နှာခေါင်းထဲက ပူခနဲဖြစ်သွားတယ်။ဟော နှာခေါင်းသွေးတွေလျှံလာတာပဲ။ ငါ့မှာရောဂါတစ်ခုခုများဖြစ်နေတာလား၊ ရုပ်ရှင်တွေထဲကလိုများဖြစ်နေပြီလားလို့တွေးနေလား။ နှာခေါင်းသွေးလျှံ တာက ရောဂါရှိလို့ချည်း ဖြစ်တတ်တာတော့ မဟုတ်ပါဘူး။
နှာခေါင်းသွေးလျှံခြင်း
နှာခေါင်းသွေးလျှံခြင်းဆိုတာက နှာခေါင်းထဲမှာရှိနေတဲ့ သွေးကြောကနေ သွေးထွက်လာခြင်းပါ။ နှာခေါင်းက ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သွေးကြောတော်တော်များများကလည်း နှာခေါင်းအတွင်းမှာရှိနေပါတယ်။ ဒါကြောင့် နှာခေါင်းထဲက သွေးကြောတစ်ခုခုကို ထိခိုက်မိတဲ့အခါမှာ နှာခေါင်းသွေးလျှံလာတာပါ။
နှာခေါင်းသွေးလျှံ တာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက
- နှာခေါင်းတွင်း အမြှေးပါးခြောက်သွေ့နေတာ၊
- နှာခေါင်းထဲမှာ အနာရှိနေတာကြောင့် နှာခေါင်းနှိုက်ရင်းထိမိတာ၊
- နှာခေါင်းကို မတော်တဆထိခိုက်မိတာ
နှာခေါင်းသွေးလျှံတာကို သက်သာအောင်ပြုစုနည်း
ခါးမတ်မတ်လေးထိုင်ပြီးခေါင်းကို အောက်နည်းနည်းစိုက်ထားပါ – ဒီလိုလုပ်ပေးတာက နှာခေါင်းတွင်းက သွေးကြောတွေပေါ်မှာ သွေးဖိအားသက်ရောက်မှုကို ကျဆင်းစေနိုင်ပါတယ်။ ဒီလိုလုပ်ပေမယ့် သွေးကမတိတ်သွားဘူးဆိုရင်တော့ ရှေ့ကိုနည်းနည်းကိုင်းပြီး ထိုင်လိုက်ပါ။ ဒါမှ သွေးတွေကို မျိုချမိတာမျိုးမဖြစ်မှာပါ။ သွေးတွေကို မျိုချမိတဲ့အခါ မအီမသာဖြစ်တာ၊အော့အန်တာတွေဖြစ်စေနိုင်တာကြောင့်ပါ။
နှာခေါင်းကို လက်ချောင်းလေးတွေသုံးပြီး ဖိထားပေးပါ – နှာခေါင်းသွေးကျတာ သက်သာစေဖို့အတွက် နှာခေါင်းရိုးကို လက်မနဲ့လက်ညှိုးသုံးပြီး ဖိထားပေးပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်အထိ နှာရိုးကို ဖိထားပေးပါ။ ဒီလိုလုပ်ပေးတာက နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်ပါတယ်။
ပါးစပ်နဲ့ အသက်ရှူပါ – နှာခေါင်းသွေးလျှံတဲ့အခါ နှာခေါင်းကနေ အသက်ရှူတာမျိုးမလုပ်ဘဲ ပါးစပ်ကနေတဆင့်ပဲ အသက်ရှူပေးပါ။
ရင်ဘတ်ကို ချောင်ချောင်ချိချိထားပေးပါ – နှာခေါင်းသွေးလျှံတဲ့အခါ သက်သောင့်သက်သာဖြစ်အောင် ငြိမ်ငြိမ်လေးထိုင်ခိုင်းပါ။ သတိထားရမယ့် နောက်တစ်ချက်က ရင်ဘတ်မှာ အင်္ကျီတွေ တင်းကျပ်မနေစေဖို့ပါ။
ခေါင်းအရမ်းမငုံ့ထားပါနဲ့ – နှာခေါင်းသွေးလျှံတဲ့အခါ ခေါင်းကို တအားစိုက်ထားတာမျိုးမလုပ်ပါနဲ့။ မလိုအပ်ဘဲ သွေးထွက်များစေနိုင်တာကြောင့်ပါ။ နှာခေါင်းသွေးလျှံနေတုန်းမှာ လှဲမအိပ်မိဖို့လည်း သတိထားရပါမယ်။
ရေအေးအေးလေးနဲ့ သန့်စင်ဆေးကြောပေးပါ – နှာခေါင်းသွေးလျှံတဲ့အခါ နှာခေါင်းကို ရေအေးအေးသန့်သန့်လေးနဲ့ ဆေးကြောပေးလိုက်ပါ။ နှာခေါင်းထဲမှာသွေးခဲတွေရှိရင် ဖယ်ရှားပေးနိုင်ပြီး သွေးတိတ်ဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ ဒါပေမယ့် နှာခေါင်းထဲကို နှိုက်ဆေးတာမျိုးကိုတော့ မလုပ်ရပါဘူး။
ရေခဲကပ်ပေးပါ – နှာခေါင်းနဲ့ ပါးတဝိုက်ကို တဘက်စသန့်သန့်လေးထဲမှာ ရေခဲထည့်ပြီး ကပ်ပေးပါ။ ဒါကလည်းသွေးတိတ်စေဖို့ အထောက်အပံ့ဖြစ်စေမှာပါ။
ဒီလိုအခြေအနေဖြစ်ရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်
- မိနစ် ၃၀ကျော်ကြာတဲ့အထိ သွေးမတိတ်ဘူးဆိုရင်
- ခေါင်းထဲမှာ မူးနောက်နောက်ဖြစ်နေမယ်ဆိုရင်
- နှာခေါင်းသွေးက ရုတ်တရက်လျှံလာတာ
- ချော်လဲတာကြောင့် ခေါင်းကိုထိခိုက်မိပြီး နှာခေါင်းသွေးလျှံတာ
- မျက်နှာကို အထိုးခံရတာကြောင့် နှာခေါင်းသွေးလျှံ လာတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။
[embed-health-tool-bmi]