မုတ်သုံကာလက ကျန်းမာရေး ပြဿနာ တော်တော်များများကို မုတ်သုံရဲ့ မိုးစက်တွေနဲ့အတူ ယူဆောင်လာတတ်ကြပါတယ်။ အအေးမိ၊ တုပ်ကွေး၊ အရေပြားပြဿနာ၊ မျက်လုံးကျန်းမာရေးပြဿနာတွေပေါ့။ အကြောင်းကတော့ မိုးရာသီရဲ့ ပတ်ဝန်းကျင်လေထုထဲမှာ စိုထိုင်းဆ များပြီး ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေက လေထုထဲမှာ အချိန်ကြာမြင့်စွာ ရှင်သန်နေနိုင်တာကြောင့်ပါ။ မုတ်သုံမှာ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့အတွက် အချိန်တိုင်းမှာ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒါကြောင့် မုတ်သုံမှာ ကျန်းမာစေဖို့ ကျန်းမာခြင်းရဲ့ အခြေခံအကျဆုံး နည်းလမ်းဖြစ်တဲ့ သန့်ရှင်းရေး ကျန်းမာစေဖို့အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
မုတ်သုံမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာများ
မိုးလေးဖွဲဖွဲနဲ့ အေးမြစိုစွတ်တဲ့ မုတ်သုံမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေကတော့
- အအေးမိတာ
- တုပ်ကွေး
- နှာစေး
- ချောင်းဆိုး
- လည်ချောင်းနာ
- အရေပြားပြဿနာ
- မျက်လုံးနာတာ
- ခြေသည်းလက်သည်း မှိုစွဲတာ
- ဝမ်းပျက်ဝမ်းလျှော
- Covid-19 စတာတွေပါ။
မုတ်သုံမှာ ကျန်းမာစေဖို့ လိုက်နာရမယ့် သန့်ရှင်းရေး အလေ့အထများ
မုတ်သုံမှာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ လိုက်နာရမယ့် သန့်ရှင်းရေး အလေ့အထလေးတွေ ရှိပါတယ်။ ဒီအလေ့အထတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
- လက်ဆေးပါ
လက်ဆေးတာက ရောဂါတော်တော်များများကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။ အကြောင်းကတော့ လက်တွေက အရာဝတ္ထုတွေနဲ့ နေရာများစွာကို ထိတွေ့ ကိုင်တွယ်နေရပြီး ရောဂါပိုး များစွာ ကပ်ညှိနေနိုင်တာကြောင့်ပါ။ ဒီရောဂါပိုးတွေ ပေကျံနေတဲ့ လက်တွေနဲ့ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းစတာတွေကို ကိုင်တွယ်ထိတွေ့မိတဲ့အခါ ရောဂါတွေ ခံစားရတာပါ။
ဒါကြောင့် အပြင်က ပြန်လာတိုင်း၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း၊ ရေအိမ်က အဆင်းနဲ့ အစားမစားခင်အချိန်တွေမှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာ သန့်စင်ဆေးကြောပါ။
- အသုံးအဆောင်တွေကို သန့်ရှင်းအောင် ထားပါ
တစ်နေ့တာမှာ အသုံးပြုမယ့် အသုံးအဆောင်တွေကို သန့်ရှင်းအောင် ဂရုစိုက်ပါ။ ညစ်ပေနေတာမျိုးရှိမယ်ဆိုရင် သေချာ သန့်စင်ဆေးကြောပါ။ သောက်ရေခွက်၊ ပန်းကန်ခွက်ယောက်တွေ မသန့်ရှင်းတာကလည်း ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်သလို အသည်းရောင်ရောဂါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသုံးအဆောင်တွေကို သန့်ရှင်းအောင် ထားပါ။
- ပိုးသတ်ပါ
နေ့စဉ်ထိတွေ့နေရတဲ့ မျက်နှာပြင်တွေ၊ အိမ်ခန်းကြမ်းပြင် စတာတွေကို ပိုးသတ်ပါ။ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေ ရှိနေမယ်ဆိုရင် အအေးမိတာ၊ ရာသီတုပ်ကွေးနဲ့ အရေပြား ပြဿနာတွေကို ဖြစ်စေနိုင်လို့ပါ။
- ပုံမှန် ရေချိုးပါ
ခန္ဓာကိုယ်မှာ ကပ်တွယ်နေနိုင်တဲ့ မမြင်ရတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကြောင့် ကျန်းမာရေး ထိခိုက်တာမျိုး မဖြစ်စေဖို့နဲ့ ကြွက်သားတွေ ပြေလျော့ပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ မိုးရာသီမှာ ပုံမှန်ရေချိုးပေးပါ။ ရေနွေးနဲ့ဖြစ်ဖြစ်၊ ရိုးရိုးရေနဲ့ ဖြစ်ဖြစ် နေ့စဉ်ရေချိုးပြီး သန့်ရှင်းအောင် နေသင့်ပါတယ်။
- အဝတ်တွေကို မီးပူတိုက်ဝတ်ပါ
အဝတ်တွေကို အချိန်တိုင်းမှာ မီးပူတိုက်သင့်တယ်ဆိုပေမယ့် မိုးရာသီမှာ ပိုပြီး တိုက်သင့်ပါတယ်။ ဒါမှ အဝတ်အစားတွေ စိုထိုင်းဆကင်းပြီး ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေ ကင်းမှာပါ။ အရေပြားပြဿနာတွေ ကင်းပြီး မုတ်သုံမှာ ကျန်းမာချင်တယ်ဆိုရင် အဝတ်အစားတွေကို မီးပူတိုက်ပြီးမှ ဝတ်ပါ။
- ခြင်မကိုက်အောင် ဂရုစိုက်ပါ
မိုးရာသီမှာ ခြင်တွေပေါက်ဖွားမှုနှုန်း မြင့်သလို သွေးလွန်တုပ်ကွေး အပါအဝင် ခြင်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာ တော်တော်များများကို ခံစားကြရပါတယ်။ ဒါကြောင့် မိုးရာသီမှာ ခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ။ နေအိမ်ကို သန့်ရှင်းအောင် ထားပြီး ခြင်ပုန်းခိုမနေအောင် သတိထားပေးပါ။
- သန့်ရှင်းမှု အားနည်းတဲ့ အစာနဲ့ ရေကို ရှောင်ပါ
မိုးရာသီမှာ အပြင်စာတွေ စားတာကို လျှော့ပါ။ ရေကိုလည်း သန့်ရှင်းမှု သေချာလေး ဂရုစိုက်ပါ။ ရေသန့်ရှင်းမှုကို စိတ်မချရဘူးဆိုရင် ရေကို ကျိုချက်ပြီး သောက်ပါ။ ဒီလို လုပ်တာက အသည်းရောင်အသားဝါ ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောတာတွေကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။
ပူပူနွေးနွေးချက်ပြုတ်ထားတဲ့ အိမ်ချက် အစားအစာတွေကိုပဲ စားပေးပါ။ အသီးအရွက်တွေကိုလည်း သေချာ ဆားရေစိမ်ပြီး ဆေးကြောပေးပါ။
သတင်းစကား
[embed-health-tool-bmi]