backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ပေါ်လီဖီနော (Polyphenol) အကြောင်း သိကောင်းစရာ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


29/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပေါ်လီဖီနော (Polyphenol) အကြောင်း သိကောင်းစရာ

ပေါ်လီဖီနောဆိုတာကတော့ အပင်တွေမှာ သဘာဝအလျောက်တွေ့ရတဲ့ ဓာတုပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ပေါ်လီဖီနောအမျိုးကွဲပေါင်း ငါးရာကျော်ခန့်ရှိမယ်လို့လည်း ခန့်မှန်းကြပါတယ်။ အဓိကအားဖြင့် ပေါ်လီဖီနောကို အုပ်စုကြီး ၄စုခွဲခြားပါတယ်။ ၎င်းတို့ကတော့

– ဖလေဗာနွိုက် (Flavonoid)

– ဖီနောလစ်အက်ဆစ် (Phenolic Acids)

– စတေလ်ဘင်းစ် (Stilbenes)

– လစ်ဂ်နန် (Lignans) စတာတွေပဲ ဖြစ်ပါတယ်။

ဘယ်အစားအစာတွေမှာ ပေါ်လီဖီနောအများဆုံးပါဝင်သလဲ၊ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲဆိုတာ ဆက်လက်ဖော်ပြသွားပါမယ်။

ပေါ်လီဖီနောပါဝင်မှုများတဲ့ အစားအစာတွေကတော့

– အသီးအနှံများ။ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး၊ ဂရိတ်ဖရု၊ ချယ်ရီ၊ ဘလူးဘယ်ရီ၊ သလဲသီး၊ မက်မွန်သီး၊ ဆီးသီး၊ စတော်ဘယ်ရီ၊ တရုတ်ဆီးသီး

ဟင်းသီးဟင်းရွက်များ။ ဟင်းနုနွယ်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပန်းပွင့်စိမ်း၊ ကညွတ်၊ မုန်လာဥနီ

– အစေ့အဆန်၊ အခွံမာသီးများ။ ပဲပိစပ်လှော်၊ ပဲကြီး၊ ပဲကတ္တီပါ သစ်ချသီး၊ သစ်အယ်သီး၊ နှမ်းကြတ်စေ့

– အဖျော်ယမကာ။ လက်ဖက်ရည်၊ ကော်ဖီ၊ ဝိုင်နီ

– ဟင်းခတ်အမွှေးအကြိုင်များ။ ကိုကိုးမှုန့်၊ ကုံကမံ၊ ကရဝေး၊ ငရုတ်ကောင်း၊ တရုတ်နံနံ၊ ပင်စိမ်း၊ ဇီရာ၊ သစ်ကြမ်းပိုး၊ နာနတ်ပွင့်

စတာတွေ ဖြစ်ပါတယ်။

ပေါ်လီဖီနောရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ပေါ်လီဖီနောရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများဟာ သူ့ရဲ့ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ဆက်စပ်နေပါတယ်။ တစ်နည်းအားဖြင့် ကိုယ်ခန္ဓာရဲ့ဆဲလ်တွေ ချို့ယွင်းပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မျိုးရိုးဗီဇဖွဲ့စည်းဖြစ်ပေါ်မှုအပေါ် သက်ရောက်မှုရှိပါတယ်။ အစာအိမ်အူလမ်းကြောင်း ဘက်တီးရီးယားများအပေါ်လည်း သက်ရောက်လွှမ်းမိုးမှုရှိပါတယ်။

အမျိုးအစား ၂ ဆီးချို

သုတေသီအချို့ရဲ့အဆိုအရ ပေါ်လီဖီနောဟာ အမျိုးအစား ၂ ဆီးချိုကို ဖြစ်နိုင်ခြေ လျော့စေနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ အင်ဆူလင်အာရုံခံနိုင်စွမ်းကို မြင့်တက်စေပြီး အစာခြေပြီး သကြားဓာတ်စုပ်ယူနှုန်းကို နှေးကွေးစေပါတယ်။ ပေါ်လီဖီနော အမျိုးအစားတမျိုးဖြစ်တဲ့ ဖလေဗာနွိုက်ကြောင့် ဖြစ်ပါတယ်။

ရောင်ရမ်းခြင်း

သုတေသနအချို့အရ ပေါ်လီဖီနောဟာ ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ ဒါဟာ ပေါ်လီဖီနောအမျိုးအစားတစ်မျိုးဖြစ်တဲ့ လစ်ဂ်နန်ကြောင့်ဖြစ်ပြီး သံလွင်ဆီ၊ နှမ်းကြတ်စေ့ စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ရောင်ရမ်းခြင်းနဲ့ ဆက်စပ်နေတဲ့ နှလုံးရောဂါ၊ ကင်ဆာ စတာတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။

နှလုံးရောဂါ

ပေါ်လီဖီနောဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ မကောင်းတဲ့ LDL ကိုလက်စထရောကို လျော့ကျစေပြီး အကျိုးပြု HDL ကိုလက်စထရောကို မြင့်တက်စေတာကြောင့် နှလုံးနဲ့သွေးကြောစနစ်အတွက် အကျိုးပြုပြီး သွေးပေါင်ချိန်ကို သိသိသာသာ လျော့နည်းစေပါတယ်။

အဝလွန်ခြင်းကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ ပေါ်လီဖီနောဟာ အရေးကြီးပါတယ်။ သုတေသနအချို့အရ ပေါ်လီဖီနောအမျိုးအစားတမျိုးဖြစ်တဲ့ ဖလာဗိုနွိုက်ဟာ ခန္ဓာကိုယ်ထုထည်ညွှန်ကိန်း BMI နဲ့ ခါးအတိုင်းအတာကို လျှော့ချရာမှာ အရေးကြီးတဲ့ကဏ္ဍက ပါဝင်တယ်လို့ သိရပါတယ်။ အဝလွန်ခြင်းကို ထိန်းသိမ်းနိုင်ရင် ကျန်တဲ့ နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။

ဘေးထွက်ဆိုးကျိုး ဘာတွေရှိသလဲ

ပေါ်လီဖီနောမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာနိသင်တွေရှိပေမယ့် ဘေးထွက်ဆိုးကျိုးအချို့လည်း ရှိနေပါတယ်။ ပေါ်လီဖီနောဓာတ်မတည့်ခြင်းလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကြွက်များနဲ့ စမ်းသပ်တဲ့ သုတေသနတစ်ခုမှာတော့ ပေါ်လီဖီနောကို အများအပြားစားသုံးရင် ကျောက်ကပ်ပျက်စီးနိုင်ခြေရှိကြောင်း ဖော်ပြထားပါတယ်။ သိုင်းရွိုက်ဟော်မုန်း ထွက်ရှိနှုန်းကိုလည်း အပြောင်းအလဲ ဖြစ်စေနိုင်တယ်လို့ စာစောင်တစ်ခုမှာ ဖော်ပြထားပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


29/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement