စားလျှင် ဗီတာမင် B12 ချို့တဲ့သည်ဟု ယူဆခြင်း

    ဗီတာမင် B12 ဟာ သွေးနီဥဆဲလ်များထုတ်လုပ်ခြင်း၊ မျိုးရိုးဗီဇ ဒီအန်အေဖွဲ့စည်းခြင်း နဲ့ တခြားအရေးကြီးလုပ်ငန်းတာဝန်များစွာ ထမ်းဆောင်ပေးပါတယ်။ ဗီတာမင် B12 ကို အသားငါး၊ ကြက်ဘဲ၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေကနေ ရရှိပါတယ်။ ဒါကြောင့် အသားမစားသူတွေမှာ ဗီတာမင် B12 ချို့တဲ့ခြင်း ဖြစ်နိုင်ခြေများပါတယ်။ ဒါပေမယ့် ဗီတာမင် B12 အားဖြည့်ထုတ်လုပ်ထားတဲ့ သက်သတ်လွတ်စားစရာတွေ ရှိသလို အားဆေးအနေနဲ့လည်း သောက်သုံးနိုင်ပါသေးတယ်။

    ၃။ အသားနေရာတွင် ဒိန်ခဲအစားထိုးနိုင်သည်ဟု ယူဆခြင်း

    သက်သတ်လွတ်စားသူများဟာ အသားနေရာမှာ ဒိန်ခဲကို အစားထိုးပြီး စားသုံးတတ်ကြပါတယ်။ ဥပမာ ဆန်းဒဝစ်ချ်ပြုလုပ်ရာမှာ အသားအစား ဒိန်ခဲညှပ်စားသုံးခြင်း ဖြစ်ပါတယ်။ ဒိန်ခဲမှာ ပရိုတိန်းအပြင် ဗီတာမင်တွေလည်း များစွာပါဝင်ပါတယ်။ ဒါပေမယ့် အသားမှာပါဝင်တဲ့ အာဟာရဓာတ်တွေကိုတော့ ပြည့်မီခြင်း မရှိနိုင်ပါဘူး။ ဥပမာ အမဲသားတစ်အောင်စမှာ ပါဝင်တဲ့ သံဓာတ်နဲ့ ဇင့်ဓာတ်ဟာ ဒိန်ခဲမှာပါဝင်တဲ့ သံဓာတ်နဲ့ ဇင့်ပမာဏထက် လေးဆပိုများပါတယ်။ ဒါကြောင့် အသားမစားသူများအနေနဲ့ ပရိုတိန်းဓာတ်ပိုပြိး ရရှိအောင် ပဲအမျိုးမျိုးကို ပိုမိုစားသုံးသင့်ပါတယ်။

    ၄။ ကယ်လ်လိုရီနည်းအောင်စားလျှင်ကောင်းသည်ဟုယူဆပြီး သက်သတ်လွတ်စားခြင်း

    သက်သတ်လွတ်စားသူများဟာ အစားအသောက်အတော်များများကို ရှောင်ရှားရတဲ့အတွက် ကယ်လိုရီများတဲ့ အစာတွေကို ရှောင်ပြီးသားဖြစ်သွားပါတယ်။ သုတေသနတွေအရ သက်သတ်လွတ်စားသူများရဲ့ တစ်နေ့တာ ကယ်လိုရီ ပမာဏဟာ ပုံမှန်စားသောက်သူများထက် ၆၀၀ ခန့် လျော့နည်းကြောင်း သိရပါတယ်။ ဒီအချက်ဟာ ယေဘုယျအားဖြင့်တော့ ကျန်းမာရေးအတွက်ကောင်းတယ်လို့ ယူဆစရာပါပဲ။ ဒါပေမယ့် ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လုပ်ဆောင်နိုင်ဖို့ ကယ်လိုရီကို စွမ်းအင်အနေနဲ့ လိုအပ်ပါသေးတယ်။ ကယ်လိုရီနည်းပါးလွန်းရင်လည်း မောပန်းနွမ်းနယ်ခြင်း၊ ဇီဝဖြစ်ပျက်မှုများ နှေးကွေးခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံနိုင်ပါသေးတယ်။

    ၅။ သံဓာတ်အတွက် ပူစရာမလိုဟု ယူဆခြင်း

    ဟင်းသီးဟင်းရွက်များမှာလည်း သံဓာတ်ပါဝင်တာမို့ အသားစားသူများနည်းတူ သံဓာတ်ကို လုံလောက်စွာ ရရှိနိုင်မယ်လို့ ယူဆကြပါတယ်။ ယေဘုယျအားဖြင့် မှန်ကန်ပေမယ့် အသားမှာပါတဲ့ သံဓာတ်ဟာ heme အမျိုးအစားဖြစ်ပြီး အသီးအရွက်မှာပါဝင်တဲ့ သံဓာတ်ဟာ non-heme အမျိုးအစားဖြစ်ပါတယ်။ heme သံဓာတ်ကို ကိုယ်ခန္ဓာကနေ အလွယ်တကူစုပ်ယူနိုင်ပေမယ့် အပင်များကရတဲ့ non-heme ကိုတော့ အလွယ်တကူ မစုပ်ယူနိုင်ပါဘူး။ ဒါကြောင့် အသီးအရွက်ပဲစားသူများဟာ သံဓာတ်ကို ပိုမိုရရှိအောင် ဂရုပြုစားသုံးဖို့ လိုပါတယ်။ သံဓာတ်အားဖြည့်ထားတဲ့ သက်သတ်လွတ်စားစရာတွေစားတဲ့အပြင် သံဓာတ်စုပ်ယူမှု ပိုမိုအားကောင်းအောင် ဗီတာမင် C သောက်သုံးသင့်ပါတယ်။

    ၆။ သက်သတ်လွတ်စားခြင်းကြောင့် Omega 3 အလုံအလောက်မရရှိနိုင်ဟု ယူဆခြင်း

    Omega 3 ဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဆီဓာတ်တစ်မျိုးဖြစ်ပြီး အဆီဓာတ်များတဲ့ ငါးတွေမှာ တွေ့ရှိနိုင်ပါတယ်။ အသားမစားသူများအနေနဲ့ Omega 3 ရရှိနိုင်မှုနည်းတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ချီယာစေ့၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့ စတာတွေမှာလည်း Omega 3 ကြွယ်ဝတာမို့ သက်သတ်လွတ်စားသူတွေမှာလည်း Omaga 3 ကို အသားစားသူများနည်းတူ ရရှိနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement