home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ချက်ပြည်ယို ရတဲ့ အကြောင်းရင်း

ချက်ပြည်ယို ရတဲ့ အကြောင်းရင်း

ချက်ဆိုတာက အတွင်းထဲကို ချိုင့်ဝင်နေတာကြောင့် ချေးတွေ၊ ဆဲလ်သေတွေ အလွယ်တကူ စုဝေးနိုင်ပါတယ်။ ဒါ့ပြင် ဘက်တီးရီးယားပေါင်း များစွာကလည်း ခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့်လည်း ချက်က အနံ့တစ်မျိုး ထွက်နေတာပါ။ ဒီလို မသန့်တဲ့နေရာ ဖြစ်တဲ့အတွက် ပိုးဝင်ဖို့လည်း လွယ်ကူပါတယ်။ ဒီလိုနဲ့ ချက်ပြည်ယို တဲ့ ပြဿနာ ဖြစ်လာပါတယ်။

ချက်ပြည်ယို ရတဲ့ အကြောင်းရင်း

ချက်ပြည်ယိုစေတဲ့ အကြောင်းရင်းက အဓိက ၃ခုရှိပါတယ်။

  • ပိုးဝင်တာ

လေ့လာချက်တစ်ခုအရ ချက်မှာ ဘက်တီးရီးယားပေါင်း ၆၇မျိုးလောက် ရှိနေပါတယ်တဲ့။ ဒီထဲမှာ ကောင်းကျိုးပြု ဘက်တီးရီးယားတွေရော၊ တခြားဘက်တီးရီးယားတွေရော ပါပါတယ်။ ချက်မှာ ပိုးဝင်တဲ့အခါ ဘက်တီးရီးယား ဒါမှမဟုတ် မှိုပိုးဆိုပြီး ၂မျိုး ဖြစ်နိုင်ပါတယ်။

သာမန်လူကောင်းတစ်ယောက်အနေနဲ့ ပိုးဝင်ဖို့ ဆိုရင်တော့ ချက်မှာ တစ်ခုခု ဖောက်ထားလို့ ဖြစ်နိုင်ပါတယ်။ နားကပ်ဝတ်သလိုမျိုး တချို့က ချက်မှာ အပေါက်ဖောက်ပြီး ဝတ်လေ့ရှိပါတယ်။ ဖောက်ထားတဲ့ နေရာကနေ ပိုးတွေက အရေပြားအောက်ကို ဝင်သွားလို့ပဲ ဖြစ်ပါတယ်။

ဘက်တီးရီးယားကြောင့်ဆိုရင်တော့ အဝါရောင်၊ အစိမ်းရောင် ပြည်တွေ ထွက်ပြီး အနံ့လည်း ဆိုးပါတယ်။ ချက်တစ်ဝိုက်မှာ နာတာ၊ ရောင်တာလည်း ဖြစ်တတ်ပါတယ်။

မှိုပိုးထဲမှာဆိုရင်တော့ Candidaက အဖြစ်အများဆုံးပါပဲ။ အဖြူရောင် ပြည်အပျစ်တွေ ထွက်တတ်ပြီး ချက်တစ်ဝိုက်မှာ ယားပြီး ရဲတတ်ပါတယ်။ ခုခံအားကျတဲ့သူ၊ ဆီးချိုရောဂါရှိသူတွေမှာ တွေ့ရတတ်ပါတယ်။

ဒါကတော့ အကြမ်းဖျင်း ခွဲတာပါ။ ပိုသေချာချင်ရင် ဆေးစစ်ရမှာပါ။

  • ဝမ်းဗိုက်ခွဲစိတ်မှု လုပ်ထားတာ

မကြာခင်ကမှ ဝမ်းဗိုက်ခွဲစိတ်မှု လုပ်ထားပြီး ချက်က ပြည်ယိုနေတယ်ဆိုရင်တော့ ဝမ်းဗိုက်အတွင်းထဲမှာ ပိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။ ခွဲပေးတဲ့ ဆရာဝန်နဲ့ ပြန်ပြသင့်ပါတယ်။

  • အရည်အိတ်

အရည်အိတ်မှာဆိုရင် ဖြစ်နိုင်တာ ၂ခုရှိပါတယ်။ ပထမတစ်ခုက

Urachal cystပါ။

Urachusဆိုတာ သန္ဓေသားဘဝမှာတုန်းက ကလေးချက်ကြိုးနဲ့ ဆီးအိမ်နဲ့ကို ဆက်ထားပေးတဲ့ ပြွန်လေးပါ။ မွေးခါနီးရင် အလိုလိုပိတ်သွားရပါတယ်။ မပိတ်ဘဲ ကျန်ခဲ့ရင် အရည်အိတ်ဖြစ်သွားပါတယ်။ ဒီအရည်အိတ်ကနေ ပိုးဝင်သွားရင် ချက်ပြည်ယိုတာ ဖြစ်တတ်ပါတယ်။

-နောက်တစ်ခုကတော့ Epidermoid cyst ပါ။

သူ့ထဲမှာ အရေပြား၊ ဆံပင်တို့မှာ တွေ့ရတဲ့ keratinဆိုတဲ့ ပရိုတင်းလေး ပါပါတယ်။ ဒီအရည်အိတ်လေးကလည်း ပိုးဝင်သွားခဲ့ရင် ပြည်လိုမျိုး ခပ်ဝါဝါ အနံ့ဆိုးတဲ့ အရည်တွေ ထွက်လာနိုင်ပါတယ်။ အရည်အိတ်လည်း ရောင်ရမ်းနိုင်ပါတယ်။

ချက်ပြည်ယို တာနဲ့အတူ တွဲတွေ့ရတတ်တဲ့ လက္ခဏာများ

အများစုက ပိုးဝင်တာကြောင့် ဖြစ်တဲ့အတွက် ချက်ပြည်ယိုတာအပြင်

  • ဖျားတာ
  • ဆီးသွားရခက်တာ၊ ဆီးပူဆီးကျဉ်တာ
  • ဝမ်းဗိုက်ကြွက်သားတွေ နာတာ
  • ချက်တစ်ဝိုက် နီရဲနေတာ
  • ချက်ပတ်လည်မှာ နာနေတာ စတာတွေ ခံစားရနိုင်ပါတယ်။

ဒီလိုအခြေအနေတွေက ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေတွေပါပဲ။

ချက်ပြည်ယို တာကို ကုသလို့ရနိုင်သလား။

ချက်ပြည်ယိုရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ကုသနည်းတွေ ကွဲပြားနိုင်ပါတယ်။

  • ပိုးဝင်တာကြောင့်ဆိုရင်

ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေကြောင့်ဆိုရင် သက်ဆိုင်ရာ လိမ်းဆေး၊ သောက်ဆေးတွေ လိုနိုင်ပါတယ်။ လိုအပ်ရင် ပိုးမွေးပြီး တိကျတဲ့ ပိုးသတ်ဆေးကို ပေးရမှာပါ။ ဆီးချိုရှိတဲ့သူတွေဆိုရင်လည်း သွေးတွင်းသကြားဓာတ်ကို ထိန်းထားရမှာပါ။ ဆီးချိုတွေတက်နေရင် ပိုးတွေက ပိုပွားနိုင်ပါတယ်။

  • အရည်အိတ် ပိုးဝင်တာ

အရည်အိတ်ပိုးဝင်တာဆိုရင်တော့ အရည်အိတ်ကိုရော၊ ပိုးဝင်တာကိုရော ကုရမှာပါ။ အရည်အိတ်ကို ခွဲစိတ်မှု လုပ်ပြီး ဖယ်ကောင်း ဖယ်ရနိုင်ပါတယ်။ အရည်အိတ် ရှိနေသရွေ့ ပိုးပြန်ပြန်ဝင်ပြီး ပြည်ပြန်ပြန်တည်နိုင်လို့ပါပဲ။

ချက်ပြည်ယိုတာကို ဘယ်လို ကာကွယ်ကြမလဲ။

ချက်ကနေ ပိုးဝင်တာ၊ ပြည်ယိုတာက ကာကွယ်လို့ရတဲ့ အခြေအနေတစ်ခုပါ။

  • ရေချိုးတိုင်းမှာ ချက်ကို သေချာ သန့်ရှင်းရေး လုပ်ပေးပါ။
  • ပြီးရင် ရေခြောက်အောင် သုတ်ပါ။ ပိုးတွေ၊ မှိုတွေက စိုစွတ်တာကို ကြိုက်ပါတယ်။
  • ချက်ထဲကို နှိုက်တာ၊ ကလော်တာတွေကို ရှောင်ပါ။
  • ဗိုက်ကို စည်းထားတဲ့ အဝတ်အစားကျပ်ကျပ်တွေကို ရှောင်ပါ။
  • ချွေးစုပ်ပြီး ပွချောင်တဲ့ အဝတ်အစားတွေကို ဝတ်ပါ။
  • ခန္ဓာကိုယ်မှာ လိမ်းတဲ့ အစိုဓာတ်ထိန်းကရင်မ်တွေ၊ ကရင်မ်တွေကို ချက်ထဲ မထည့်ပါနဲ့။ ဆရာဝန်ညွှန်ကြားမှု မရှိဘဲ ချက်ထဲကို ဘာမှမထည့်ပါနဲ့။
  • ချက်မှာ အပေါက်ဖောက်ထားတဲ့သူတွေက သူများထက် ပိုးဝင်လွယ်တာကြောင့် ချက်မှာ ဝတ်တဲ့ အသုံးအဆောင်တွေကို မကြာခဏဖြုတ်ပြီး သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 29/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။