backup og meta

ပုခုံးဆစ်လွဲ ခြင်းအတွက် ရှေးဦးသူနာပြုနည်းလမ်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပုခုံးဆစ်လွဲ ခြင်းအတွက် ရှေးဦးသူနာပြုနည်းလမ်း

    ပုခုံးဆိုတာ ခန္ဓာကိုယ်မှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တဲ့ အဆစ်တစ်ခုပါပဲ။ ဒီလို လှုပ်နိုင်တာကြောင့်ပဲ မကြာခဏဆိုသလို အဆစ်ချော်ထွက်တာမျိုး ဖြစ်တတ်ပါတယ်။ မတော်တဆ ထိခိုက်ဒဏ်ရာရလို့ပဲ ဖြစ်ဖြစ်၊ အားကစားလုပ်ရင်းပဲ ဖြစ်ဖြစ် ခိုက်မိတဲ့အခါ ပုခုံးဆစ်လွဲ တတ်ပါတယ်။ အဖြစ်လည်းများပါတယ်။  ဒါဆိုရင် ဒီလို အခြေအနေမျိုးမှာ ကိုယ့်အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ။ ဆေးရုံမရောက်ခင် စပ်ကြားမှာ ကိုယ့်အနေနဲ့ ဘယ်လိုများ ကူညီပေးလို့ရလဲဆိုတာ ပြောပြပေးပါမယ်။

    ပုခုံးဆစ်လွဲ တဲ့အခါ ခံစားရတဲ့ ဝေဒနာတွေကတော့

    • ပုခုံးက ပြင်းပြင်းထန်ထန်နာမယ်။
    • လက်မောင်း ဒါမှမဟုတ် ပုခုံးမှာ ရောင်ပြီး အညိုအမည်းစွဲနေမယ်။
    • လက်မောင်း အပါအဝင် လက်ဖျံ၊ လက်ချောင်းတွေထိ ထုံတာ၊ အားနည်းတာ ဖြစ်နေမယ်။
    • လက်လှုပ်လို့မရဘူး။
    • ပုခုံးတခြား လက်မောင်းတခြား ဖြစ်နေမယ်။
    • လက်မောင်းက ကြွက်သားတွေ တောင့်နေမယ်။

    ပုခုံးဆစ်လွဲ စေတယ့် အကြောင်းတွေကတော့

  •  အားကစားလုပ်ရင်း ထိခိုက်မိတာ
  • ကားတိုက်တာအပါအဝင် တခြားသော မတော်တဆထိခိုက်မှုတွေ
  •  ချော်လဲပြီး လက်မောင်းထိခိုက်တာ၊ လက်ထောက်ချော်လဲတာ
  • ဓာတ်လိုက်တာ၊ တက်တာ ပြင်းထန်တာကြောင့် ကြွက်သားတွေ ညှစ်ပြီး အဆစ်ပြုတ်ထွက်တာ
  • ပုခုံးဆစ်လွဲတာက အန္တရာယ်ရှိလား။

    ပုခုံးဆစ်လွဲတာက အခန့်မသင့်ရင်

    • ပုခုံးဆစ်ပတ်လည်မှာရှိတဲ့ ကြွက်သားတွေ၊ အရွတ်တွေ၊ အရွတ်တွဲတွေ ထိခိုက်တတ်ပါတယ်။
    • အာရုံကြောတွေ သွေးကြောတွေ ထိခိုက်တတ်ပါတယ်။
    • ပုခုံးဆစ်က မငြိမ်တော့ပါဘူး။ ဒီတော့ ခဏခဏ ပုခုံးဆစ်ပြန်ပြုတ်ဖို့  အခွင့်အရေးများပါတယ်။

    ရုတ်တရက် ပုခုံးဆစ်ပြုတ်နေတဲ့ လူနာနဲ့ ကြုံခဲ့ရင်

    အချင်းချင်း အားကစား လုပ်ရင်း တစ်ယောက်ယောက်ကများ ပုခုံးဆစ်ချော်ခဲ့ရင် သင့်အနေနဲ့

  • အရင်ဆုံး ပုခုံးဆစ်ကို ထပ်လှုပ်ရှားမှုမရှိအောင် ထိန်းထားပါ။
  • -လက်မောင်းကို သွားမလှုပ်ပါနဲ့။

    -လက်မောင်းနဲ့ ရင်ဘတ်ကြား (ချိုင်းကြား)မှာ ခေါင်းအုံးအပါး ဒါမှမဟုတ် စောင်ခေါက်လေး ခံထားပါ။ ဘာမှမရှိရင် အဝတ်ခေါက် ထူထူ (အင်္ကျီဖြစ်ဖြစ်) ခေါက်ပြီး ခံထားပါ။

    -ပြီးရင် ခန္ဓာကိုယ်နဲ့ လက်မောင်းကို အဝတ်တစ်ခုယူပြီး ပတ်လိုက်ပါ။ ကိုယ်နဲ့ ပူးချည်လိုက်တဲ့ သဘောပါ။ ဒါဆို သိပ်မလှုပ်နိုင်တော့ပါဘူး။

    -ဒါမှမဟုတ်လည်း လူနာခံနိုင်တယ်ဆိုရင် တံတောင်ဆစ်ကို ၉၀ဒီဂရီထားပြီး ကြိုးနဲ့ သိုင်းထားပါ။

    • အရောင်ကျစေဖို့အတွက်

    -ရောင်နေတဲ့ နေရာကို ရေခဲကပ်ပေးပါ။ တစ်ခါကပ်ရင် မိနစ် ၂၀နဲ့ တစ်ရက်ကို ၄ခါကနေ ၈ခါ ကပ်နိုင်ပါတယ်။

    -ရေခဲကို အရေပြားအပေါ် တိုက်ရိုက် မကပ်ပါနဲ့။ အဝတ်တစ်ခုခု ခံပြီး ကပ်တာက ပိုသင့်တော်ပါတယ်။

    • အပေါ်က နှစ်ခုကို လုပ်နေရင်း တစ်ချိန်တည်းမှာ ဆေးရုံကား ခေါ်တာမျိုး၊ ဆေးရုံသွားဖို့ ပြင်တာမျိုး လုပ်ရပါမယ်။

    သာမန်လူတစ်ယောက်အနေနဲ့ ဒီလို ကူညီလိုက်တာက တကယ်တမ်း ဆေးရုံမှာ ကုသဖို့ အထောက်အကူ အများကြီး ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement