ကလေးတွေ ဖျားနြာပီဆိုရင် လူကြီးတွေ အရင်ဆုံးတိုက်ဖို့ သတိရမိတာ ဆန်ပြုတ်နဲ့ ကြက်စွပ်ပြုတ်ပါပဲ။ ကြက်သားကို အချိန်အကြာကြီး နူးနေအောင် ပြုတ်ပြီး ရလာတဲ့ အရည်ပူပူလေးဟာ အအေးမိတုပ်ကွေးအတွက်တော့ တကယ့် ဆေးစာတစ်လက်ပါပဲ။
အစာကြေလွယ်စေတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်တယ်။ အလွယ်တကူ ပြင်ဆင်ချက်ပြုတ်လို့ ရတယ်။ ရှေးယခင် နှစ်ပေါင်းများစွာကတည်းကနေ ယနေ့ခေတ်အထိ လူအများစုက ကြက်စွပ်ပြုတ်ကို အာဟာရဖြစ် ဆေးစာလို့ သတ်မှတ်ထားကြပါတယ်။
ဒါဆိုရင် ကြက်စွပ်ပြုတ်က အဖျားပျောက်ဆေး သက်သက်ပဲလား။ သူ့မှာရော တခြား ကိုယ်ခန္ဓါအတွက် အထူးကောင်းမွန်တဲ့ အာဟာရဓါတ်တွေ ပါဝင်နေမလဲ၊ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ဖြစ်စေနိုင်လဲဆိုတာ ပြောပြပေးမယ်နော်။
၁။ အူလမ်းကြောင်း ရှင်းပေးတယ်။ အစာကြေစေတယ်။
ကျန်းမာတဲ့ ခန္ဓါကိုယ်အတွက် အစာချေဖျက်ပေးနေတဲ့ အူလမ်းကြောင်း ကျန်းမာဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ်စားလိုက်တဲ့ မသန့်ရှင်းတဲ့ အစားအစာတွေ၊ အာဟာရမဖြစ်စေတဲ့ အရာတွေ၊ အဆိပ်အတောက်တွေဟာ အူလမ်းကြောင်းမှာ လာစုမိနေပြီး အချိန်ကြာလာတဲ့အခါ ဒဏ်ဖြစ်စေပါတယ်။ ကြက်စွပ်ပြုတ်ဟာ အူလမ်းကြောင်းကို သန့်စင်ပေးပြီး ကျန်းမာစေတယ်။ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေလည်း အများအပြားပါဝင်တယ်။ ဝါးစရာမလိုတဲ့အတွက် အစာကြေလွယ်စေနိုင်ပါတယ်။ ဝမ်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၂။ အရိုးအဆစ်နာကျင်တာကို သက်သာစေတယ်။
ကြက်စွပ်ပြုတ်မှာ ပါဝင်တဲ့ glycosaminoglycans လို့ ခေါ်တဲ့ (ဂလူကိုစမင်းလို့ လူသိများတဲ့) ဓါတ်ပေါင်း တစ်မျိုးဟာ အရိုးအဆစ်တွေ နာကျင်ပြီး ရောင်ရမ်းတာကို သက်သာစေပြီး ပြုပြင်ပေးနိုင်တယ်။ ကော်လဂျင်ဓါတ်တွေ ထုတ်လွှတ်တဲ့ နေရာမှာလည်း အထောက်အကူပေးနိုင်တယ်။ ဒါကြောင့် အသက်အရွယ်မရွေး အရိုးအဆစ်ကျန်းမာရေးအတွက် ကြက်စွပ်ပြုတ်ဟာ ဆေးစာ တစ်လက်ပါပဲ။
၃။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။
ကြက်စွပ်ပြုတ်မှာ ပါဝင်တဲ့ အာဟာရဓါတ်ပေါင်းအများစုဟာ ကိုယ်ခံအားစနစ်နဲ့ အစာခြေစနစ်ကို မြှင့်တင်ပေးနိုင်လို့ ကိုယ်ခန္ဓါထဲ ရောဂါတွေ အလွယ်တကူ မဝင်လာနိုင်အောင် တားဆီးပေးနိုင်တယ်။ ကိုယ်တွင်းမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အဆီပိုတွေကို ကျစေနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာ အလုပ်လုပ်စေဖို့ အထောက်အကူပေးနိုင်ပြီး ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။
၄။ အလှအပလိုက်စားသူတွေမှာလည်း အကျိုးထူးများစွာ ဖြစ်စေတယ်။
ကြက်စွပ်ပြုတ်ဟာ အသားအရေ၊ ဆံသား၊ ဦးရေပြားနဲ့ ခြေသည်း၊ လက်သည်းတွေကို အံ့သြဖွယ်ကောင်းလောက်အောင် ကျန်းမာစိုပြေလှပစေနိုင်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ကြက်စွပ်ပြုတ်မှာ အဓိကပါဝင်တဲ့ ကော်လဂျင် – collagen ဓါတ်ဟာ အသားအရေကို ဝင်းမွတ်တောက်ပစေတယ်။ ဦးရေပြားကို ကျန်းမာစေပြီး အားဖြစ်စေနိုင်တယ်။ အနာကျက်မြန်စေလို့ အလှအပကို ဂရုစိုက်သူတွေ၊ ဆီးချိုရောဂါရှင်တွေ၊ အားကစားလိုက်စားသူတွေအတွက် အကောင်းဆုံး အာဟာရအစားအစာတစ်မျိုး ဖြစ်ပါတယ်။
၅။ အရိုးကြီးထွားသန်စွမ်းစေတယ်။
ကြက်စွပ်ပြုတ်မှာ ကိုယ်ခန္ဓါကြီးထွားစေဖို့ အသားဓါတ်တွေ၊ အရိုးသန်မာစေဖို့ ကယ်လ်စီယမ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်နဲ့ ဖော့စဖရပ်စ်ဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေလို မဟုတ်ပဲ အရိုး၊ အသားတွေကို ဆူပွက်နေတဲ့ ရေထဲ ထည့်ပြုတ်လိုက်တဲ့အခါ နဂိုရှိပြီးသား အာဟာရဓါတ်တွေကို အရည်တွေက စုပ်ယူသွားနိုင်ပါတယ်။ ဒါကြောင့် အသားကို စားရသလိုပဲ ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး အာဟာရလည်း ရှိစေတာပါ။
၆။ အအေးမိတုပ်ကွေး၊ ဖျားနာဝေဒနာကိုလည်း အမြန်ဆုံးသက်သာစေတယ်။
ကြက်စွပ်ပြုတ်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေဟာ ကိုယ်ခံအားကို မြှင့်တင်ပေးလို့ အအေးမိဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာစေးနှာပိတ်ဖြစ်တာ၊ ကိုယ်လက်ကိုက်ခဲတာကို သက်သာစေပြီး ရောဂါကို အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့ ကူညီပေးနိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။