backup og meta

ဆံသားကျန်းမာဖို့ ခေါင်းလျှော်ရည် အပျော့စားကို ရွေးချယ်တော့မယ်ဆိုရင်

ခေါင်းလျှော်ရည် အပျော့စားဆိုတာ ဘာလဲ။

သူ့ထဲမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ တခြားခေါင်းလျှော်ရည်တွေနဲ့ ယှဉ်လိုက်ရင် တော်တော်လေးကို ပျော့တယ်။ အဲ့တော့ ဆံသားနဲ့ ဦးရေပြားကိုလည်း အရမ်း မပျက်စီးစေနိုင်တော့ဘူးပေါ့။ ဦးရေပြား အမျိုးမျိုး၊ ဆံသားပြဿနာ ရှိသူတွေအတွက်ဆိုရင် တော်တော် အသုံးဝင်ပါတယ်။ တွေ့ကရာ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချလိုက်တာထက် ဒီလို မပြင်းတဲ့ ဆပ်ပြာနဲ့ လျှော်မယ်ဆိုရင်တော့ ရေရှည်မှာ ကိုယ့်ဆံသားနဲ့ ဦးရေပြားအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်မှာပါ။

ဘယ်လိုလူတွေအတွက် အသင့်လျော်ဆုံးလဲ။

• နေ့တိုင်းလိုလို ခေါင်းလျှော်တတ်တဲ့သူတွေ

• ဓာတ်ပစ္စည်း သို့မဟုတ် အပူဒဏ်ကြောင့် ပျက်စီးနေတဲ့ ဆံသားပိုင်ရှင်တွေ

• ခြောက်ပြီး ကြွပ်ဆတ်ဆတ် ဖြစ်နေတဲ့ ဆံပင်သားတွေ

• အရမ်း ပျော့လွန်းပြီး အထိခိုက် မခံနိုင်တဲ့ ဆံနွယ်မျိုးတွေ

ဗောက်အရမ်း ထတဲ့သူတွေ

• မကြာခဏ ဆံသား ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆံပင် ဆေးဆိုးလိုက် လုပ်တတ်သူတွေ

• ဆံပင် တော်တော် ကျွတ်တတ်တယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

ခေါင်းလျှော်ရည် အပျော့စားကို ဘယ်လိုရွေးချယ် ဝယ်ယူမလဲ။

များသောအားဖြင့် စတိုးဆိုင်တွေ၊ ဆေးဆိုင်တွေ၊ ဆံသားနဲ့ အရေပြား ဆေးခန်းတွေမှာ မေးမြန်းဝယ်ယူနိုင်ပါတယ်။ ဆံသား ဆရာဝန်ရဲ့ ခွင့်ပြုချက်မပါဘဲ ကိုယ့်ဘာသာ ဝယ်ချင်တယ်ဆိုတဲ့သူတွေအတွက် ခေါင်းလျှော်ရည်ဘူး ရဲ့ ပါဝင်ပစ္စည်း အညွှန်းမှာ

• Cocamidopropyl betaine

• Long-chain amino esters

• Ammonioesters

• Cetyltrimethylammonium chloride

• Polyoxyethylene fatty alcohols

• Polyoxyethylene sorbitol esters

• Alkanolamides

• Sodium lauraminopropionate စတဲ့ ဓာတ်ပစ္စည်း အချက်တွေကို ကြည့်ပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

နောက်ထပ် ဆံသားကို ပိုမို ချောမွေ့စေဖို့ ထပ်ဆောင်း ထည့်ပေးထားတဲ့ (ဓာတုပစ္စည်း မဟုတ်သော) သဘာဝပစ္စည်းတွေထဲမှာဆိုရင် သစ်ပင်ပန်းမန်က ထွက်တဲ့ အဆီအနှစ်တွေ၊ Shea Butter လို့ ခေါ်တဲ့ ထောပတ်ဆီတစ်မျိုး၊ Panthenol အစရှိတဲ့ ဆံသားအတွက် ဗီတာမင်အာဟာရဓာတ်တွေ၊ Glycerin လို့ ခေါ်တဲ့ အရေပြား ချောမွေ့စေတဲ့ ချောဆီလိုမျိုး၊ သံလွင်ဆီ အစရှိတဲ့ ဆီသန့်တွေကိုလည်း ထည့်သွင်းထားတတ်ပါတယ်။

ခေါင်းလျှော်ရည် အပျော့စား သုံးရခြင်းရဲ့ အကျိုးကျေးဇူးတွေ

၁။ ဆံသားခြောက်တဲ့ သူတွေအတွက် အရမ်းကောင်းပါတယ်။ ဦးရေပြားကို သန့်စင်စေသလို အစိုဓာတ်ကိုလည်း ထိန်းညှိပေးတယ်။ နဂို ဆံသားချောစေတဲ့ အဆီထွက်နည်းခြင်းကြောင့် ခေါင်းခဏခဏ လျှော်လို့လည်း ဒီ့ထက် ပိုခြောက်သွေ့တာမျိုး မဖြစ်စေပါဘူး။ ခေါင်းလျှော်ရည် အပျော့စား အသုံးပြုပြီးရင် ဆံသားကို ဒီ့ထက် ပိုပြီး ချောမွေ့တောက်ပြောင်သွားစေဖို့ Conditioner ပျော့ဆေး အသုံးပြုပေးရင် ပိုကောင်းပါတယ်။

၂။ ဆံပင်မကြာခဏ ကျွတ်တတ်တဲ့ သူတွေအတွကတော့ ဒီပြဿနာကို ရာနှုန်းပြည့် မကာကွယ်ပေးနိုင်ဘူးဆိုပေမယ့် ကျွတ်တဲ့ ဆံပင်အရေအတွက်ကို နည်းသွားအောင်တော့ ကူညီပေးနိုင်ပါတယ်။

၃။ ဆံသားကြမ်းတဲ့ သူတွေအတွက်လည်း အထူးကောင်းပါတယ်။ ခေါင်းလျှော်ရည်မှာ ဆံသားကို ထိခိုက်ပျက်စီးစေတဲ့ ဓာတုဗေဒ ပစ္စည်းအကြမ်းစားတွေ မပါဝင်တာကြောင့် စိတ်ချပြီး သုံးလို့ရပါတယ်။

၄။ ဦးရေပြား အဆီပြန်တဲ့သူတွေအတွက် ခေါင်းလျှော်ရည် အပျော့စားရော၊ အပြင်းစားပါ သုံးပေးနိုင်ပါတယ်။ ဒီလို ဦးရေပြား ပိုင်ရှင်တွေအတွက် အပြင်းစား သုံးပြီး ခေါင်းလျှော်လိုက်လို့ အရမ်းကြီး ထိခိုက်ပျက်စီးသွားတာမျိုး မဖြစ်စေပါဘူး။

၅။ ဆံပင်သား အရမ်းပါးတဲ့သူတွေဆိုရင် ခေါင်းလျှော်ရည် အပျော့စား အသုံးပြုခြင်းဖြင့် ဆံသားကျိုးတာ၊ ဆံပင်နှစ်ခွဖြစ်တာကို လျော့နည်းစေပြီး ဆံပင်ကို နဂိုအတိုင်း ပျော့ပျောင်းနူးညံ့စေနိုင်ပါတယ်။

၆။ မွေးရာပါ ဆံပင်ကောက်သူတွေ၊ သို့မဟုတ် ဆံပင်ကို မကြာခဏ အပူပေးပြီး ကောက်တဲ့သူတွေဆိုရင် ဦးရေပြားက တခြားသူတွေထက် ပိုခြောက်နေတတ်ပါတယ်။ ဒီလို ဆံသားပိုင်ရှင်တွေဆိုရင် ခေါင်းလျှော်ရည် အပျော့စား အသုံးပြုပေးခြင်းဖြင့် ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ပေးနိုင်ပါတယ်။ ခေါင်းကို နေ့တိုင်း မလျှော်ဖို့တော့ သတိထားပေးပါ။ ဆံပင် အရောင် ခဏခဏ ဆိုးတတ်တဲ့သူတွေအတွက်လည်း အတူတူပါပဲ။

၇။ ဗောက်ထတဲ့သူတွေဆိုရင် ခေါင်းလျှော်ရည် အပြင်းစားကို လုံးဝမသုံးသင့်ပါဘူး။

၈။ ငယ်သေးတဲ့ ကလေးတွေကို ခေါင်းလျှော်ပေးဖို့အတွက် ခေါင်းလျှော်ရည် အပျော့စားကို အသုံးပြုခြင်းဖြင့် ကလေး ဦးရေပြား ယားယံတာ၊ ကြမ်းတမ်းတာမျိုး မဖြစ်စေနိုင်ပါဘူး။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/mild-shampoo#mild-baby-shampoo (March 29, 2020)

ယခုပုံစံ

14/07/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Rebonding လုပ်ထားတဲ့ ဆံသားအတွက် ဒီအချက်တွေမလုပ်မိဖို့ သတိထားပါ

ကလေးဆံသားကို ထိန်းသိမ်းပေးနိုင်မယ့်နည်းလမ်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement