backup og meta

ပန်းဂေါ်ဖီစားသုံးခြင်း၏ အကျိုးကျေးဇူးများ


Dr. Thant Zin မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းဂေါ်ဖီစားသုံးခြင်း၏ အကျိုးကျေးဇူးများ

    ပန်းဂေါ်ဖီဟာ အာဟာရဓာတ်အများအပြား ပါဝင်တဲ့ ကျန်းမာရေး အထောက်အကူပြု ဟင်းသီးဟင်းရွက်ပဲ ဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ နှလုံးရောဂါ၊ ကင်ဆာ စတာတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ ယခုဆောင်းပါးမှာ ပန်းဂေါ်ဖီရဲ့ ကျန်းမာရေးအတွက် အကျိုးပြုပုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    ၁။ အာဟာရဓာတ် များစွာ ပါဝင်ခြင်း

    ပန်းဂေါ်ဖီမှာ ကယ်လိုရီဓာတ်နည်းပါးပြီး ဗီတာမင်များစွာ ကြွယ်ဝပါတယ်။ သင်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် အားလုံးလိုလို ပန်းဂေါ်ဖီထဲမှာ ပါဝင်ပါတယ်။ ပန်းဂေါ်ဖီအစိမ်းတခွက်စာ (၁၂၈ ဂရမ်) မှာ ပါဝင်တဲ့ အာဟာရဓာတ်များကတော့

    – ကယ်လိုရီ။ ၂၅

    – အမျှင်ဓာတ်။ ၃ ဂရမ်

    – ဗီတာမင် C။ တစ်နေ့တာ လိုအပ်ချက်၏ ၇၇ ရာခိုင်နှုန်း

    – ဗီတာမင် K။ တစ်နေ့တာ လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်း

    – ဗီတာမင် B6။ တစ်နေ့တာ လိုအပ်ချက်၏ ၁၁ ရာခိုင်နှုန်း

    – ဖောလိတ်။ တစ်နေ့တာ လိုအပ်ချက်၏ ၁၄ ရာခိုင်နှုန်း

    – ပန်တိုသဲနစ်အက်ဆစ်။ တစ်နေ့တာ လိုအပ်ချက်၏ ၇ ရာခိုင်နှုန်း

    ပိုတက်ဆီယမ်။ တစ်နေ့တာ လိုအပ်ချက်၏ ၉ ရာခိုင်နှုန်း

    – မန်ဂနိစ်။ တစ်နေ့တာ လိုအပ်ချက်၏ ၈ ရာခိုင်နှုန်း

    – မဂ္ဂနီဆီယမ်။ တစ်နေ့တာ လိုအပ်ချက်၏ ၄ ရာခိုင်နှုန်း

    – ဖော့စဖရပ်စ်။ တစ်နေ့တာ လိုအပ်ချက်၏ ၄ ရာခိုင်နှုန်း

    ၂။ အမျှင်ဓာတ် ကြွယ်ဝခြင်း

    ပန်းဂေါ်ဖီဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပြီး တစ်နေ့တာ အမျှင်ဓာတ်လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အမျှင်ဓာတ်ဟာ အစာအိမ်အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေ ရှင်သန်ရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းမှုကို ကျဆင်းစေပါတယ်။ အမျှင်ဓာတ်ကို လုံလောက်စွာ စားခြင်းအားဖြင့် ဝမ်းချုပ်ခြင်း၊ အူရောင်ခြင်း၊ အူနံရံဘေး အိပ်ငယ်လေးများ ရောင်ရမ်းနာကျင်ခြင်း စတဲ့ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    ၃။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝခြင်း

    ပန်းဂေါ်ဖီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတာကြောင့် သင့်ခန္ဓာကိုယ်ရဲ့ဆဲလ်တွေအနေနဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးခြင်းမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ ပန်းဂေါ်ဖီမှာ glucosinolate နဲ့ isothiocyanate ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှစ်မျိုး ကြွယ်ဝပါတယ်။ အဆိုပါ ပစ္စည်းနှစ်မျိုးဟာ ကင်ဆာဆဲလ်တွေပြန့်ပွားခြင်းကို ဟန့်တားနိုငကြောင်း သိရပါတယ်။

    ဒါ့အပြင် ပန်းဂေါ်ဖီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝပါတယ်။ ကိုယ်ခံအားကို တိုးတက်စေပြီး နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

    ၄။ ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီခြင်း

    ပန်းဂေါ်ဖီမှာ ကယ်လိုရီပါဝင်မှုနည်းပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်မတိုးစေဘဲ များများစားနိုင်ပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာချေနှုန်းကို နှေးစေပြီး ဗိုက်ပြည့်စေတဲ့ ခံစားမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ကယ်လိုရီများတဲ့ အစားအစာတွေကို စားသုံးမိခြင်းကနေ ကာကွယ်ပေးပြီး ကိုယ်အလေးချိန် လျှော့ချခြင်းကို အထောက်အကူပြုပါတယ်။

    ၅။ ကိုလင်း (Choline) ကြွယ်ဝခြင်း

    ပန်းဂေါ်ဖီတစ်ခွက်စာမှာ ကိုလင်း ၄၅ မီလီဂရမ် ပါဝင်ပါတယ်။ ဒါဟာ အမျိုးသမီးများအတွက် တစ်နေ့တာ လိုအပ်ချက်ရဲ့ ၁၁ ရာခိုင်နှုန်းဖြစ်ပြီး အမျိုးသားများအတွက် ၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ကိုလင်းဟာ ကိုယ်ခန္ဓာအတွင်း ဆဲလ်အမြှေးပါးများ ခိုင်ခန့်စေခြင်း၊ DNA ဖွဲ့စည်းခြင်း၊ ဇီဝဖြစ်ပျက်မှုကို အထောက်အကူပြုခြင်း စတဲ့ အရေးကြီးတာဝန်တွေ ထမ်းဆောင်ပေးပါတယ်။

    ဦးနှောက်ဖွံ့ဖြိုးမှုမှာ ပါဝင်ပြီး အာရုံကြောလျှပ်ကူးပစ္စည်းတွေ ထုတ်လုပ်ရာမှာပါဝင်လို့ အာရုံကြောစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ အယ်လ်ဇိုင်းမားရောဂါလို အာရုံကြောပြဿနာတွေ၊ အသည်းနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို လျှော့ချပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement