backup og meta

ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ရင် ဂရုစိုက်ရမယ့်အချက်များ

ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ရင် ဂရုစိုက်ရမယ့်အချက်များ
ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းကိုမဆို ထိခိုက်မှုဖြစ်နိုင်ပါတယ်။ အခုတစ်ခေါက်တော့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဦးခေါင်းကို ထိခိုက်မိတဲ့အခါ ဘယ်လိုသတိထားလုပ်ဆောင်မှုတွေ လုပ်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။ ဦးခေါင်းကို ထိခိုက်မိတဲ့အခါပြင်းထန်တဲ့ ထိခိုက်မှုတွေရှိနိုင်သလို အသေးစားထိခိုက်မှုတွေရှိနိုင်ပါတယ်။ ထိခိုက်မှုအတိုင်းအတာပေါ်မှာလိုက်ပြီး ကုသရပုံချင်းကလည်း ကွာခြားနိုင်ပါတယ်။
ဦးခေါင်းကိုထိခိုက်မိတိုင်းဆေးခန်းကိုသွားပြဖို့မလိုပါဘူး။ သိပ်မပြင်းထန်တဲ့ အချို့သော ဦးခေါင်းထိခိုက်မှုတွေကိုနေအိမ်မှာတင် ကုသပေးလို့ရပါတယ်။ တကယ်လို့ ပြင်းထန်တဲ့ထိခိုက်မှုတွေဖြစ်တဲ့အခါမှာလည်း ဆေးရုံဆေးခန်းကိုမသွားသေးခင် အရင်ဆုံး ကိုယ်တိုင်ကုသစောင့်ရှောက်မှုလုပ်ဆောင်ပေးဖို့လိုတာမျိုးလည်းရှိပါလိမ့်မယ်။ ဒီလိုအခြေအနေမှာ အခုပြောပြမယ့် အချက်လေးတွေက အသုံးဝင်မှာပါ။

ဒီအနေအထားတွေကြောင့် ဦးခေါင်းမှာထိခိုက်ဒဏ်ရာရနိုင်ပါတယ်

  • နေအိမ်မှာ မတော်တဆဖြစ်တာ
  • အလုပ်ခွင်မှာ မတော်တဆထိခိုက်တာ
  • သွားရင်းလာရင်း မတော်တဆထိခိုက်မိတာ
  • ကစားရင်းထိခိုက်မိတာ
  • အားကစားလုပ်ရင်းထိခိုက်မိတာ
  • ချော်လဲတာ
  • အမြင့်ကနေပြုတ်ကျတာ
  • ထိုးကြိတ် ရိုက်နှက်ခံရတာ
  • ယာဉ်မတော်တဆဖြစ်တာတွေကြောင့် ဦးခေါင်းမှာထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။

ဦးခေါင်းထိခိုက်မိတဲ့အခါ ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်

အသေးစားထိခိုက်မိတာကတော့ နာကျင်မှုဖြစ်တာက လွဲလို့ အခြား လက္ခဏာတွေ တွေ့ရခဲပါတယ်။ သိသိသာသာမြင်ရနိုင်တာက ထိခိုက်မိတဲ့နေရာက အရေပြားရောင်ရမ်းတာ၊ ဖုလာတာလောက်ပဲတွေ့ရနိုင်ပါတယ်။နောက်ထပ်တွေ့ရနိုင်တဲ့ လက္ခဏာအချို့က –

  • ခေါင်းနည်းနည်းကိုက်တာ
  • ဖျားချင်သလိုလိုဖြစ်တာ
  • မအီမသာဖြစ်တာ
  • ခေါင်းထဲကနောက်ကျိကျိဖြစ်နေတာ
  • အမြင်အာရုံတွေဝေဝါးနေတာမျိုးခံစားရနိုင်ပါတယ်။

အရမ်းပြင်းထန်မယ်ဆိုရင်တော့ –

  • ဦးခေါင်းနဲ့ မျက်နှာအစိတ်အပိုင်းတွေကနေသွေးထွက်နေမယ်
  • နှာခေါင်းနဲ့ နားရွက်တို့ကနေသွေး ဒါမှမဟုတ် အရည်တွေထွက်နေမယ်
  • ခေါင်းအရမ်းကိုက်နေမယ်
  • မျက်လုံးအောက်ဘက်နဲ့ နားနောက်ဘက်တွေမှာပြာနှမ်းလာမယ်
  • အသက်ရှူတာ တစ်ချက်တစ်ချက်ရပ်သွားမယ်
  • စိတ်ရှုပ်ထွေးနေမယ်
  • ဟန်ချက်မထိန်းနိုင်ဖြစ်မယ်
  • လက်တွေခြေတွေထဲမှာ အားမရှိသလိုဖြစ်လာမယ်
  • သားငယ်အိမ်အရွယ်အစား မညီမညာဖြစ်လာမယ်
  • စကားပြောတဲ့အခါ ဗလုံးဗထွေးဖြစ်လာမယ်
  • တက်မယ်

ဒီလက္ခဏာတွေက လူကြီးတွေမှာ အများဆုံးခံစားရနိုင်ပါတယ်။ ကလေးတွေမှာဆိုရင်တော့ –

  • အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေမပြနိုင်ပါဘူး
  • တစ်ချိန်လုံးငိုနေမယ်
  • အစားတစ်ခုခုကျွေးတိုင်း မစားဘဲနေမယ်
  • ဦးခေါင်းအရှေ့ဘက်ပိုင်း အရေပြားပျော့တဲ့နေရာမှာ ဖုလိုမျိုးဖောင်းနေမယ်
  • ခဏခဏအန်နေမယ်။

အသေးစားဦးခေါင်းထိခိုက်ဒဏ်ရာရတဲ့အခါ

  • ထိခိုက်မိတဲ့နေရာကို ဆပ်ပြာခပ်ပျော့ပျော့နဲ့ရေကို သုံးပြီး သန့်စင်ပေးပါ။
  • သွေးတိတ်စေဖို့အတွက် ပိုးသတ်ထားတဲ့ ပတ်တီးစကို ခပ်ထူထူလေးခေါက်ပြီး ဒဏ်ရာပေါ်မှာ ၁၀ မိနစ်လောက်ဖိထားပေးပါ။
  • ရေခဲကို တဘက်စသန့်သန့်ထဲမှာ ထည့်ထုတ်ပြီး ထိခိုက်မိတဲ့နေရာကို မိနစ်လောက် ကပ်ပေးပါ။ တစ်နာရီခြားတစ်ခါ လောက်ကပ်ပေးပါ။ ရောင်ရမ်းနာကျင်မှုကို သက်သာစေမှာပါ။

ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ ဒါတွေမလုပ်ပါနဲ့

  • ဦးခေါင်းမှာရတဲ့ ထိခိုက်ဒဏ်ရာက အရမ်းနက်ပြီး သွေးတအားထွက်နေတယ်ဆိုရင် အနာကို သန့်စင်ဆေးကြောတာမျိုးမလုပ်ပါနဲ့။
  • အနာကိုထိခိုက်မိစေတဲ့အရာကို အနာပေါ်ကနေ ဖယ်ရှားတာမျိုး မလုပ်ပါနဲ့။
  • မလိုအပ်ဘဲ လူနာကိုနေရာရွှေ့ပြောင်းတာမျိုးမလုပ်ပါနဲ့။
  • လူနာကို လှုပ်နှိုးတာမျိုးမလုပ်ပါနဲ့။
  • ခေါင်းထိခိုက်မိပြီး ၄၈ နာရီအတွင်း အယ်လ်ကိုဟောနဲ့ အယ်လ်ကိုဟောပါဝင်တဲ့သောက်စရာတွေကို မသောက်ပါနဲ့။
  • ခေါင်းထိခိုက်ထားတဲ့သူကို ကားပေးမမောင်းပါနဲ့။
  • ခေါင်းထိခိုက်ထားတဲ့သူကို ထိခိုက်မိပြီး ၂၄ နာရီအတွင်း တစ်ယောက်တည်းမထားပါနဲ့။
  • တစ်နေ့တာလုံး တိတ်ဆိတ်စွာ နားနေခွင့်ပေးပါ။
  • ခေါင်းထိခိုက်ထားတဲ့သူကို ထိခိုက်မိပြီး ၄၈ နာရီအတွင်း အားကစားပေးလုပ်တာ၊ အာရုံစိုက်ရတဲ့အလုပ်တွေပေးလုပ်တာမျိုးကိုရှောင်ကြဉ်ပါ။

ထိခိုက်မိတဲ့ ဒဏ်ရာကပြင်းထန်မယ်ဆိုရင်တော့ဆေးရုံတက်ရောက်ပြီး ကုသမှုခံယူရနိုင်ပါတယ်။ လိုအပ်ရင်ခွဲစိတ်မှုခံယူရတာနဲ့ ရေရှည်ဆေးကုသမှုခံယူရတာမျိုးတွေရှိနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Head injury – first aidhttps://medlineplus.gov/ency/article/000028.htm Accessed Date 9 August 2018

Head Injuries – what to dohttps://firstaidforlife.org.uk/head-injuries-what-to-do/Accessed Date 9 August 2018

Head trauma: First aidhttps://www.mayoclinic.org/first-aid/first-aid-head-trauma/basics/art-20056626Accessed Date 9 August 2018

Head injury – first aidhttp://owensborohealthse3.adam.com/content.aspx?productId=117&pid=1&gid=000028 Accessed Date 9 August 2018

ယခုပုံစံ

25/08/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုဝေဒနာရှင်တွေမှာ ထိခိုက်ဒဏ်ရာရခဲ့ရင်

Cranial Ultrasound (ဦးခေါင်းခွံ အာထရာဆောင်း ရိုက်ခြင်း)



Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement