backup og meta

ဒိုးနတ် စားသင့် မစားသင့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒိုးနတ် စားသင့် မစားသင့်

    ဒိုးနတ် (Doughnut/Donut) လို့ပြောလိုက်ရင် ချိုမြိန်ပြီး ဆွဲဆောင်မှုရှိတဲ့ အရသာမျိုးပေးစွမ်းနိုင်တဲ့ ဂျုံမုန့်ဝိုင်းတစ်မျိုးကို ပြေးမြင်မိကြမယ်ထင်ပါတယ်။ ဒိုးနတ်တွေဟာ ဒီကနေ့ခေတ်မှာ လူကြိုက်များတဲ့ အစားအစာတစ်မျိုးဖြစ်ပြီးတော့ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ မုန့်အချိုတစ်မျိုးအဖြစ်လည်း ညွှန်းဆိုခံရလေ့ရှိပါတယ်။

    ၁၉ ရာစုအစောပိုင်းကာလတွေမှာ စတင်ပေါ်ထွက်လာတဲ့ ဒိုးနတ်တွေဟာ အမေရိကန်ယဉ်ကျေးမှုရဲ့ သရုပ်သကန်တစ်ခုအဖြစ် မှတ်ယူခံရပါတယ်။ ချိုချိုရဲရဲ ဝိုင်းဝိုင်းစက်စက် ဒီမုန့်တွေဟာ ပထမကမ္ဘာစစ်နဲ့အတူ ဥရောပမြေကို ခြေချလာခဲ့တာဖြစ်ပြီးတော့ ခုချိန်မှာတော့ ကမ္ဘာတစ်လွှား လူကြိုက်အများဆုံး အစားအစာတစ်မျိုးဖြစ်လို့နေပါပြီ။

    ကမ္ဘာပေါ်မှာ ဒိုးနတ်ကို အကြိုက်ဆုံး တိုင်းပြည်ကတော့ အမေရိကန်ပြည်ထောင်စုဖြစ်ပေမယ့် နိုင်ငံအလိုက် အစားဆုံးတိုင်းပြည်ကတော့ ကနေဒါပါ။ ကော်ဖီနို့ စတာတွေနဲ့ တွဲဖက်သုံးဆောင်ကြတာဟာ ဒိုးနတ်စားသုံးမှုရဲ့ ဖက်ရှင်တစ်ခုဖြစ်ပြီးတော့ ဒီမုန့်တွေဟာ သမားရိုးကျ ကိတ်မုန့်တွေကို ခွဲထွက်လာတဲ့ မျိုးကွဲတစ်မျိုးဖြစ်ပါတယ်။

    သကြားပါဝင်မှုများပြီး ချောကလက်၊ cinnamon ၊ sprinkles အမှုန်လေးတွေနဲ့ သစ်သီးအရသာတွေ ဖြည့်စွက်ထားတဲ့ ဒိုးနတ်မုန့်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိပဲ ကိုယ်အလေးချိန်တိုးစေနိုင်တယ်လို့ အမြဲ ဝေဖန်ခံရလေ့ရှိပါတယ်။

    တကယ်တမ်းမှာတော့ ကြိုက်နှစ်သက်သူတွေက ဆက်လက်စားသုံးနေမြဲဖြစ်ပြီး ဒိုးနတ်စားသုံးမှုနှုန်း ကျဆင်းလာခြင်းမရှိတာက ဒီအချက်ကို ထောက်ပြနေပါတယ်။

    ဒိုးနတ်စားရင် ဝမှာလား

    ဒိုးနတ်စားရင် ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ဝလိမ့်မယ်လို့ လူအတော်များများပြောတတ်ကြပါတယ်။ ဘာကြောင့် ဝတာလဲ၊ တကယ် ဝစေတာလားဆိုတာကို သိထားဖို့ လိုအပ်မယ်ထင်ပါတယ်။

    ဒိုးနတ်တွေမှာ thiamine ၊ riboflavin နဲ့ niacin လို ဓာတုဒြပ်ပေါင်းတွေ ပါရှိနေပါတယ်။ တစ်ဖက်မှာလည်း fiber လို လူကိုအကျိုးပြုတဲ့ ဓာတ်တွေလည်း ပါဝင်နေပြန်ပါတယ်။ သကြားဓာတ်ပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန် တိုးစေနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒိုးနတ်ကို အလွန်အကျွံစားသောက်ရင် ကိုယ်အလေးချိန် သိသိသာသာတိုးလာမှာဖြစ်ပါတယ်။

    ဒိုးနတ်ဖန်တီးရာမှာ ဂျုံမှုန့်အပြင် သကြားအများအပြား၊ ပြန်လည်ပြုပြင်ထားတဲ့ အရသာမှုန့်တွေနဲ့ ပြည့်ဝဆီတွေ ပါဝင်နေပါတယ်။ ဒါကြောင့် ဒိုးနတ်တွေဟာ ကယ်လိုရီပါဝင်မှု များပြားပါတယ်။ ပုံမှန်အရွယ်အစား ဒိုးနတ်တစ်ခုမှာတင် ကယ်လိုရီ ၂၀၀ နဲ့အထက် ပါဝင်ပြီး အဆာပလာများရင်များသလို ကယ်လိုရီ ၃၀၀ ဝန်းကျင်အထိ မြင့်တက်လာနိုင်ပါတယ်။ ဒီလိုအချက်တွေကြောင့် အလွန်ကျွံစားသုံးရင် ဝစေတာပါ။

    ဒါပေမယ့် ကျန်းမာရေးလမ်းညွှန်ချက်တွေမှာတော့ ဒိုးနတ်တွေကို လုံးဝမစားရဘူးလို့ တားမြစ်ထားတာမျိုးမရှိပါဘူး။ ကိုယ့်မှာရှိနေတဲ့ ကိုယ်အလေးချိန်နဲ့ ကိုက်ညီပြီး သင့်လျော်ရုံစားသုံးဖို့သာ လမ်းညွှန်ထားကြပါတယ်။

    ဒိုးနတ်တွေဟာ ဆီးချို၊ သွေးချိုသမားတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါသည်တွေနဲ့ ကိုက်ညီမှုမရှိတာကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။ ဒိုးနတ်တွေဟာ သွားရည်စာမုန့်ဖြစ်တာမို့ ကော်ဖီစတာတွေနဲ့ တွဲဖက်ပြီး တော်ရုံသင့်ရုံသာ စားပေးသင့်တဲ့ မုန့်မျိုးဖြစ်ပါတယ်။

    ဒိုးနတ်စားလို့ အကျိုးရှိမှာလား

    ဒီမုန့်တွေကို အလွန်အကျူး စားတာမျိုးက ကိုယ်အလေးချိန် တက်စေဖို့ လမ်းစဖြစ်တာ မှန်ပေမယ့် တော်ရုံသင့်ရုံစားပေးတာကလည်း စိတ်ကျေနပ်တဲ့ ခံစားမှုမျိုးရစေတယ်လို့ စစ်တမ်းတွေကဆိုကြပါတယ်။ ဒါကြောင့် ဒိုးနတ်စားတာဟာ မကောင်းဘူးလို့ချည်း ယတိပြတ်မယူဆထားစေချင်ပါဘူး။ အရာရာက တန်ဆေး လွန်ဘေးဖြစ်ပါတယ်။ ဒိုးနတ်စားခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရှိနေပါသေးတာကို သတိထားစေချင်ပါတယ်။

    ဒါတွေကတော့ –

    • စွဲမက်ဖွယ် အရသာ ရှိတာ
    • ကော်ဖီနဲ့ တွဲဖက်စားသုံးရင် လန်းဆန်းစေပြီး မှတ်ဉာဏ်စနစ်ကို ကောင်းမွန်စေတာ
    • စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေတာ
    • ကလေးသူငယ်တွေ နှစ်ခြိုက်ကြတာ
    • ဝိတ်ချနေသူတွေ Routine ထားပြီး စားပေးရင်း စိတ်ကျေနပ်မှုပေးစွမ်းနိုင်တာ
    • စိတ်ဓာတ် တက်ကြွမှုပေးတာ
    • မနက်စာအဖြစ် မှီဝဲရင် အဆာခံတာ
    • တစ်နေ့ကို ၃ ခု ဝန်းကျင်မှီဝဲရင် တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီကိုဖြည့်ဆည်းပေးနိုင်တာ စတဲ့ အကျိုးရလဒ်တွေပါပဲ။

    ဒိုးနတ်ကို အစောပိုင်းခေတ်တွေတုန်းကတော့ “oily cakes” လို့ ခေါ်ခဲ့ကြဖူးပါတယ်။ ကိတ်မုန့်ဖန်တီးတာထက် ပိုပြီး အဆီများများနဲ့ ဖန်တီးထားတာကြောင့်ဖြစ်ပါတယ်။ ဒီလို အဆီတွေ သကြားတွေများတာမို့ ဝိတ်ချသူတွေရဲ့ မျက်မုန်းကျိုးစရာ မုန့်တစ်မျိုးဖြစ်လာခဲ့တာပါ။

    တစ်ဖက်မှာလဲ ဒိုးနတ်မုန့်တွေဟာ တစ်ကမ္ဘာလုံးနှစ်သက်ရတဲ့ သွားရည်စာမုန့်တစ်မျိုးဖြစ်နေဆဲပါ။ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတဲ့ သက်သေပြချက်တွေက နေ့စဉ်နဲ့အမျှ ပေါ်ထွက်လို့လာနေသလို ကြိုက်နှစ်သက်သူတွေအတွက်ကျတော့လည်း စွဲမက်စရာ အစားအစာတစ်မျိုးဖြစ်နေပါသေးတယ်။

    အထက်မှာ ပြောပြခဲ့သလိုပဲ တန်ဆေး လွန်ဘေးသာဖြစ်ပါတယ်။ ဘယ်အစားအစာမဆို သင့်တင့်လျောက်ပတ်စွာစားသောက်တာက ကျန်းမာရေးအတွက် အကောင်းဆုံး နည်းလမ်းဆိုတာကို မမေ့လျော့ကြစေချင်ပါဘူး။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement